ဇူလိုင် ၁၀

The Kaladan Post

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)-ဟားခါးသည် ဇူလိုင် ၈ ရက်တွင် ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွ ဆေးပြား ၃ သန်းခန့်နှင့် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်တွင် ဖမ်းဆီးခဲ့ာကြောင်း Chinland Defence Force-Hakha ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါမူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး CDF-Hakha Central Council အထွေထွေအတွင်းရေးမှူးက “ ဒီမူးယစ်ဆေးဝါးဟာ ဘယ် သူပိုင်ဆိုတာကျွန်တော်တို့ အတည်အပြုနိုင်သေးပါဘူး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ဖွဲ့အပိုင်ဆိုပြီးတော့လည်းပြောလို့မရဘူးဗျ ဒါပေမဲ့ ဒီမူးယစ်ဆေးဝါးဟာ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုခုနဲ့တော့ ဆက်စပ်မှုရှိတယ် ဆိုတာတော့ ကျွန်တော်တို့ ယုံကြည်တယ် ယခုအချိန်မှာ ကျွန်တော်တို့က ဒီမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး ဆက်လက်စုံ စမ်းနေ ဆဲဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။

Chinland Defence Force-Hakha သည် ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော် တို့ကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ဂန်ဂေါ့်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ရှာဖွယ်နေဆဲဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသော တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦး၊ ယာဉ်နောက်လိုက် ၁ ဦး ပါဝင်ပြီး မောင်းပြန် သေနတ် ၂ လက်နှင့် Mini Starlink ၂ခုလည်း သိမ်းဆည်းရမိပြီး ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဆေးဝါးများသည် ဆားလင်းကြီးမြို့နယ်မှ သယ်ယူလာခြင်းဖြစ်ပြီး ယင်းမာပင်တပ်ရင်း(၁၅)နှင့် ဆက်နွှယ်နေကြောင်း သိရသည်။ CDF-ဟားခါးက ဖမ်းဆီးရမိသူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ပြီး၊ မူးယစ် ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှုနှင့် သယ်ယူပို့ဆောင်မှုများကို ဆက်လက်ထိန်းချုပ်ရန် ပြည်သူများအား ပူးပေါင်းပါဝင်ပေးကြရန် ၎င်းထုန်ပြန်ချက်တွင် တိုက်တွန်းထားပါသည်။