The Kaladan Post

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ Myingyan Black Tiger (MBT) တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပူးပေါင်း၍ အလင်းဝင်ရောက်လာခဲ့ကြောင်း MBT ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရဲတပ်သားသည် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် တောင်သာမြို့ပေါ်၌ တာဝန်ထမ်းဆောင်နေစဉ် MBT တပ်ဖွဲ့ထံ ကိုယ်တိုင်ဆက်သွယ်ကာ စစ်ကောင်စီတပ်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ဖော်ပြချက်အရ MBT တပ်ဖွဲ့သည် ဤရဲတပ်သားအား ဆုကြေးငွေကျပ် ၂၅ သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

MBT တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အလင်းဝင်ရောက်လာသော ရဲတပ်သား၏ အမည်နှင့် ရာထူးအပါအဝင် အခြားအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ တောင်သာမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးဟုသာ ဖော်ပြထားသည်။

တော်လှန်ရေးစတင်ချိန်မှစ၍  လက်ရှိကာလအထိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် တော်လှန်ရေးဘက်သို့ ဝင်ရောက်ပူးပေါင်းမှု  ဆက်လက်များပြားနေဆဲဖြစ်သည်ကို မြေပြင်သတင်းများအရ သိရှိရသည်။

Myingyan Black Tiger(MBT) က ထုတ်ပြန်ချက်မှတဆင့် စစ်ကောင်စီ၏ ပြည်သူများအပေါ် အကြမ်းဖက် မှုများကို ရှုတ်ချကာ အကြမ်းဖက်မှုများ ရပ်တန့်ပြီး စစ်ကောင်စီလက်အောက်မှ မိမိတို့အဖွဲ့ထံ လာရောက် ပူးပေါင်းရန် တိုက်တွန်းထားသည်။ Myingyan Black Tiger(MBT) သည် ချင်းညီနောင်အဖွဲ့နှင့်အတူ ဖလမ်းမြို့သိမ်းတိုက်ပွဲဝင် ပါဝင်ခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။