ဖေဖေါ် ၂၇
The Kaladan Post
ဂျက်ဖရီ အပ်စတိန်း အရှုပ်တော်ပုံနှင့် ဆက်စပ်သည့် လွှတ်တော် စစ်ဆေးကြားနာမှုတစ်ရပ်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် သမ္မတကတော်ဟောင်း Hillary Clinton က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
၎င်းသည် အမေရိကန် အောက်လွှတ်တော်၏ အပ်စတိန်းဖိုင်များဆိုင်ရာ ကြားနာစစ်ဆေးရေး ကော်မတီရှေ့မှောက်တွင် ထွက်ချက်ပေးခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် ဂျက်ဖရီ အပ်စတိန်းနှင့် လုံးဝ မသိကျွမ်းခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
Jeffrey Epstein သည် သက်ငယ်မုဒိမ်းမှုနှင့် လူမှောင်ခိုမှု စွပ်စွဲချက်များကြောင့် ဖမ်းဆီးခံထားရစဉ် ၂၀၁၉ ခုနှစ်တွင် ထောင်အတွင်း သေဆုံးခဲ့သူဖြစ်ပြီး ယင်းနှင့် ဆက်စပ်သည့် အမှုမှတ်တမ်းများကို “အပ်စတိန်းဖိုင်များ” ဟု ခေါ်ဆိုကြသည်။ ယင်းဖိုင်များအတွင်း နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ထင်ရှားသူများ၏ အမည်များ ပါဝင်နေသည်ဟု သိရသဖြင့် လူထုစိတ်ဝင်စားမှု မြင့်တက်နေသည်။
အဆိုပါဖိုင်များတွင် ဟီလာရီ၏ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း Bill Clinton နှင့် လက်ရှိ အမေရိကန် သမ္မတ Donald Trump တို့၏ အမည်များပါ ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်တွင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီများအကြား အပြန်အလှန် စွပ်စွဲထိုးနှက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ကလင်တန် ဇနီးမောင်နှံသည် ယခင်က လွှတ်တော် ကြားနာမှုသို့ တက်ရောက်ထွက်ဆိုရန် ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံသဘောတူခဲ့ကြသည်။ ဟီလာရီက မိမိအနေဖြင့် ယခင်ကလည်း အပ်စတိန်းနှင့် မသိကျွမ်းခဲ့ကြောင်း အကြိမ်ကြိမ် ပြောကြားထားပြီး ဖြစ်သကဲ့သို့ ယခုလည်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။
ကြားနာမှု ပြီးဆုံးပြီးနောက် လွှတ်တော်ရှေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌လည်း တည်ငြိမ်စွာ ရပ်တည်ခဲ့ပြီး အမှန်တရား ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ နောက်တစ်ရက်တွင် Bill Clinton သည်လည်း လွှတ်တော်ကြားနာမှုကို ဆက်လက် ခံယူမည် ဖြစ်သည်။
ဟီလာရီက အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ထိန်းချုပ်ထားသည့် အောက်လွှတ်တော် ကြားနာမှုကော်မတီအနေဖြင့် Donald Trump ကိုလည်း ခေါ်ယူမေးမြန်းသင့်ကြောင်း ပြောကြားခဲ့ပြီး ယင်းကြားနာမှုသည် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်ပါတီကိုမျှ တစ်ဖက်သတ် ကာကွယ်ပေးခြင်း မဖြစ်သင့်ကြောင်း ဆိုသည်။
ထို့အပြင် အပ်စတိန်းအမှုနှင့် ပတ်သက်၍ နစ်နာခဲ့သူများအတွက် အမှန်တရားနှင့် တရားမျှတမှု ရရှိရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသော်လည်း လုံလောက်သည့် လုပ်ဆောင်မှု မရှိခဲ့ကြောင်းလည်း ဟီလာရီက ဝေဖန်ခဲ့သည်။
တစ်ဖက်တွင်လည်း Donald Trump သည် မိမိနှင့် အပ်စတိန်းတို့အကြား ယခင်က ရင်းနှီးမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်းနှင့် အပ်စတိန်း၏ ဒုစရိုက်မှုများကို မသိခဲ့ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည်။ ဖိုင်များအတွင်း ထရမ့်၏ အမည်ကို ရည်ညွှန်းချက်များ ပါဝင်သော်လည်း တိုက်ရိုက် ကြံရာပါဖြစ်ခဲ့သည်ဟု သက်သေအထောက်အထား မတွေ့ရှိရသေးကြောင်း သိရသည်။
ကိုးကား – BBC
ဓာတ်ပုံ – EPA