———————————
၁။ ရန်ကုန်-မော်လမြိုင် ရထားလမ်းတွင် စစ်တပ်ရိက္ခာသယ်ယူသော ကုန်တင်ရထား မိုင်းခွဲခံရပြီး တိမ်းမှောက်
—————————————————————————–
မေ ၂၅
The Kaladan Post
မေလ ၂၅ ရက် နံနက် ၉:၃၀ ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်ရှိ ကုန်တင်ရထားအမှတ် ၆၈၇ သည် မိုင်းခွဲခံရပြီး အတွဲ ၄ တွဲ လမ်းချော်ပျက်စီးကာ ရထားလမ်း ၂၅၀ ပေခန့် ပြတ်တောက်သွားခဲ့သည်။ ယင်းရထားသည် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ စစ်ကူနှင့် လက်နက်ခဲယမ်းများ သယ်ယူလေ့ရှိသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။ လူထိခိုက်မှုမရှိသော်လည်း ရထားခရီးစဉ်များအားလုံး ရပ်နားထားရသည်။ ယခင် မေလ ၆ ရက်ကလည်း ဘီးလင်းမြို့နယ်တွင် အလားတူ မိုင်းခွဲမှုဖြစ်ပွားခဲ့ပြီး တံတားတစ်စင်း ပျက်စီးခဲ့သည်။
၂။ မလိဝမ်းကျေးရွာတွင် ပျူစောထီးအချင်းချင်း ရန်ဖြစ်ပြီး ဓားထိုးသတ်မှုကြောင့် တစ်ဦးသေဆုံး
——————————————————————————
မေ ၂၅
The Kaladan Post
မေလ ၂၂ ရက် ညပိုင်းတွင် တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဉ် စကားများရန်ဖြစ်မှု ဖြစ်ပွားခဲ့သည်။ ယင်းအခါ ပျူစောထီးအဖွဲ့ဝင် ကုလားက ပရှူးအား စကေဘာဖြင့် ၆ ချက်ထိုးသတ်ရာ နေရာတွင်ပင် သေဆုံးခဲ့သည်။ ကုလားကို ဖမ်းဆီးထားပြီး ရန်ဖြစ်မှု၏ အကြောင်းအမှန်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။ ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီက လူဆိုးလူမိုက်များနှင့် အလုပ်အကိုင်မရှိသူများကို စုစည်း၍ ပျူစောထီးအဖြစ် စစ်သင်တန်းပေးပြီး ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံများက ဆိုသည်။
၃။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လင်မယား ၂ဦး သေဆုံး
——————————————————————-
မေ ၂၅
The Kaladan Post
မေလ ၂၄ ရက် ညနေ ၅:၅၀ တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၈၉ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဟဲပါကျေးရွာရှိ ဦးချမ်းမောင်၏ နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းကြောင့် အသက် ၆၂ နှစ်အရွယ် ဦးချမ်းမောင်နှင့် ဇနီးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်ပြုံးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အသက် ၅၀ နှစ်အရွယ် ဒေါ်တင်နုမှာ ခြေထောက်နှစ်ဖက်တွင် အပြင်းအထန် ဒဏ်ရာရရှိကာ ချောင်းဝတိုက်နယ်ဆေးရုံ၌ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှုခံယူနေသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေရာများကို ပစ်မှတ်ထား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
၄။ KNU ဦးဆောင်သော တော်လှန်ရေးတပ်များ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်
————————————————————————
မေ ၂၅
The Kaladan Post
မေလ ၂၅ ရက် နံနက် ၆ နာရီမှ စတင်ကာ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ဒရုန်းများနှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသည်။ ယူဆချက်အရ သေ့ဘောဘိုးစခန်းကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး ဝေါလေစစ်ဗျူဟာ၊ ကနဲလေးစခန်း၊ ထီကပလယ်စခန်း၊ ဥကရစ်ထစခန်းတို့ကို KNLA မဟာမိတ်တပ်များက ဝိုင်းပိတ်ထားသည်။ မေလ ၂၃ ရက်က ဘလက်ဒိုစခန်းကို သိမ်းပိုက်ပြီးနောက် ယခုတိုက်ခိုက်မှုမှာ နယ်စပ်ရှိ စစ်ကောင်စီစခန်းများကို ဆက်လက်ဖိအားပေးရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
၅။ စစ်သားစုဆောင်းသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းကောက်ရန်လာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်
——————————————————————————
မေ ၂၅
The Kaladan Post
မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ သရက်သုံးပင်ရွာမှ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ်ကို ပြည်ခရိုင် အမှတ် ၁၊ ၃၆၀၁ တပ်ရင်းမှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် သေဆုံးခဲ့သည်။ ၎င်းသည် စစ်ကောင်စီအတွက် လူငယ်များကို စစ်မှုထမ်းရန် စုဆောင်းပြီး ပြည်သူများထံမှ ငွေကျပ် ၃-၅ သောင်း ကောက်ခံကာ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသူဖြစ်သည်။ ထို့ပြင် မေလ ၂၃ ရက် မွန်းလွဲ ၂:၁၅ တွင် ၎င်း၏အလောင်းကောက်ယူရန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်။
၆။ မင်္ဂလာဆောင်တွင် လေကြောင်းတိုက်ခိုက်မှု သတို့သမီးအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံး
———————————————————————————-
မေ ၂၅
The Kaladan Post
မေလ ၂၅ ရက် နံနက် ၈:၅၅ တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သတို့သမီးနှင့် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းဒေသတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး တော်လှန်ရေးတပ်များက နယ်မြေအများစုကို ထိန်းချုပ်ထားကြောင်း သိရသည်။
၇။ ရေနီပေါက်အနီး စစ်ကောင်စီကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်မှု
————————————————————–
မေ ၂၅
The Kaladan Post
မေလ ၂၂ ရက်နေ့က ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်းတစ်ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်။ သို့သော် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတပ်စုမှူး ရဲဘော်မင်းဇော်၊ တပ်စိပ်မှူး ရဲဘော်စိုးနေလင်းဦး (ခ) ဘိုထိတ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ဘောလခဲမြို့အထွက်အထိ ဆုတ်ခွာသွားခဲ့ပြီး၊ စခန်းအင်အား ၂၀၀ ကျော်ရှိသည်ဟု ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူများ၏ ပံ့ပိုးမှုဖြင့် အခက်အခဲများကို ကျော်လွှားကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက အားပေးစကားဆိုသည်။ စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။