ဖေဖေါ် ၁၀
The Kaladan Post
မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စများကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ပြီး အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးရေး (Inclusive Dialogue) ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Ma. Theresa P. Lazaro) က ထပ်မံအတည်ပြု ပြောကြားလိုက်သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ ISEAS – Yusof Ishak အင်စတီကျု၌ ကျင်းပခဲ့သည့် အထူးဟောပြောပွဲအတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားသည့် လာဇာရိုက မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ လက်ရှိနှင့် အနာဂတ်လုပ်ငန်းစဉ်များအတွက် ဘုံသဘောတူညီချက် ၅ ရပ်သည် အဓိကလမ်းပြမြေပုံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ်သည် အာဆီယံ၏ စုပေါင်းချဉ်းကပ်မှု (Collective Approach) အတွက် အရေးပါသော အခြေခံမူဘောင်ဖြစ်ကြောင်းကိုလည်း သူမက အလေးပေးပြောဆိုခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေး (Dialogue) နှင့် ဘက်ပေါင်းစုံပါဝင်နိုင်မှု (Inclusivity) ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပဋိပက္ခနှင့် ဆက်နွယ်နေသူ မည်သူ့ကိုမျှ ချန်လှပ်မထားဘဲ အင်အားစုအားလုံး ပါဝင်နိုင်ရေးမှာ အလွန်အရေးကြီးကြောင်း လာဇာရိုက ဆိုသည်။
မြန်မာ့အရေးသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် တိုက်ရိုက်ဆက်နွယ်နေသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စနစ်တကျ၊ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟုလည်း သူမက အလေးအနက် ပြောကြားခဲ့သည်။
“အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေပေမယ့် ကျမတို့ရဲ့ အခြေခံမူကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ISEAS – Yusof Ishak အင်စတီကျု၌ ပြုလုပ်ခဲ့သည့် ဟောပြောပွဲအတွင်း ဝန်ကြီး လာဇာရိုက ထပ်မံအလေးပေး ပြောဆိုခဲ့သည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသရွေ့ စစ်တပ်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ ယခင်က ထားရှိခဲ့သည့် ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီး လာဇာရိုက ထပ်လောင်းအတည်ပြုခဲ့သည်။
သတင်းရင်းမြစ် (Source)
ISEAS – Yusof Ishak Institute အထူးဟောပြောပွဲ
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားချက်များ