ဧပြီ ၁၂ ၊ ၂၀၂၅
တရုတ်သမ္မတ ရှီကျင်းဖျင်သည် လာမည့်အပတ်တွင် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားသို့ သွားရောက်မည်ဖြစ်ပြီး အမေရိကန်၏ ကုန်သွယ်ရေးဖိအားများကို တန်ပြန်နိုင်ရန်၊ အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်နိုင်ရေး ရည်မှန်းထားသည်ဟု သိရပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၄-၁၅ ရက်တွင် ဗီယက်နမ်သို့ ဦးစွာသွားရောက်မည်ဖြစ်ပြီး၊ ဧပြီ ၁၅-၁၈ ရက်အထိ မလေးရှားနှင့် ကမ္ဘောဒီးယားသို့ ဆက်လက်လှည့်လည်မည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဧပြီ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။
ယခုခရီးစဉ်သည် ၂၀၂၅ ခုနှစ်တွင် ရှီကျင်းဖျင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအခွန်ဖိအားများကြားတွင် အရေးပါသည့် သံတမန်ရေးလှုပ်ရှားမှုတစ်ခုဖြစ်သည်။ ထရမ့်သည် တရုတ်သို့ သွင်းကုန်အခွန် ၁၄၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားသို့ ၄၉ ရာခိုင်နှုန်း၊ ဗီယက်နမ်သို့ ၄၆ ရာခိုင်နှုန်းနှင့် မလေးရှားသို့ ၂၄ ရာခိုင်နှုန်း အသီးသီးချမှတ်ခဲ့သည်။
ရှီကျင်းဖျင်က အဆိုပါကုန်သွယ်ရေးဖိအားများကို ရင်ဆိုင်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဘက်စုံပူး ပေါင်းဆောင်ရွက်မှု ကို မြှင့်တင်မည်ဟု ကတိပြုထားသည်။ ပြီးခဲ့သည့်အပတ်က အာဆီယံဒေသတွင် တရုတ်၏ ကုန်သွယ်ရေးပမာဏသည် ၂၀၂၄ ခုနှစ်တွင် ၉၆၂.၉၈ ဘီလီယံဒေါ်လာအထိ ရှိခဲ့ပြီး၊ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ပြသနေသည်။
အာဆီယံနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံနဲ့ ရထားလမ်းဆိုင်ရာ သဘောတူညီချက်များ အပါအဝင် စာချုပ် ၄၀ ခန့် လက်မှတ်ရေးထိုးရန် မျှော်မှန်းထားပြီး မလေးရှားနှင့် ကမ္ဘောဒီးယားတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ အာရုံစိုက်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘောဒီးယားနှင့် တရုတ်ကြား ကုန်သွယ်ရေးပမာဏသည် ၁၅.၁ ဘီလီယံဒေါ်လာအထိ တိုးတက်ခဲ့သည်ဟု သိရပါသည်။
ဧပြီ ၉ ရက်နေ့တွင် ထရမ့်က အခွန်စည်းကြပ်မှုများ ၉၀ ရက် ဆိုင်းငံ့ထားပြီး ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ကြေညာခဲ့သလို ဥရောပသမဂ္ဂကလည်း တန်ပြန်အခွန်အစီအစဉ်များကို ဆိုင်းငံ့ထားသည်။ သို့သော် ရှီကျင်းဖျင်၏ ဤခရီးစဉ်သည် အာဆီယံဒေသတွင် တရုတ်၏ ဩဇာအာဏာကို ပိုမိုခိုင်မာစေရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးဖိအားများကို ရင်ဆိုင်ရန် ဗျူဟာမြောက်ကြိုးပမ်းမှုတစ်ခုအဖြစ် လေ့လာသူများက သုံးသပ်ထားသည်။
အာဆီယံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က “အမေရိကန်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းရင်း တရုတ်အပါအဝင် အိမ်နီးချင်းများနှင့် ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းရန် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်” ဟု ပြောကြားခဲ့သည်။