ဖေဖေါ် ၆
The Kaladan Post
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ပြန်သတ်မှတ်ထားသည့် အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ကြေညာလိုက်သည်။
မြန်မာနိုင်ငံအပေါ် အမျိုးသားအရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ယခင်သမ္မတ ဂျိုးဘိုင်ဒန်က စတင် လက်မှတ်ရေးထိုး ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကို အကြောင်းပြုကာ နှစ်စဉ် သက်တမ်းတိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံသည် အမေရိကန်အတွက် အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ဆက်လက်သတ်မှတ်ထားရမည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်၏ လုံခြုံရေးနှင့် နိုင်ငံခြားရေးအကျိုးစီးပွားများကို ဆက်လက် ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ဖော်ပြကာ သမ္မတထရမ့်က သက်တမ်းတိုးမြှင့်ကြောင်း လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
သက်တမ်းတိုးမြှင့်ကြေညာချက်တွင်
“ကျွန်ုပ်၏ အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိပြီး အကြမ်းဖက်မှုများ လျော့နည်းစေရန်နှင့် နိုင်ငံရေးတည်ငြိမ်မှု တိုးမြှင့်နိုင်ရန်အတွက် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုများကို အားပေးထောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် အမေရိကန်၏ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့် ဖိအားပေးမှုများကို ချိန်ညှိဆောင်ရွက်သွားရန်လည်း အဆင်သင့်ရှိပါသည်” ဟု ဖော်ပြထားသည်။
အဆိုပါ အမျိုးသားအရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို ဆက်လက်သက်တမ်းတိုးမြှင့်ရန် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များက သမ္မတထရမ့်ကို ဖိအားပေး တိုက်တွန်းခဲ့ကြခြင်းဖြစ်ပြီး အထူးသဖြင့် အထက်လွှတ်တော်အမတ် Mitch McConnell က အဓိက တိုက်တွန်းခဲ့ကြောင်း သိရသည်။
လွှတ်တော်အမတ်များအနေဖြင့် သမ္မတထရမ့်က အရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို သက်တမ်းမတိုးပါက မြန်မာ အကြမ်းဖက်စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အရပ်သားအစိုးရအယောင်ဆောင်နှင့် ပုံမှန်နိုင်ငံရေး ဆက်ဆံရေး ပြန်လည်စတင်နိုင်ခြေရှိလာမည်ကို စိုးရိမ်ခဲ့ကြသဖြင့် ယခုကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ယခု တစ်နှစ်ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ခြင်းကြောင့် အကြမ်းဖက်စစ်တပ် ထောက်ခံသူများ ဝါဒဖြန့်နေသကဲ့သို့ အမေရိကန်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ရုတ်သိမ်းပြီး စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်စတင်မည် မဟုတ်ကြောင်းကို ပိုမိုရှင်းလင်းစေခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုကြသည်။
ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်ကလည်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော်ကြားနာပွဲအတွင်း မြန်မာနိုင်ငံနှင့် အီရန်နိုင်ငံတို့အပေါ် စီးပွားရေးဖိအားပေးမှုများနှင့် ပိတ်ဆို့ရေးယူမှုများကို ပိုမိုတင်းကြပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
📌 သတင်းရင်းမြစ် (Source)
- အမေရိကန်သမ္မတအိမ်ဖြူတော် (White House) ထုတ်ပြန်ချက်
- အမေရိကန် လွှတ်တော် ကြားနာပွဲ မှတ်တမ်းများ
- Getty Images