_____________________________

၁။ စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

——————————————————————————

မေ ၂၂

The Kaladan Post

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ မျောက်ချောကုန်းရွာတွင် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သိန်း တောင်းခံပြီး မပေးနိုင်သူများကို စစ်တပ်ခေါ်ကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသည့် အုပ်ချုပ်ရေးမှူး သန်းလွင်ကို ၂၀၂၅ ခုနှစ် မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သာလိကာနှင့် ဂွေးချောင်းကြီးအနီး ကားလမ်းပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့သည်။ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ပြည်သူများကို အနိုင်ကျင့်သည့် အုပ်ချုပ်ရေးမှူးများကို ဆက်လက်ရှင်းလင်းမည်ဟု HERO တပ်ဖွဲ့က သတိပေးထားသည်။

၂။ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်ကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေ

———————————————————————-

မေ ၂၂

The Kaladan Post

စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦးသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် MA3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်ဘောက် ၄ ခုနှင့် အီကွေးမန့် ၁ စုံဖြင့် မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းသို့ အလင်းဝင်ရောက်ခဲ့သည်။ ၎င်းသည် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀ အား လက်ခံခြင်းမရှိဘဲ လိုအပ်သည်ကိုသာ ယူဆောင်ကာ ကျန်ငွေကို တပ်ရင်းရန်ပုံငွေအဖြစ် လှူဒါန်းခဲ့သည်။ ယခု ၎င်းသည် တပ်ရင်းရဲဘော်များနှင့်အတူ ရှေ့တန်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသည်။ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ရန် တိုက်တွန်းထားသည်။

၃။ စိန်ကန့်ရွာမှ စစ်တပ်သတင်းပေး ဦးစန်းဌေး ဖမ်းဆီးခံရပြီး ထွက်ပြေးရင်း သေဆုံး

—————————————————————————–

မေ ၂၂

The Kaladan Post

၁၉.၅.၂၀၂၅ ညနေ ၅ နာရီခန့်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်ရွာမှ စစ်တပ် သတင်းပေးနှင့် လမ်းပြစန်းဌေးအား ကျည် ၉၂ တောင့်၊ မိုဘိုင်းဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးနှင့် အတူ အရှင်ဖမ်းဆီးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တာဝန်ရှိသူက The Kaladan Post သို့ပြောဆိုသည်။ ဦးစန်းဌေးသည် ၂၀၂၃ ဧပြီလတွင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ၏စခန်းအား စစ်တပ်ဝင်သိမ်းရာတွင် သတင်းပေးလမ်းပြအဖြစ် ပါဝင်ခဲ့သည့်အပြင် ဇာမဏီရွာရှိ စခန်းနေရာကို လမ်းပြပေးခဲ့ရာ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး ဒေသခံပြည်သူများ၏ တိရစ္ဆာန်များကို စစ်တပ်နှင့် အတူ ဖမ်းဆီးသတ်ဖြတ်ရောင်းစားရာ တွင်လည်း ၎င်းက ဦးဆောင်ပါဝင်ခဲ့သောကြောင့်ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းအား ဖမ်းဆီးပြီးနောက် နောက်တန်းအချုပ်တွင် ထိန်းသိမ်းထားပြီး ၂၂.၅.၂၀၂၅ နံနက် ၇ နာရီခန့်တွင် စစ်ဆေးရန် ရဲဘော်များမှခေါ်ထုတ်စဉ် ပြန်လည်ခုခံကာထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးချိန် ကျည်ထိမှန်၍ သေဆုံးခဲ့ဖြစ်ကြောင်းသိရသည်။ ၎င်း၏ ရုပ်အလောင်း အား တောထဲတွင် မြေမြှုပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

၄။ အမတ ၃၁၈ တပ်ရင်းကို တိုက်ခိုက်မှု၊ စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

————————————————————-

မေ ၂၂

The Kaladan Post

မွန်ပြည်နယ်၊ မော်လမြိုင်၊ သံဖြူဇရပ်အနီး အမတ ၃၁၈ တပ်ရင်းကို မေလ ၂၀ ရက်တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ၃၀ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း NMSP (AD) က ထုတ်ပြန်သည်။

၅။ စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသူ ရဲခိုင် ပစ်ခတ်ခံရပြီး သေဆုံး

——————————————————————–

မေ ၂၂

The Kaladan Post

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဂွေးတောက်ခုန်ကျေးရွာမှ အမှုပွဲစား ရဲခိုင်သည် ပြည်သူများထံမှ စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံမှုနှင့် အကြမ်းဖက်ရဲများနှင့် ပူးပေါင်း၍ မတရားအမှုဖွင့်စားမှုများ ပြုလုပ်နေသည့်အတွက် မေလ ၂၀ ရက်၊ နေ့လယ် ၁၂:၃၀ နာရီတွင် ၎င်း၏နေအိမ်တွင် မကွေးပြောက်ကျားတပ်နှင့် Taungdwingyi Fighter Force (LPDF) တို့၏ ပူးပေါင်းပစ်ခတ်ရှင်းလင်းမှုကြောင့် သေဆုံးခဲ့သည်။

ရဲခိုင်သည် အုပ်ချုပ်ရေးမှူး ပျံ့လွှားနှင့်အတူ ပြည်သူများထံမှ စစ်မှုထမ်းကြေးများ ကောက်ခံရာတွင် ပါဝင်ခဲ့ပြီး ဂွေးတောက်ခုန်ကျေးရွာသည် ပရပ်ကြယ်ရဲစခန်းနှင့် နီးကပ်စွာတည်ရှိသည်။ ထို့ပြင် ယင်းရွာတွင် ပျူစောထီးသင်တန်းတက်ရောက်ထားသူ ၇ ဦးရှိသည်ဟု သိရသည်။

မကွေးပြောက်ကျားတပ်တာဝန်ခံ ကိုကံကြီးမောင်က စစ်ကောင်စီနှင့် ဆက်စပ်ပတ်သက်သူများ အုပ်ချုပ်ရေးမှူးများ၊ ဒလန်များ၊ ပြည်သူ့စစ်များနှင့် ထွေအုပ်ဝန်ထမ်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ရန် သို့မဟုတ် ပြည်သူဆန့်ကျင်သည့် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်ပါက ရှင်းလင်းမည်ဖြစ်ကြောင်း သတိပေးထားသည်။ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီဝင်များ ရှိရာနေရာများနှင့် ဝေးဝေးနေထိုင်ရန် တိုက်တွန်းထားသည်။

၆။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

——————————————————————–

မေ ၂၂

The Kaladan Post

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေါက်ဆိန်ကုန်းရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ကြောင့် အသက် ၆၀ ခန့်အရွယ် ဦးမှိုင်းသေဆုံးပြီး ၎င်း၏သားဖြစ်သူ (အသက် ၃၀) နှင့် သင်တောရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မေလ ၁၈ ရက်မှစ၍ စစ်ကောင်စီသည် ဇီးကုန်းတိုက်နယ်၊ ချပ်သင်းနှင့် ကိုးတောင်ဘို့အထိုင်မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး၊ အင်အား ၁၇၀ ကျော်ဖြင့် သင်တောရွာတွင် ဘန်ကာများဆောက်လုပ်ကာ တပ်စွဲရန်ပြင်ဆင်နေသည်။ ထို့ပြင် ပြည်သူပိုင်ပစ္စည်းများ၊ ကျွဲ၊ နွားနှင့် လှည်းများကို ခိုးယူခဲ့ကြောင်း သိရသည်။ ကံကြီး၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အောက်တဲ၊ ဇော်ချောင်း၊ မိဿလင်ကုန်းစသည့် ကျေးရွာများမှ ဒေသခံများသည် ၃ နှစ်နီးပါး စစ်ဘေးရှောင်နေရပြီး၊ ယခုနောက်ပိုင်း ရွာများသို့ ခဏတဖြုတ်သာ ဝင်ရောက်နေထိုင်ကြသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

၇။ စစ်ကိုင်းမြို့တွင် ပျူစောထီးများက အမျိုးသား ၁ ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်၊ လူငယ် ၂၂ ဦးကို စစ်တပ်က ဖမ်းဆီး

မေ ၂၂

The Kaladan Post

စစ်ကိုင်းမြို့၊ အုပ်စက်ရပ်ကွက်တွင် မေလ ၂၀ ရက် နံနက်က ပျူစောထီးအဖွဲ့က အမျိုးသား ၁ ဦးကို သတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့သည်။ မေလ ၁၇-၁၈ ရက်များတွင် စစ်တပ်နှင့် ပျူစောထီးများက လူငယ် ၂၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး ဗုံးဖောက်ခွဲခြိမ်းခြောက်မှုများနှင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ငလျင်ဘေးဒဏ်အပြီး ဖမ်းဆီးငွေညှစ်မှုနှင့် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့က ထုတ်ပြန်သည်။

၈။ အငြိမ်းစားဗိုလ်မှူးချုပ်ချိုထွန်းအောင် ရန်ကုန်တွင် ပစ်ခတ်ခံရပြီး သေဆုံး

———————————————————–

မေ ၂၂

The Kaladan Post

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(NDC)တွင် စာသင်ကြားနေသူဖြစ်ပြီး မင်းအောင်လှိုင် ကိုယ်တိုင် ၂၀၂၃ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့သည့် အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ယနေ့နံနက် ၉:၂၀ တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အတည်ပြုထုတ်ပြန်လာခဲ့သည်။

ဗိုလ်မှူးချုပ်ချိုထွန်းအောင်သည် NDC တွင် နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များကို သင်ကြားပို့ချပေးနေသူဖြစ်ပြီး ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့တွင် သံအမတ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။ ၎င်းသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၅ တပ်မတော်နေ့ စစ်ရေးပြပွဲအတွက် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ သွားရောက်ခဲ့သူ လည်းဖြစ်သည်။

Golden Valley Warriors အဖွဲ့က လေးလကြာ သတင်းထောက်လှမ်းမှုများပြုလုပ်ပြီးနောက် ဤလုပ်ရပ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ရဲဘော်များအားလုံး လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အဖွဲ့က စစ်ကောင်စီ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် လေတပ်လေယာဉ်မှူးများကို ဆက်လက်ထောက်လှမ်းနေပြီး အနန့်ပါ၊ လက်ယက်ကုန်း၊ ပဇီကြီး၊ ဒီပဲယင်းစသည့်ဖြစ်စဉ်များအတွက် တရားမျှတမှုကို မဖြစ်မနေ ရယူသွားမည်ဟု ကတိပြုထားသည်။

၉။ ထိုင်း-မြန်မာနယ်စပ် မော်ခီးစစ်စခန်းအား တော်လှန်ရေးတပ်များ ထိုးစစ်ဆင်

———————————————————————–

မေ ၂၂

The Kaladan Post

မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို ကော်သူလေးတပ်မတော် (KTLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်များက မေလ ၂၁ ရက် နံနက် ၇ နာရီမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။ ဒရုန်းများဖြင့် တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေကြောင်း ထိုင်း-မြန်မာနယ်ခြားကော်မတီနှင့် နီးစပ်သည့် စစ်သတင်းရင်းမြစ်က ဖော်ပြသည်။

တိုက်ပွဲများကြောင့် မြဝတီ-ဝေါလေလမ်းပိုင်းကို ယာယီပိတ်ထားပြီး KNU တပ်မဟာ ၆ နယ်မြေအတွင်း KNLA စစ်ကြောင်းများ တပ်လှန့်ထားသည်။ ဝေါလေဒေသတွင် စစ်ကောင်စီ၏ ဗျူဟာနှင့် စခန်းအချို့ ကျန်ရှိနေသေးပြီး ထိုင်းနယ်စပ်တွင် စစ်ရေးအသင့်အနေအထားဖြင့် ကင်းလှည့်နေသည်။