ဇူလိုင် ၂၁၊ ၂၀၂၆
The Kaladan Post
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ဟာ သူမရဲ့ ပထမဆုံးသော စီးပွားရေးမူဝါဒ လမ်းညွှန် (Economic Blueprint) ကို အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီး နိုင်ငံရဲ့ စီးပွားရေး တိုးတက်မယ့် နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် တိုးမြှင့်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဗဟိုဘဏ် (BOJ) ရဲ့ အတိုးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်စွက်ဖက်မလားဆိုတဲ့ ဈေးကွက်အတွင်းက စိုးရိမ်မှုတွေကြောင့် အစိုးရငွေတိုက်စာချုပ် အတိုးနှုန်းတွေဟာ ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။
ဝန်ကြီးချုပ် တာကာအီချီရဲ့ အစိုးရဟာ အသုံးစရိတ်တွေကို အဆမတန် တိုးမြှင့်သုံးစွဲဖို့ ပြင်ဆင်နေသလို တစ်ဖက်မှာလည်း နိုင်ငံရဲ့ ကြီးမားလှတဲ့ အကြွေးဝန်ထုပ်ဝန်ပိုးအတွက် ကုန်ကျစရိတ် သက်သာစေဖို့ ဗဟိုဘဏ်ကို အတိုးနှုန်းမမြှင့်အောင် ဖိအားပေးနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆနေကြတာပါ။ ဒီလို မရေရာမှုတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လကစလို့ ငွေတိုက်စာချုပ် အတိုးနှုန်းတွေ တရိပ်ရိပ် တက်လာခဲ့ရာမှာ အစိုးရအနေနဲ့ မူဝါဒလမ်းညွှန်ထဲက စာသားအချို့ကို အကြိမ်ကြိမ် ပြန်လည် ပြင်ဆင်ခဲ့ရပါတယ်။ အစောပိုင်း မူကြမ်းမှာ ပါဝင်တဲ့ “ပုဂ္ဂလိက ဝယ်လိုအားကို မြှင့်တင်မယ့် ငွေကြေးမူဝါဒ” ဆိုတဲ့ စကားရပ်ကို ဖြုတ်ပစ်ခဲ့ရသလို ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို အလေးထားတဲ့ အချက်တွေကိုလည်း ထည့်သွင်းခဲ့ရပါတယ်။
နောက်ဆုံး အတည်ပြုလိုက်တဲ့ မူဝါဒလမ်းညွှန်မှာ “ခိုင်မာတဲ့ စီးပွားရေးစနစ်တစ်ခု ရရှိဖို့အတွက် ကုန်ဈေးနှုန်းတွေ တည်ငြိမ်စွာ မြင့်တက်လာအောင် ငွေကြေးမူဝါဒတွေကို သင့်တော်သလို ကျင့်သုံးဖို့ဟာ အင်မတန် အရေးကြီးပါတယ်” လို့ ဖော်ပြထားပါတယ်။ ဂျပန်ဥပဒေအရ ဗဟိုဘဏ်ဟာ နိုင်ငံရေးအရ စွက်ဖက်မှုတွေကနေ ကင်းလွတ်ခွင့်ရှိပေမဲ့ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေနဲ့တော့ ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဝန်ကြီးချုပ် တာကာအီချီဟာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ “Abenomics” မူဝါဒကို အားပေးသူတစ်ဦးဖြစ်ပြီး အခုမူဝါဒသစ်မှာလည်း ၂၀၄၀ ပြည့်နှစ်အထိ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကနေ ဒေါ်လာ ၂ ဒသမ ၂၈ ထရီလီယံ (ယန်း ၃၇၀ ထရီလီယံ) ကျော် ရင်းနှီးမြှုပ်နှံသွားဖို့ ရည်မှန်းထားပါတယ်။ အရင်အစိုးရတွေလို “ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေး” ဆိုတဲ့ စကားလုံးအစား “ဘဏ္ဍာရေး ရေရှည်တည်တံ့မှု” (Fiscal Sustainability) ဆိုတဲ့ စကားလုံးကို ပြောင်းလဲအသုံးပြုထားပြီး စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်သွားမယ်လို့ [ဂျပန်အစိုးရ] က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ဂျပန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဟာ ၁ ရာခိုင်နှုန်းမှာသာ ရှိနေသေးပြီး အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ယှဉ်ရင် အလွန်နည်းပါးနေဆဲ ဖြစ်ပါတယ်။
သတင်း Source: Reuters