ဖေဖေါ် ၉
The Kaladan Post
အီရန်အစိုးရက ယူရေနီယမ် ဓာတ်သတ္တု သန့်စင်ပိုင်ခွင့်ကို အပြီးတိုင် လက်လွှတ်ဖို့ စိတ်ကူးမထားကြောင်း ထပ်မံအတည်ပြုပြောကြားလိုက်ပါတယ်။ အမေရိကန်နှင့် အီရန်အကြား နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေချိန်မှာ အီရန်ဖက်က ယင်းရပ်တည်ချက်ကို အခိုင်အမာ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အိုမန်နိုင်ငံ မတ်စ်ကတ်မြို့တော်တွင် အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များ နျူကလီးယား ထိန်းချုပ်ရေး ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပေမယ့် အဓိက သဘောတူညီချက်တစ်ရပ်ကိုတော့ မရရှိသေးပါဘူး။ ယင်းဆွေးနွေးမှုများဟာ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဘက်က ဆွေးနွေးမှု မအောင်မြင်ပါက စစ်ရေးအရေးယူနိုင်ခြေ ရှိကြောင်း ခြိမ်းခြောက်ပြောဆိုထားပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုများ အောင်မြင်စေရန်အတွက် အီရန်၏ ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို မထိခိုက်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူရေနီယမ် သန့်စင်ခွင့်ကို သုညအဆင့်အထိ ပိတ်ပင်ရန် ဆိုသည့် အမေရိကန်၏ တောင်းဆိုချက်ကို အီရန်က လုံးဝ လက်မခံနိုင်ကြောင်းလည်း ထပ်မံအတည်ပြုခဲ့ပါတယ်။
အာရက်ချီ၏ ပြောကြားချက်အရ ဆွေးနွေးမှုများအနေဖြင့် အီရန်နိုင်ငံအတွင်း ယူရေနီယမ် သန့်စင်မှုများ ဆက်လက်ရှိနေမှုကို လက်ခံပေးရမည်ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် အီရန်က နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းရေး ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဆိုသည့် ယုံကြည်မှုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဆိုပါတယ်။
အီရန်နှင့် အမေရိကန်တို့သည် ယခင်နှစ်များအတွင်း နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် အီရန်နိုင်ငံအတွင်း ယူရေနီယမ် သန့်စင်မှုကို လုံးဝ ရပ်ဆိုင်းရမည်ဟူသော အမေရိကန်၏ တောင်းဆိုချက်ကြောင့် သဘောတူညီချက် မရရှိခဲ့ကြပါဘူး။ ထို့နောက် ဇွန်လတွင် အီရန်နှင့် အစ္စရေးတို့ကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီး အမေရိကန်ကပါ အီရန်ရှိ နျူကလီးယား စက်ရုံအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အီရန်ဘက်ကတော့ ယူရေနီယမ် သန့်စင်မှုများသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းရေးအတွက် အသုံးချရန် ရည်ရွယ်ခြင်းသာဖြစ်ပြီး နျူကလီးယား လက်နက် ထုတ်လုပ်ရန် မဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို တစိုက်မတ်မတ် တောင်းဆိုနေခြင်းမှာ နည်းပညာဖွံ့ဖြိုးရေးနှင့် စီးပွားရေး အကျိုးအမြတ်များအပြင် နိုင်ငံ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည့် ရပိုင်ခွင့်တစ်ရပ် ဖြစ်ကြောင်း အာရက်ချီက ဆိုပါတယ်။
ထို့အပြင် အမေရိကန်ဘက်မှ ဆွေးနွေးမှုများတွင် ဒုံးကျည် စီမံကိန်းကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးလိုကြောင်း ဆန္ဒရှိခဲ့ပေမယ့် အီရန်ဘက်က ဒုံးကျည်ရေးရာကို မည်သည့်အခါမှ ဆွေးနွေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားထားပါတယ်။
အိုမန်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများသည် ခြေတစ်လှမ်းစာ တိုးတက်မှုတစ်ရပ် ဖြစ်ကြောင်း အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက သုံးသပ်ပြောကြားခဲ့ပြီး နောက်ထပ် ဆွေးနွေးပွဲများကို နေရာနှင့် နေ့ရက် သတ်မှတ်ချက်များကို အိုမန်အစိုးရနှင့် ဆက်လက်ညှိနှိုင်းပြီးမှ ဆုံးဖြတ်သွားမည်ဟု အီရန်ဘက်က ပြောကြားထားပါတယ်။
သတင်းအရင်းအမြစ် (Source): Reuters
ဓာတ်ပုံ: Reuters