၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်၊ နံနက် ၁၀:၄၅ တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကားကြီးကွင်းမြောက်ဘက်တွင် ပြည်သူများအား ဖိနှိပ်စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား Myingyan Black Tiger (MBT) တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦး ဒဏ်ရာပြင်းထန်ရရှိပြီး မြင်းခြံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကာ ကျန်တပ်ဖွဲ့ဝင်များ၏ ထိခိုက်မှုကို MBT က ဆက်လက်စုံစမ်းနေသည်။
အဆိုပါတိုက်ခိုက်မှုသည် စစ်ရေးမစ်ရှင်သုံးခုပါဝင်သည့် အစီအစဉ်ဖြစ်သော်လည်း ပြည်သူအချို့ စစ်သားများနှင့် အချိန်ကြာရှည် စကားပြောနေသဖြင့် မစ်ရှင်နှစ်ခုကို MBT က ရုတ်သိမ်းခဲ့ရသည်။ The Kaladan Post ၏ မေးမြန်းမှုအရ MBT ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုက်ခဲက ပြည်သူများအနေဖြင့် စစ်သားများနှင့် အနီးကပ်စကားပြောခြင်းများ ရှောင်ရှားပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိုမိုထိခိုက်နိုင်ခဲ့မည်ဟု ဖြေကြားခဲ့သည်။ MBT တပ်ဖွဲ့က ပြည်သူများအား ယခုလို အပြုအမူများကို သတိပြုရန် မေတ္တာရပ်ခံထားသည်။