ဖေဖေါ် ၁၈
The Kaladan Post
Iran သည် နိုင်ငံ၏ မဟာဗျူဟာအရေးပါသည့် Strait of Hormuz တွင် ခဲယမ်းမီးကျောက်အစစ်များ အသုံးပြု၍ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် စတင်ခဲ့သည်။
အစိုးရပိုင် Islamic Republic News Agency (IRNA) ၏ ဖော်ပြချက်အရ လေ့ကျင့်မှုကို အီရန်၏ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် Islamic Revolutionary Guard Corps (IRGC) က ဦးဆောင်ပြီး အစိုးရရေတပ်လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ယခုစစ်ရေးလေ့ကျင့်မှုသည် အီရန်၏ နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စများအတွက် United States ကိုယ်စားလှယ်အဖွဲ့နှင့် Geneva တွင် တွေ့ဆုံဆွေးနွေးမည့် အချိန်မတိုင်မီ တစ်ရက်အလိုတွင် စတင်ခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်မှု၏ ကြာချိန်ကိုတော့ တရားဝင် မထုတ်ပြန်သေးပါ။
လက်ရှိအချိန်တွင် အီရန်နှင့် အမေရိကန်တို့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး အီရန်အနီးပတ်ဝန်းကျင်ဒေသတွင် အမေရိကန်က ရေတပ်နှင့် လေတပ်အင်အားများ တိုးမြှင့်ဖြန့်ကျက်ထားသည်။
IRGC ဘက်မှတော့ ယခုလေ့ကျင့်မှုသည် လိုအပ်လာပါက ဟောမုဇ် ရေလက်ကြားကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားထားသည်။ ဟောမုဇ် ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသည့် မဟာဗျူဟာအရေးပါသည့် ရေလမ်းကြောင်းဖြစ်သည်။ အီရန်ကလည်း နိုင်ငံအား တိုက်ခိုက်မှုတစ်စုံတစ်ရာ ကြုံတွေ့လာပါက ယင်းရေလက်ကြားကို ပိတ်ဆို့နိုင်ကြောင်း ယခင်က ခြိမ်းခြောက်ထားဖူးသည်။
အမေရိကန်သမ္မတ Donald Trump က အီရန်အနေဖြင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများတွင် လက်တွေ့ကျကျ ပါဝင်ပြီး သဘောတူညီမှုရရှိရေး ကြိုးပမ်းရန် တိုက်တွန်းထားသည်။ သို့သော် သဘောတူညီမှု မရရှိပါက စစ်ရေးနည်းလမ်းများ အပါအဝင် အခြားရွေးချယ်စရာများကိုလည်း အသုံးပြုနိုင်ကြောင်း ခြိမ်းခြောက်ပြောကြားထားသည်။
ထို့အပြင် United States Central Command (CENTCOM) သည် အရှေ့အလယ်ပိုင်းဒေသ၌ စစ်အင်အားများ ဆက်လက်ဖြန့်ကျက်နေမှုကို ထုတ်ဖော်ပြသခဲ့သည်။ လူမှုကွန်ရက် X တွင် တင်ထားသည့် ဓာတ်ပုံများအရ EA-18G Growler အီလက်ထရောနစ် စစ်ဆင်ရေးလေယာဉ်များနှင့် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များကို USS Abraham Lincoln လေယာဉ်တင်သင်္ဘောမှ ပျံတက်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသည်။
Source — Fox News
ဓာတ်ပုံ — Getty Images