ဟားခါးမြို့တွင် စစ်ကောင်စီကျောင်းများအပေါ် ပြည်သူများ၏ စိတ်ဝင်စားမှုနည်းပါးခြင်းနှင့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများ
မေ ၂၉
The Kaladan Post
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်မှ စတင်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအပေါ် ဒေသခံပြည်သူအချို့၏ စိတ်ဝင်စားမှု နည်းပါးနေကြောင်း သိရသည်။ အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ကလေးများသည် စစ်ကောင်စီကျောင်းများသို့ တက်ရောက်ရန် စိတ်ဝင်စားမှု မရှိရခြင်း၏ အဓိက အကြောင်းရင်းမှာ ဆရာ/မများ လုံလောက်မှုမရှိခြင်း၊ NON-CDM ဆရာ/မများ၏ မလိုလားအပ်သော သင်ကြားမှုနည်းလမ်းများနှင့် အကျင့်စာရိတ္တဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ၂၀၁၉ ကိုဗစ်ကပ်ရောဂါမှ စတင်ကာ ၂၀၂၃ ခုနှစ် အစောပိုင်းအထိ ကျောင်းများ ဆက်လက်ပိတ်ထားရမှုကြောင့် ကလေးအချို့၏ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနှင့် မိဘများ၏ ထိန်းချုပ်မှု အားနည်းခြင်းတို့ကြောင့် မဖြစ်မနေ ကျောင်းတက်ရန် လိုအပ်ချက်အရ စစ်ကောင်စီကျောင်းများသို့ တက်ရောက်သူများ ရှိလာသည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ ထို့ပြင် ငွေကြေးတတ်နိုင်မှု ကန့်သတ်ချက်နှင့် စည်းကမ်းကောင်းမွန်သော သင်ကြားရေးပတ်ဝန်းကျင် ရှာဖွေရန် အခက်အခဲများကြောင့် အချို့ကလေးများသည် စစ်ကောင်စီကျောင်းများသို့ တက်ရောက်နေရသည်ဟုလည်း ၎င်းက ဆိုသည်။
နောက်ထပ် ဒေသခံတစ်ဦးက “ကျွန်တော်ထင်မြင်ချက်အနေနဲ့ တစ်နေ့တစ်ချိန် တော်လှန်ရေးတပ်ဖွဲ့တွေ အောင်မြင်လိမ့်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာသာ ကျောင်းဖွင့်လှစ်နိုင်ပြီး ဟားခါးမြို့မှာ တော်လှန်ရေးကျောင်းမရှိတဲ့အတွက် ရှိရင်းစွဲ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းတက်ဖို့ လိုအပ်ပါတယ်” ဟု The Kaladan Post သို့ ပြောကြားသည်။ ၎င်းက စစ်ကောင်စီကျောင်းများတွင် တက်ရောက်နေသည့် ကလေးများကို တော်ဲလှန်ရေးတပ်ဖွဲ့များက အသိအမှတ်ပြုရန်လည်း လိုအပ်ကြောင်း ထောက်ပြထားသည်။