ဖေဖော် ၃
The Kaladan Post
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ကန်ဒေါ်လာ ၁၂၁ သန်းခန့် ကူညီပံ့ပိုးမည့် အစီအစဉ်နှင့် VOA (Voice of America) အသံလွှင့်ဌာန ပြန်လည်ပတ်ရေး အသုံးစရိတ်များ ပါဝင်သည့် ၂၀၂၆ ခုနှစ် အမေရိကန် အစိုးရအသုံးစရိတ် ဘဏ္ဍာရေးအဆိုပြုချက်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် က ဖေဖော်ဝါရီ ၄ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း သိရသည်။
သမ္မတ ထရမ့် လက်မှတ်ရေးထိုးအတည်ပြုလိုက်သော အစိုးရအသုံးစရိတ်တွင် နိုင်ငံခြားရေးဌာနအောက်ရှိ အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (National Security Investment Program – NSIP) ကို ထည့်သွင်းထားပြီး အဆိုပါအစီအစဉ်အောက်တွင် မြန်မာ့ဒီမိုကရေစီအရေး ကူညီမှုအစီအစဉ်များနှင့် VOA အသံလွှင့်ဌာန ပြန်လည်ပတ်ရေး အသုံးစရိတ်များကို ဆက်လက် ထောက်ပံ့သွားမည် ဖြစ်သည်။
အတည်ပြုလိုက်သော ဘတ်ဂျက်အရ မြန်မာ့အရေးအတွက် ရရှိမည့် ဒေါ်လာ ၁၂၁ သန်းသည် ထိုင်း–မြန်မာ၊ အိန္ဒိယ–မြန်မာ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ၊ စစ်လက်နက်မဟုတ်သော အကူအညီများ၊ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေး အစီအစဉ်များ၊ နိုင်ငံရေးအကျဉ်းသားများအတွက် အကူအညီ၊ စစ်အုပ်စုဘက်မှ ဘက်ပြောင်းခိုလှုံလာသူများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှု ဖော်ဆောင်ရေး အစီအစဉ်များတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ အစိုးရအသုံးစရိတ်တွင် ထရမ့်အစိုးရက အဆိုပြုထားသော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများလည်း ပါဝင်ပြီး အဓိကအားဖြင့် အခွန်ကောက်ခံမှု လျှော့ချရေး၊ အစိုးရအထောက်အပံ့ ရယူရာတွင် လိုအပ်ချက်အသစ်များ ထပ်မံ သတ်မှတ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ပေးရေးတို့ကို ဦးတည်ထားသည်။
သို့သော်လည်း အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) အတွက် ဘတ်ဂျက်ကို ၂၀၂၆ ခုနှစ်တစ်နှစ်စာ အပြည့် မဟုတ်ဘဲ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆယ်ရက်စာသာ ယာယီအတည်ပြုပေးထားပြီး အမျိုးသားကျန်းမာရေးအဖွဲ့ (NIH) ကဲ့သို့သော ဌာနများ၏ အသုံးစရိတ်ကို အကြီးအကျယ် ဖြတ်တောက်ရန် အိမ်ဖြူတော်က အဆိုပြုထားသည့် အစီအစဉ်များကိုတော့ ပယ်ချထားကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ် အစိုးရအသုံးစရိတ် ဘဏ္ဍာရေးဥပဒေကို အမေရိကန် အောက်လွှတ်တော်က ဇန်နဝါရီ ၂၂ ရက်တွင် အမေရိကန် အထက်လွှတ်တော်က ဇန်နဝါရီ ၃၀ ရက်တွင် အတည်ပြုပေးခဲ့ပြီးနောက် ယခုအခါ သမ္မတ ထရမ့်၏ လက်မှတ်ဖြင့် တရားဝင် အတည်ပြုခြင်း ခံရခြင်း ဖြစ်သည်။
📌 သတင်းရင်းမြစ် (Source)
Source – U.S. Government Budget Documents / Congressional Approval Records
Additional Reference – VOA, Reuters