ဇွန် ၁၆၊ ၂၀၂၆

The Kaladan Post

 

အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား ပင်လယ်ကွေ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရန့်က ဇွန်လ ၁၅ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း ခုလို သတင်းစကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ပြီးခဲ့တဲ့ ဧပြီလက ရရှိထားတဲ့ အပစ်ရပ်စဲမှုကို နောက်ထပ် ရက်ပေါင်း ၆၀ ထပ်မံသက်တမ်းတိုးမှာဖြစ်သလို၊ အီရန်ဘက်က ပိတ်ဆို့ထားတဲ့ ဟောမုဇ်ရေလက်ကြား (Strait of Hormuz) ကိုလည်း ပြန်လည်ဖွင့်လှစ်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ စာချုပ်ပါ အသေးစိတ်အချက်အလက်တွေကိုတော့ အခုအချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ နှစ်နိုင်ငံစလုံးကလည်း ဒါဟာ ကနဦးအဆင့်သာ ဖြစ်တာကြောင့် အမြဲတမ်းစစ်ပြေငြိမ်းရေးအတွက်ကိုတော့ ဆက်လက်ညှိနှိုင်းသွားရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အငြင်းပွားဖွယ်ဖြစ်နေတဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ နောက်ပိုင်းဆွေးနွေးပွဲတွေမှာမှ သီးခြားဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

“အခုလို ငြိမ်းချမ်းရေးအရိပ်အယောင်တွေ ထွက်ပေါ်လာတာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ ၃ လအတွင်း အနိမ့်ဆုံးအဆင့်အထိ ချက်ချင်းထိုးကျသွားခဲ့ပါတယ်” လို့ စီးပွားရေးလေ့လာသူတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးအနေနဲ့ လက်ဘနွန်အပေါ် တိုက်ခိုက်နေတာတွေကို ရပ်တန့်ရမယ်လို့ တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်ကြားက ဒီအပစ်ရပ်စာချုပ်ဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာက ရှုမြင်နေကြပေမဲ့ အပြီးသတ် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ဖို့ကတော့ အချိန်ယူရဦးမယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

Source: Reuters (Steve Holland, Parisa Hafezi and Maayan Lubell)