ဖေဖေါ် ၂၀

The Kaladan Post

 

ဗြိတိန် တော်ဝင်မိသားစုဝင်ဟောင်း ဖြစ်သည့် Prince Andrew, Duke of York ကို အမေရိကန် သက်ငယ်မုဒိမ်းနှင့် လူမှောင်ခိုအမှုများကြောင့် နာမည်ဆိုးထွက်ခဲ့သော Jeffrey Epstein နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲချက်များအပေါ် အခြေခံကာ ဖမ်းဆီးထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၆၆ နှစ်အရွယ် မင်းသားဟောင်းအား ဖေဖော်ဝါရီ ၁၉ ရက်၊ သူ၏ မွေးနေ့တွင် Thames Valley Police က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် ဆန်ဒရင်ဂမ်ရှိ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

ထို့အပြင် ဝင်ဆာရဲတိုက်ဝင်းအတွင်းရှိ ယခင် မင်းသားအဆောင်အယောင်အိမ်တော်တစ်ခုတွင်လည်း ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မင်းသားအန်ဒရူးသည် ယခင်က Charles III ၏ ညီတော်ဖြစ်ပြီး ယခင်နှစ်များအတွင်း တော်ဝင်အခွင့်အရေးများနှင့် ဘွဲ့ဂုဏ်ပုဒ်များကို ရုပ်သိမ်းခံခဲ့ရသည်။

သတင်းများအရ အန်ဒရူးအား ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်များအတွင်း ဗြိတိန်၏ ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်စဉ် မလျော်မကန် ပြုမူမှုများနှင့် လျှို့ဝှက်အချက်အလက်များ ပေါက်ကြားစေမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Thames Valley Police က အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို အစိုးရတာဝန် ထမ်းဆောင်ချိန် မလျော်မကန် ပြုမူခဲ့သည်ဟု စွပ်စွဲချက်များအရ ဖမ်းဆီးထားကြောင်းသာ အတည်ပြုထားပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ဘာ့ခ်ရှိုင်းယားနှင့် နော်ဖော့ခ် ဒေသများတွင်လည်း ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အပ်စတိန်းနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများ၊ တရားရုံး စစ်ချက်မှတ်တမ်းများ စုစည်းထားသည့် “အပ်စတိန်း ဖိုင်များ” တွင် မင်းသားအန်ဒရူးနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်ခဲ့ခြင်းကြောင့် လူထုအာရုံစိုက်မှု မြင့်တက်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က “ဥပဒေအထက်တွင် ဘယ်သူမျှ မရှိနိုင်” ဟု ယခင်က မှတ်ချက်ပေးထားခဲ့သည်။ ယခုဖမ်းဆီးမှုသည် ခေတ်သစ် ဗြိတိန်သမိုင်းတွင် တော်ဝင်မိသားစုဝင်တစ်ဦးအား တရားရေးအရ ဖမ်းဆီးခြင်းအဖြစ် အလွန်ရှားပါးသည့် ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်နိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကာလအတွင်း မင်းသားဟောင်းကို ချုပ်နှောင်ထားမည်ဟု ထုတ်ပြန်ထားသည်။

Source – The Guardian

Photo – BAVMEDIA, AP