မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် သန်းပေါင်းများစွာသော ပြည်သူများသည် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် ပြည်တွင်းစစ်မီးကြောင့် စစ်ရှောင်လူဦးရေသည် နေ့စဉ်တိုးပွားလျက်ရှိပြီး စစ်ဘေးရှောင်ရာမှ အိမ်ပြန်နိုင်သူများသည် အနည်းငယ်သာရှိသဖြင့် အများစုမှာ ခိုကိုးရာမဲ့ အကူအညီများ လိုအပ်နေကြသည်။ ဤသို့သော စစ်ဘေးဒုက္ခသည်များ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်သူအချင်းချင်း အကူအညီပေးမှုသည် များစွာ အထောက်အကူ ဖြစ်သော်လည်း ရေရှည်စစ်ဘေးရှောင်ရန် လိုအပ်ပါက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီများသည် အလွန်အရေးကြီး လာသည်။ ဤအခက်အခဲများကို ပြည်တွင်းစစ်ဘေးရှောင်များနှင့် အိမ်နီးချင်းနိုင်ငံများသို့ ခိုလှုံနေရသော စစ်ဘေးဒုက္ခသည်များ၏ အခြေအနေများမှ လေ့လာတွေ့ရှိနိုင်သည်။

အထူးသဖြင့် ချင်း၊ စစ်ကိုင်း၊ မကွေးဒေသများမှ မြန်မာစစ်ဘေးဒုက္ခသည်များသည် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်တွင် ခိုလှုံနေရပြီး အိန္ဒိယပြည်သူများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကူအညီဖြင့် လေးနှစ်ခန့် ရုန်းကန်လာ ခဲ့ရသည်။ သို့သော် စစ်ဘေးဒုက္ခသည်များ နေ့စဉ် လူဦးရေများပြားလာမှုကြောင့် အကူအညီရရှိနိုင်မှု အားနည်းလာပြီး အထူးသဖြင့် စစ်ဘေးဒုက္ခသည်များ လက်ခံသည့် ရပ်ရွာများအတွင်း ရေ၊ မီး၊ အခြေခံအဆောက်အဦး မလုံလောက်မှု ပြဿနာများသည် ပိုမိုဆိုးရွားလာသည်။ ထို့ကြောင့် တချို့သော အိန္ဒိယပြည်သူများသည် မြန်မာနိုင်ငံသားများအပေါ် စာနာစိတ်လျော့နည်းလာကာ ဒုက္ခသည်များကြောင့် သူတို့၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး၊ အဆောက်အဦး ပြဿနာများကို ရေရှည်ရင်ဆိုင်ရမည့် အလားအလာကို ဆန္ဒမရှိတော့ဘဲ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စိတ်ပြင်းပြလာ ကြသည်။

ဤအခြေအနေနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက အောက်ပါအတိုင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့မှာ အရင်က အစိုးရခွဲတမ်းရတဲ့ မီးအားနဲ့ လုံလောက်တယ်။ ဒါပေမယ့် အခုချိန်မှာ ဒုက္ခသည်လူဦးရေက ကျေးရွာရဲ့ လူဦးရေထက် များနေတာကြောင့် မီးအားမလုံလောက်မှုကြုံပြီး အချက်အပြုတ်ကို Gas သုံးတာများလာတော့ ပြည်သူတွေအတွက် နေ့စဉ်အသုံးစရိတ်က အရမ်းမြင့်သွားတယ်။ နောက်ပြီး ရေလုံလုံလောက်လောက်ရှိခဲ့ရာကနေ အခုဆိုရင် အလှည့်ကျနဲ့သုံးနေရတာ၊ နွေရာသီဆို လုံးဝရေချိုးဖို့တောင်မရှိ ချောင်းဆင်းချိုးရတဲ့ အနေအထား ရောက်သွားပြီး ရေမလုံလောက်တော့ ပြည်သူတွေက အုပ်ချုပ်ရေးမှူးတွေကို အပြစ်တင်တာများလာတယ်။ နောက်ပြီး ကျောင်းမှာ ကလေးစာသင်တာ ကျောင်းစာသင်ခန်းက မလောက်တဲ့ စိန်ခေါ်မှုမျိုးတွေရှိလာတော့ နေ့တစ်ဝက် အလှည့်ကျနဲ့ ကျောင်းထားတာမျိုး ဖြစ်လာတယ်။ ဒီတော့ တချို့က ပုဂ္ဂလိကကျောင်းများသို့ ပြောင်းတာရှိလာတယ်။ ဒီလိုနဲ့ ကလေးတွေအတွက် ကျောင်းစရိတ်ကုန်ကျစရိတ်မြင့်လာတဲ့အပြင် ကလေးငယ်များ စာသင်ချိန်လျှော့တဲ့အတွက် ပြည်သူများ မကျေနပ်မှုလည်း တိုးသထက်တိုးနေတယ်။ ဒါကြောင့် မြန်မာဒုက္ခသည်များ အရေးအားဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယဗဟိုအစိုးရအကူအညီလည်း လိုအပ်သလို နိုင်ငံတကာ အကူအညီလည်း အရေးတကြီးလိုအပ်တယ်။ ထိုသို့သော အကူအညီမရရှိပါက ဒေသခံတွေ စစ်ဘေးဒုက္ခသည်များအား ရေရှည်စောင့်ရှောက်ဖို့ ခံနိုင်ရည်မရှိတော့ဘူး” ဟု ပြောကြားခဲ့သည်။

ဤပြောဆိုမှုသည် မြန်မာဒုက္ခသည်များကို စောင့်ရှောက်ထားသည့် နယ်မြေများရှိ အိန္ဒိယ ဒေသန္တရ ခေါင်းဆောင်များ ရင်ဆိုင်ရသည့် အခက်အခဲဆုံး စိန်ခေါ်မှုများကို ထင်ရှားစေသည်။ ထိုနည်းတူ ချင်းပြည်နယ်ရှိ ပြည်တွင်းစစ်ဘေးရှောင်များကို အများဆုံး စောင့်ရှောက်နေသည့် တော်လှန်ရေးကာလ ဒေသအုပ်ချုပ်ရေးမှူး တစ်ဦးထံ စစ်ဘေးရှောင်များအရေး မေးမြန်းဆွေးနွေးကြည့်ရာ အဆိုပါ အုပ်ချုပ်ရေးမှူး ကလည်း မြန်မာဒုက္ခသည်များကို စောင့်ရှောက်ပေးနေသည့် အိန္ဒိယရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဆင်တူသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ အဆိုပါ စိန်ခေါ်မှုများအနက် ထူးခြားသည်မှာ နိုင်ငံတကာ အကူအညီမရှိခြင်း၊ ဒေသခံများကလည်း အကူအညီ မပေးနိုင်တော့ခြင်းတို့ကြောင့် ဒုက္ခသည်များအား တောင်ယာခုတ်ကာ အသက်မွေးဝမ်းကျောင်းနိုင်ရေး ခွင့်ပြုထားကြသော်လည်း နောက်ဆုံး တောင်ယာနယ်မြေ မလုံလောက်မှုကြောင့် ဒေသခံပြည်သူများပါ စားဝတ်နေရေး စိန်ခေါ်မှုများ ကြုံတွေ့လာရသည်ဟု ဆိုသည်။ ထို့အပြင် အထူးသဖြင့် သောက်သုံးရေ မလုံလောက်မှု၊ ဒေသထွက်ကုန်ဖြင့် စစ်ရှောင် အစမတန်တိုးလာသော ရပ်ကျေးလူဦးရေကို လုံလောက်စွာ မကျွေးမွေးနိုင်မှု များကြောင့် ဒေသခံများနှင့် စစ်ရှောင်များအကြား အဆင်မပြေမှုများ မကြာခဏ ရင်ဆိုင်ရသည်ဟု ဆိုသည်။

ဤအချက်နှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ဤကိစ္စများကို သတိကြီးစွာ မကိုင်တွယ်ပါက နွေဦးတော်လှန်ရေး ကာလ ကြာရှည်လာသည်နှင့်အမျှ အိမ်နီးချင်းနိုင်ငံသို့ စစ်ဘေးဒုက္ခသည်အဖြစ် ရောက်ရှိနေသူများ မြန်မာပြည် ပြန်ပို့ခံရခြင်းနှင့် ရင်ဆိုင်ရနိုင်သည့်အပြင် ပြည်တွင်းစစ်ရှောင်များနှင့် ဒေသခံများအကြား ပြဿနာများလည်း ကြီးမားလာနိုင်သည်။ ထို့ကြောင့် လက်ရှိ စစ်ရှောင်နှင့် စစ်ဘေးဒုက္ခသည်များအရေးကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ အကူအညီများ များများရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်သည့်အပြင် ဝင်ရောက်လာပြီးသား နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများအား တော်လှန်ရေး အင်အားစုများက စိတ်ပျက်အောင် မလုပ်မိရန် လိုအပ်သည်။

လက်ရှိအချိန်တွင် အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် တော်လှန်ရေးအင်အားစုများ၏ အကွဲအပြဲများကြားတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများစွာ ကြားညပ်ခံနေရသည်ဟု ဆိုကြသည်။ ချင်းပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် ပတ်သက်၍ နှစ်ရှည်အတွေ့အကြုံရှိသူတစ်ဦးက “ချင်းမှာ လူသားချင်း စာနာထောက်ထားမှု ဝင်ဖို့ နိုင်ငံတကာ အဖွဲ့တွေ စိုးရိမ်ကြတာ ကိုယ်တိုင်ကြုံဖူးတယ်။ အဓိကတော့ ချင်းလူမျိုးတွေလို့ ပြောတာနဲ့ မစည်းလုံးဘူး၊ အချင်းချင်း ပဋိပက္ခဖြစ်နေတာကြောင့် ဝန်ထမ်းတွေအတွက် လုံးဝ မလုံခြုံဘူးဆိုတာမျိုး အကြောင်းပြချက်နဲ့ တခြား ဘေးကင်းလုံခြုံစွာ လူသားချင်းစာနာထောက်ထားမှု ဖော်ဆောင်နိုင်မည့် နေရာကို ဦးစားပေးရတာမျိုးရှိတယ်။ ပြီးတော့ အချင်းချင်း ပဋိပက္ခရှိချိန်မျိုးမှာ ပြည်သူတွေ အရေးပေါ် အကူအညီလိုအပ်တော့ လိုအပ်တဲ့ပြည်သူတွေကို သွားကူညီဖို့ နိုင်ငံတကာ အလှူရှင်တွေကို ချိတ်ဆက်ချိန်မှာ စစ်ကောင်စီကလည်း အဲ့လိုနေရာမျိုးမှာ မရှိတော့တာမို့ လိမ်လည်ပြီး စစ်ကောင်စီကြောင့်ပါလို့ ပြောမရဘူး။ အချင်းချင်း ပဋိပက္ခဖြစ်နေတယ်ဆိုတာ အဖြစ်မှန်အတိုင်း ပြောရတာမျိုးရှိတော့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ကူညီတဲ့အဖွဲ့တွေက ချင်းအတွင်း ဖြစ်စဉ်တွေကို အကုန်သိပြီးသားဖြစ်သွားတယ်” ဟု ပြောပြခဲ့သည်။

ဤသို့သော အခြေအနေများမှ ရုန်းထွက်နိုင်ရန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့် အဖွဲ့အစည်း ခေါင်းဆောင်များထံ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လိုက်လံမေးမြန်းကြည့်ရာ အောက်ပါ အချက်များကို အဓိကအကြံပြုခဲ့ကြသည်။

  1. လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများကြား ပူးပေါင်းချိတ်ဆက်မှုဖြင့် ပြည်သူများ၏ ကဏ္ဍပေါင်းစုံ အခက်အခဲများကို နိုင်ငံတကာသို့ စနစ်တကျ စုပေါင်း တင်ပြနိုင်ရေး။
  2. တော်လှန်ရေး အင်အားစုများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများအပေါ် ကန့်သတ်ချက်များ၊ ခြမ်းခြောက်မှုများ လုံးဝမပြုလုပ်ရေးနှင့် လူသားချင်းစာနာထောက်မှု အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ ဘေးကင်းလုံခြုံ‌မှု ပေးရေး။
  3. စစ်ရှောင်၊ စစ်ဘေးဒုက္ခသည်များ နေထိုင်ရာ ဒေသတွင်း အရင်းအမြစ်၊ တော်လှန်ရေးကာလ အစိုးရများရှိ အရင်းအမြစ်များနှင့် နိုင်ငံတကာ အကူအညီများကို ပူးပေါင်းပြီး ပြည်သူများအတွက် နှစ်ရှည်ခံ စီမံကိန်းများ ချမှတ်နိုင်ရေး။ နှင့်
  4. အချင်းချင်း ပဋိပက္ခများကြောင့် ပြည်သူများ ထပ်မံဒုက္ခရောက်ခြင်း သို့မဟုတ် အိမ်ပြန်နိုင်မှု မရှိခြင်းမျိုး လုံးဝမဖြစ်ပေါ်စေရန် ဆောင်ရွက်ရေး။

တို့အား အကြံပြုထားကြသည်။

ဤအချက်များကို ဂရုစိုက်သတိမထားပါက တော်လှန်ရေးအင်အားစုများသည် ပြည်သူများကို ဒုက္ခပေးသည့် အကြမ်းဖက် သမားများအဖြစ် နိုင်ငံတကာမှ အလွယ်တကူ မြင်လာနိုင်သည့်အပြင် မြန်မာ့ပြည် အပြောင်းအလဲ ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အကူအညီများ ဖြန့်ဝေရာတွင် စစ်ကောင်စီကို ဗဟိုပြုစဉ်းစားမှုများ ပိုမိုများပြား လာနိုင်သည်။ ထို့ကြောင့် တော်လှန်ရေး အင်အားစုများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အကျပ်အတည်းမဖြစ်စေရေးသည် ပြည်သူများ၏ အသက်ရှုပေါက်သဖွယ် အရေးပါသည့်အပြင်၊ တော်လှန်ရေး၏ ဂုဏ်သိက္ခာအတွက်လည်း မဖြစ်မနေ လိုအပ်နေပေသည်။