မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်

ဖြေကြားသူ- ဆရာမျိုးထိုက်တန်သိန်း၊ နိုင်ငံခြားရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (NRA)

 

ဆလိုင်း ဒိုခါရ်၊ –  ဟုတ်ကဲ့ အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ The Kaladan Post ကို အမြဲတမ်း အားပေးကြည့်ရှုပေးတဲ့ တော်လှန်ပြည်သူများခင်ဗျာ။ ဒီနေ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ နွေဦးတော်လှန်ရေး အခြေအနေကို သုံးသပ်ရင်းနဲ့ NUG အပါအဝင် တခြား တော်လှန်ရေးအင်အားစုရဲ့ ဦးဆောင်မှုကဏ္ဍမှာ ပြည်သူတွေ မေးခွန်းထုတ်လာမှုနဲ့အတူ အသစ်ပေါ်လာတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေး ပေါင်းစပ် ညှိနှိုင်းနိုင်ရေး အတွက် ဖွဲ့စည်းထားတဲ့ NRA အဖွဲ့ထဲက ပြောရေးဆိုခွင့်ရှိသူ ဆရာမျိုးထိုက်တန်သွေးနဲ့ ကျွန်တော် အခြေအနေ အသေးစိတ်လေးကို ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အော် ဆရာ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ပထမဦးစွာ ကျေးဇူးတင်ကြောင်း ဖော်ပြပေးရစေခင်ဗျာ။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ဗျာ။ အခုလို အချိန်ပေး ပြီးတော့ ဖိတ်ကြားပေးတဲ့အတွက်။

 

ဆလိုင်း ဒိုခါရ်၊ –  ဆိုတော့ ဆရာ ပထမဆုံးအနေနဲ့ NUCC တို့၊ ပြီးတော့ K3C တို့ ဆိုတဲ့ဟာတွေက တော်လှန်ရေး အောင်မြင်နိုင်ဖို့အတွက် ပေါင်းစပ်ထားတဲ့ alliance ပုံစံမျိုး ဆိုပြီးတော့မှ တင်စားကြတယ်။ သို့သော် ဒါ လေးနှစ်တာကာလအတွင်းမှာ အောင်မြင်မှုအတိုင်းအတာ တစ်ခုထိ ရပေမယ့် ဒါ မေးခွန်းထုတ်စရာတွေလည်း များစွာကျန်ရှိနေပါသေးတယ်။ ဆိုတော့ NRA က အဲဒီ K3C တို့၊ NUCC တို့နဲ့ ဘာကွာသလဲ။ ဒီဆရာတို့ရဲ့ အဓိက နိုင်ငံရေးကော်မရှင်ရဲ့ လုပ်ဆောင်ရမယ့် နိုင်ငံရေးကဏ္ဍက အရှိနှင့်ထားပြီးသား ကောင်စီတို့၊ ကော်မတီတို့ထက် ဘာတွေ ကွာခြားသလဲဆရာ။ အဲဒါ ရှင်းပြပေးပါဦးခင်ဗျာ။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  ဟုတ်ကဲ့ ဆရာ။ ကျွန်တော်တို့ တော်လှန်ရေးကာလ နိုင်ငံရေးဟာ စစ်အနိုင်တိုက်ရေးဖြစ်တယ်ဆိုတဲ့ ကျွန်တော်တို့ နော် အဆိုအမိန့်ရှိပါတယ်။ ဆိုတော့ကာ ကျွန်တော်တို့က အဓိကက စစ်အနိုင်တိုက်ရေးကို ကျွန်တော်တို့က ဦးစားပေးသွားမှာပါ။ ဆိုတော့ ကျွန်တော်တို့ ဒီစစ်အနိုင်တိုက်ရေးအတွက် တကယ့် စစ်အနိုင်တိုက်ဖို့ လုပ်ငန်း စဉ်တွေ၊ လုပ်ရပ်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိကလုပ်သွားမှာပါ။ ဆိုတော့ကာ ကျွန်တော်တို့သည် လက်ရှိ မြေပြင်အခြေအနေ၊ တော်လှန်ရေးရဲ့ တောင်းဆိုမှုအရ ကျွန်တော်တို့ မဖြစ်မနေ ပေါ်ပေါက်လာတဲ့ အဖွဲ့တစ်ခုဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အဓိကလုပ်ဆောင်သွားမှာက စစ်အနိုင်တိုက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်သွားမယ်။ အဓိကက ကျွန်တော်တို့က စစ်ရေးကို အဓိကဦးစားပေးပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်ခင်ဗျာ။

 

ဆလိုင်း ဒိုခါရ်၊ –  ဆိုရင် ဒါ NUCC တို့လို တစ်နိုင်ငံလုံး သဘောတူတဲ့ ဖွဲ့စည်းပုံဟာမျိုး၊ charter ဟာမျိုးကို အဖြေရှာခြင်းမျိုး မဟုတ်ဘဲနဲ့ စစ်ရေးကဏ္ဍပူးပေါင်းနိုင်ဖို့အတွက် အထောက်အကူ ပြုမယ့် နိုင်ငံရေးအပေးအယူ တချို့ဟာမျိုး ကျန်တဲ့ အဖွဲ့ဝင် member တွေကြား၊ အဖွဲ့ဝင် ဖြစ်လာမယ့် တော်လှန်ရေးအင်အားစုတွေကြားမှာ လုပ်ဆောင်သွားမယ့် သဘောမျိုးလား။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  အထူးသဖြင့် ဗမာဒေသပေါ့နော်၊ မြေပြန့်ဒေသမှာ ကျွန်တော်တို့တွေ ပျံ့ကျဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်။ အများကြီးပဲ။ ဆိုတော့ ကျွန်တော်တို့ အဓိကအားဖြင့် LDF တွေပေါ့ဗျာ၊ local အဖွဲ့တွေပေါ့နော်၊ အများကြီးရှိတယ်။ ဆိုတော့ ဒါတွေက ကျွန်တော်တို့က ဒီ အခုဆို လေးနှစ်ကျော် ငါးနှစ်လောက်ရှိပြီ။ စုစည်းပြီးတော့ တပ်ပေါင်းစုပေါ့ဗျာ၊ ကျွန်တော်တို့ လုပ်ဆောင်နိုင်ရမယ့် အနေအထားက ဖြစ်ခဲ့ရမှာ။ ဒီလိုတွေဖြစ်ဖို့ကိုလည်း ကျွန်တော်တို့က တောက်လျှောက် တိုက်တွန်းနှိုးဆော်လာခဲ့တယ်။ သို့သော် ယနေ့ ကျွန်တော်တို့ ငါးနှစ်တာ ကာလပြည့်တော့မယ်။ ဒါကို မလုပ်ဆောင် နိုင်သေးဘူး။ မလုပ်ဆောင်နိုင်သေးဘူးဆိုတော့ ကျွန်တော်တို့ ဒါတွေက မဖြစ်မနေလုပ် ရတော့မယ့် အနေအထားဖြစ်လာတယ်။ ဆိုတော့ တော်လှန်ရေးကာလ နိုင်ငံရေးသည် ကျွန်တော်တို့ စစ်အနိုင်တိုက်ရေးဖြစ်တယ်ဆိုတဲ့ အဆိုအမိန့်အတိုင်း ကျွန်တော်တို့က စစ်ကိုနိုင်အတိုက်ကြမှ ရမယ်။ စစ်ကိုနိုင်မှသာလျှင် ကျွန်တော်တို့တွေ ဖြစ်ချင်တဲ့ နိုင်ငံရေးပုံစံတွေ၊ နော် ကျွန်တော်တို့တွေ ဖြစ်ချင်တဲ့ federal democracy ဆိုတာကို ကျွန်တော်တို့က လုပ်ဆောင်နိုင်မှာဖြစ်တယ်။ ဆိုတော့ မဖြစ်မနေ ကျွန်တော်တို့ လုပ်ရမယ်။ လက်ရှိ လောလောဆယ် ဒီပုံစံအတိုင်းနဲ့ သွားလို့မရတော့ဘူး။ သွားလို့ရှိရင် ကျွန်တော်တို့က တော်လှန်ရေးကြီး သားလျှောသွားနိုင်တဲ့ အနေအထားရှိတယ်။ ဒါက လက်ရှိမြေပြင်အခြေ အနေပါ။ တစ်ဖက်မှာ မင်းအောင်လှိုင်ကလည်း ပြန်လည်စုဖွဲ့ ပြင်ဆင်မှုတွေနဲ့ အထူးသဖြင့် ဒီ ၂၀၂၅ မှာ ကျွန်တော်တို့ နောင်ချိုတို့၊ မိုးဗြဲတို့ ကိစ္စတွေဆိုတာ အရှိတရားပါ။ စစ်ကောင်စီ ဘက်က သူ့ရဲ့ အားနည်းချက်တွေအတွက် ပြင်ဆင်စုဖွဲ့မှုတွေ သူတို့လုပ်နိုင်တယ်။ ဒါကလည်း တစ်ဖက်သတ် upper hand ယူထားတဲ့ ပုံစံလည်းဖြစ်ပါတယ်။ အဲ့တော့ သူတို့က မဖြစ်မနေ စစ်မှုထမ်းဥပဒေနဲ့ မြန်မာပြည်သူတွေကို အတင်းအကျပ် မြန်မာပြည်သူတွေအားလုံးကို စစ်မှုထမ်းခိုင်းတဲ့ အနေအထားရှိတယ်။ ရှိတော့ သူတို့ရဲ့လိုအပ်တဲ့ နော် သူတို့ ပြုန်းတီးသွားတဲ့ စစ်သားတွေရဲ့နေရာမှာ ပြည်သူတွေကို အစားထိုးတာ အခုဆို သိန်းဂဏန်းလောက်အထိ ဖြစ်နေပြီ။ ဒါ့အပြင်ကို နောင်တစ်ချိန်မှာ သူတို့က အရွယ်ရောက်သူတိုင်းကို မဖြစ်မနေ စစ်မှု ထမ်းခိုင်းမယ်ဆိုတဲ့ အနေအထားထိ ကျွန်တော်တို့ သတင်းတွေကြားရတယ်။ အဲ့တော့ သူတို့ အတွက် ပြုန်းတီးသွားတဲ့ သူတို့ရဲ့ စစ်သားတွေရဲ့နေရာမှာ ပြည်သူတွေနဲ့ အစားထိုးပြီးတော့ အဲ့ပြည်သူတွေကို ရှေ့တန်းကိုပို့၊ အသေခံခိုင်း၊ လူသားဒိုင်းကာတွေ၊ လူသားမိုင်းရှာတဲ့ ကိရိယာအဖြစ် သူတို့ အသုံးပြုပြီးတော့ နော် လူအင်အားကို ဖောဖောသီသီသုံး၊ လက်နက် အင်အားကို ဖောဖောသီသီသုံးပြီးတော့ ပြန်လည်လုပ်ဆောင်လာတာတွေ ရှိတယ်။ ဒါသည် အရှိတရားဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့က ဒီဟာတွေကို ဘယ်လိုတုံ့ပြန်မလဲ။ ကျွန်တော်တို့ ဒီပုံစံအတိုင်းသွားလို့တော့ မဖြစ်ဘူး။ ကျွန်တော်တို့ လုပ်ကြမှဖြစ်မယ်။ ဆိုတော့ အဓိကက ကျွန်တော်တို့တွေ အကုန်လုံး စုပေါင်းပြီးတော့ စုစုစည်းစည်းနဲ့ ကျွန်တော်တို့ လုပ်နိုင်လို့ရှိရင် ဒီအကြမ်းဖက်စစ်တပ်ကို ကျွန်တော်တို့ ကောင်းကောင်းလေး နှိမ်နင်းနိုင် တယ်။ အဲ့တော့ ကျွန်တော်တို့မှာ စိတ်ဓာတ်တွေရှိတယ်၊ လူအင်အားတွေရှိတယ်။ ဆိုတော့ တခြားဒေသမကြည့်နဲ့ ကျွန်တော်တို့ အညာဗမာဒေသမှာကို အများကြီးရှိတယ်။ ဆိုတော့ တကယ်လို့များ ကျွန်တော်တို့က ဒါတွေကို စုစည်းနိုင်မယ်၊ ပေါင်းစပ်နိုင်မယ်၊ မဟာမိတ်တွေ ဖွဲ့နိုင်မယ်၊ မိတ်ဖက်တွေလုပ်နိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တပ်ပေါင်းစုတွေဖြစ်လာမယ်။ အဲ့တပ်ပေါင်းစုတွေနဲ့ နော် စစ်ရေးအရ ကျွန်တော်တို့တွေ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ရန်သူကို ကောင်းကောင်း ပြန်ပြီးတော့ ချေမှုန်းလို့ရတဲ့ အနေအထားတွေရှိတယ်ဆိုတာကို ကျွန်တော် တို့ မြင်ရတယ်။ ဒါတွေကို လုပ်ဖို့ နော် ကျွန်တော်တို့တွေ ပြောလာခဲ့သော်လည်း လုပ်နိုင်ခြင်း မရှိဘူး။ လုပ်ခြင်းမရှိတဲ့အခါမှာ ကျွန်တော်တို့ မဖြစ်မနေ လုပ်ရတဲ့ အနေအထားဖြစ်တယ်။ အဲ့ဒီကနေ တစ်ဆင့် ကျွန်တော်တို့တွေ ဒီ ဗမာတိုင်းရင်းသားတင်မဟုတ်ဘူး၊ ကျွန်တော်တို့ တွေ ကျန်တဲ့ တိုင်းရင်းသား အကုန်လုံး တော်လှန်ရေးတပ်ဖွဲ့တွေ၊ အစုအဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီးတော့ မဟာမိတ်မိတ်ဖက်ဆက်ဆံရေးနဲ့ အဲ လုပ်သွားချင်တဲ့ ဆန္ဒတွေရှိတယ်။ ဆိုတော့ အဓိကကတော့ ကျွန်တော်တို့ စစ်အနိုင်တိုက်ရေး၊ စစ်အောင်နိုင်ရေးကို အခြေခံပြီး တော့ အဲ့ဒါ အောင်မြင်ရေးအတွက်ကို ကျွန်တော်တို့က အဖွဲ့အစည်းအားလုံးနဲ့၊ အစုအဖွဲ့ အားလုံးနဲ့ မိတ်ဖက်ဆက်ဆံရေးနဲ့ သွားပြီးတော့ တော်လှန်ရေးကို အောင်မြင်အောင်လုပ်ဖို့ အဓိကရည်မှန်းချက်ရှိပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ ကျေးဇူးပါ။

 

ဆလိုင်း ဒိုခါရ်၊ –  ဟုတ်ကဲ့ အဲ့ဒီမှာ ဆရာ တကယ်လို့ ပြောလို့ရမယ်ဆိုရင် အခု ဆရာတို့ ဖွဲ့စည်း ထားတဲ့ NRA ထဲမှာ ပါဝင်အဖွဲ့အစည်း ဘယ်လောက်ရှိထားပြီလဲ။ ဆွေးနွေးနေဆဲ ဘယ်လို အခြေအနေရှိလဲ။ နောက် ဒီ ဒီဟာ ဖွဲ့စည်းဖို့အတွက် ဘယ်လောက်ထိတောင် အချိန်ယူလာ ခဲ့သလဲပေါ့နော်။ လေးနှစ်တာကာလမှာ ရုတ်တရက်ပေါ်လာတဲ့ ဟာမျိုးလား၊ အခြေအနေ အရ။ သို့မဟုတ် ဟိုဟာ NUG အနေနဲ့ ဒါ မလုပ်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ မဖြစ်မနေ လုပ်ဖို့လိုမှာမို့လို့ ကြိုတင်ပြင်ဆင်ထားတဲ့ process နောက်ကွယ်က ရှိခဲ့သလား။ အဲ့ဒါလေး ဒါ ပြောလို့ရသလောက် ဆွေးနွေးပေးပါဦးခင်ဗျာ။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  ကျွန်တော်တို့ ဒါကတော့ ရုတ်တရက်ထပြီးတော့ ပေါ်လာတဲ့အဖွဲ့အစည်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အသီးသီးပေါ့ဗျာ၊ နော် ကျွန်တော်တို့ နောက်ခံသမိုင်း ကြောင်းနဲ့ ကျွန်တော်တို့တွေ ဒီဟာတွေကတော့ လိုအပ်ချက်ဖြစ်တယ်ဆိုတာကို ပြည်သူကို အသီးသီးတင်ပြနေတဲ့ အစုအဖွဲ့၊ အင်အားစုတွေဖြစ်ပါတယ်။ ဆိုတော့ကာ ဒါတွေကို ကျွန်တော်တို့က ဖြစ်စေချင်လို့ တင်ပြတယ်။ သို့သော် ဖြစ်မလာဘူး။ ဖြစ်မလာတဲ့အခါ ကျတော့ ကျွန်တော်တို့က စဉ်းစားစရာက ထိုင်စောင့်မလား၊ ဒီအတိုင်းပဲ လိုအပ်တဲ့ဟာတွေ ဖြစ်နေတယ်ဆိုပြီးတော့ ဒီအတိုင်းပဲ ပြောပြီးပြီးသွားပြီဆိုပြီးတော့ ပြောပြီးမီးသေနဲ့ လုပ်မလားဆိုတဲ့ အရာတွေကို ကျွန်တော်တို့က စဉ်းစားစရာရှိတယ်။ အဲ့တော့ ကျွန်တော်တို့က ဒါတွေက လိုအပ်တယ်ဆိုတာလည်း မီးမောင်းထိုးပြတယ်။ လုပ်သင့်တယ်ဆိုတာကိုလည်း တင်ပြတယ်။ အဲ့သလို မဖြစ်လာသေးတဲ့အချိန်မှာ ကျွန်တော်တို့က ဒီအတိုင်းကြီးပဲ ကြည့်နေ မလား။ ဒါမှမဟုတ်လို့ရှိရင် ကျွန်တော်တို့တွေ တာဝန်ယူကြမလား၊ ပခုံးထမ်းကြမလား ဆိုတာကို ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ အဲ့တော့ ကျွန်တော်တို့ အတွေးအခေါ်ပေါ့ဗျာ၊ နော် နောက်တစ်ခါကျတော့ ဒီလို ရှုမြင်သုံးသပ်မှုတူညီတဲ့ အလွှာအသီးသီးပေါ့၊ ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်အသီးသီး၊ တော်လှန်ရေးနယ်ပယ်အသီးသီး၊ စစ်ရေးနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ ဆွေးနွေးမှုတွေတော့ ရှိပါတယ်။ အဲ့လိုမျိုး အဆင့်ဆင့်ဆွေးနွေး ပြီးတဲ့အခါမှာ ဟုတ်ပြီ၊ ငါတို့ အမှန် ဒီ ကျွန်တော်တို့ အချိန်အခါအရ မဖြစ်မနေ ကျွန်တော်တို့ စုဖွဲ့ပြီးတော့ လုပ်ကြမှရမယ်။ ကျွန်တော်တို့က စိန်ခေါ်မှုတွေရှိလာပြီဆိုလို့ရှိရင် ကျွန်တော်တို့ မှာ ရွေးချယ်စရာဟာတွေရှိတယ်။ စိန်ခေါ်မှုတွေရှိတယ်၊ စိန်ခေါ်မှုတွေရှိတယ်ဆိုပြီးတော့ ကျွန်တော်တို့ ကြည့်နေမလား။ ဒါ့အပြင် အဲ့ဒီစိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ အဖြေရှာပြီးတော့ ရအောင်ကျော်လွှားမလားဆိုတာကို ကျွန်တော်တို့က စဉ်းစားစရာရှိတယ်။ အဲ့တော့ ကျွန်တော်တို့ ယနေ့ စုဖွဲ့လိုက်တဲ့ NRA အင်အားစုတွေသည် ပြဿနာကိုကြီးပဲ ပြောတဲ့ အင်အားစုတွေမဟုတ်ပါဘူး။ ဟုတ်ပြီ၊ ပြဿနာရှိတယ်၊ ဒါသည် သဘာဝတရား ဖြစ်တယ်၊ အရှိတရားဖြစ်တယ်။ အဲ့ဒီစိန်ခေါ်မှုကို ရအောင်ကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ် တွေနဲ့ အဖြေကိုရှာတဲ့ အင်အားစုတွေဖြစ်ပြီးတော့ ဒီလိုမျိုး စုဖွဲ့လာကြတာဖြစ်ပါတယ်။ အဲ့တော့အခါကျတော့ ကျွန်တော်တို့ ဒီစုဖွဲ့မှုတွေသည် မဖြစ်မနေ ဒီအချိန်အခါက တောင်းဆို နေပါပြီ။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တယ်။ ခုနက ဆရာမေးတဲ့မေးခွန်း ပေါ့ဗျာ၊ နော် ကျွန်တော်တို့ ဘယ်အဖွဲ့တွေ များများ ပေါင်းစပ်ပြီး လုပ်ဆောင်နေသလဲ ဆိုတာက အချိန်တန်လို့ရှိရင် စစ်ရေးကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ တင်ပြပါ လိမ့်မယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့တွေ ထိတွေ့ဆွေးနွေးမှုတွေရှိတယ်၊ ဆွေးနွေးမှုတွေရှိတယ်၊ သဘောတူညီမှုရထားတဲ့ အဖွဲ့တွေရှိတယ်ဆိုတာတော့ ကျွန်တော် အဲ တင်ပြလို့ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ –  ဟုတ် ဆရာ အဲ့ဒီထဲမှာ ကျွန်တော်တို့ ဒီ NUG တို့၊ CRPH တို့၊ NUCC တို့ ဦးဆောင်မှုမှာ အဓိကအားဖြင့် မေးခွန်းထုတ်တာ ဘာနိုင်ငံရေးသဘောတူညီချက်မှ တိုင်းရင်း သားလူမျိုးတွေနဲ့ လုပ်ဆောင်တဲ့ဟာမျိုးပေါ့နော်။ အထူးသဖြင့် ပင်လုံစာချုပ်ကဲ့သို့သော တိကျပြတ်သားတဲ့ နိုင်ငံရေးအပေးအယူ ရှိဖို့လိုတယ်ဆိုတဲ့ဟာမျိုး မေးခွန်းရှိလာတယ်။ ဆရာတို့ကလည်း အထူးသဖြင့် တစ်နိုင်ငံလုံးကို ရည်ရွယ်သော်ငြားလည်း အညာဒေသကိုပဲ အထူးသဖြင့် အခြေခံပြီးတော့မှ LPDF တွေ စုစည်းမှုကို စတင်မယ့်ဟာမျိုးဖြစ်တဲ့အခါကျတော့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးချဉ်းကပ်တဲ့နေရာမှာ တိကျပြတ်သားတဲ့ နိုင်ငံရေးအပေး အယူဟာမျိုးဆိုရင် တရားဝင်ထုတ်ပြန်ချက်နဲ့ နိုင်ငံရေးမူဝါဒမျိုးမှာတော့ မရှိသေးဘူး။ ဥပမာ ဒါ ဗမာပြည်နယ်ထူထောင်ရေးအတွက် တိုင်းရင်းသားတွေနဲ့ အပေးအယူလုပ်ရေး စသဖြင့် ပေါ့နော်။ ဒါမျိုးပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဒါ ကြိုတင်ပြင်ဆင်ထားမှုဟာမျိုး ရှိသလား။ ဒါ ပြောလို့ရသလောက် ဆွေးနွေးပေးပါဦးခင်ဗျာ။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  လောလောဆယ် ကျွန်တော်တို့ မြေပြင်မှာက ကျွန်တော်တို့ ဒီအညာဒေသ ပေါ့ဗျာ၊ ဗမာဒေသ ကိုယ်စားပြုမှုနဲ့ စုစည်းကျစ်လျစ်တဲ့ ဦးဆောင်မှုတွေက လိုအပ်နေတဲ့ အရာတွေဖြစ်တတ်ပေါ့နော်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အဖွဲ့အစည်းတချို့ရှိတယ်။ အဲ အဲ့ဒီမှာ ကျွန်တော်တို့ ဦးဆောင်မှုအခန်းကဏ္ဍ အားနည်းတာတွေရှိတယ်၊ စီမံခန့်ခွဲမှု အားနည်းတာတွေရှိတယ်ဆိုတာလည်း ပြည်သူတွေက တောက်လျှောက်ပြောလာတယ်။ ဆိုတော့ကာ ကျွန်တော်တို့သည် ဒီအဖွဲ့အစည်းအသီးသီးပေါ့၊ သူတို့တွေနဲ့ ကျွန်တော်တို့က ယှဉ်ပြိုင်ဖို့လုပ်တဲ့အဖွဲ့မဟုတ်ပါဘူး။ ကျွန်တော်တို့သည် ဒီတော်လှန်ရေးရဲ့ အနေအထားအရ၊ အချိန်အခါက တောင်းဆိုလာလို့ ကျွန်တော်တို့က ကွက်လပ်ဖြည့်ပြီးတော့ လက်တွေ့ အောင်မြင်အောင်လို့ ပုံဖော်ပြီးတော့ အားသစ်အင်သစ်တွေ စုဖွဲ့ပြီးတော့ လုပ်ဆောင်တဲ့အဖွဲ့ အစည်းဖြစ်တယ်။ အဲ့တော့ ဒီတော်လှန်ရေးရဲ့ အန္တိမပေါ့ဗျာ၊ နော် နွေဦးတော်လှန်ရေး မဟုတ်ဘဲနဲ့ မြန်မာတစ်ပြည်လုံးအနေနဲ့ ခြုံငုံပြီးကြည့်မယ်ဆိုရင် ဗမာတိုင်းရင်းသားအပါအဝင် ကျွန်တော်တို့ တိုင်းရင်းသားအသီးသီးက တကယ့်ကို federal အခြေခံမူတွေနဲ့၊ နော် ပြည်ထောင်စုမူတွေနဲ့ သွားကြမယ်ဆိုရင် ဒီအရှိတရားကို ကျွန်တော်တို့က မဖြစ်မနေ လက်ခံရမှာပါ။ အဲ့လိုမျိုးတွေ ကျွန်တော်တို့ ဆွေးနွေးဖို့ အတိုင်းအတာဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ ဒီဗမာဒေသမှာ ဗမာတိုင်းရင်းသားတွေကို နော် ကျွန်တော်တို့တွေ စုစည်းနိုင်မှု၊ အဲ့ဒီစုစည်းပြီးတော့ ထွက်ပေါ်လာတဲ့ ခေါင်းဆောင်မှုတွေကနေပြီးတော့ ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ ခုနကလိုပေါ့နော်၊ ဗမာပြည်နယ်ပေါ်ပေါက်ရေး ဖြစ်စေ၊ ဒါမှမဟုတ်လို့ရှိရင် ကျွန်တော်တို့ federal မူတွေဖြစ်စေ၊ ပင်လုံစာချုပ်ကဲ့သို့ လုပ်ဆောင်နိုင်မှုတွေဆိုတာ အဆင့်ဆင့်ဖြစ်ပေါ်လာမယ့် အကြောင်းတရားတွေဖြစ်တယ်လို့ ကျွန်တော်တို့ ရှုမြင်သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ကြေညာချက်မှာကိုက ကျွန်တော်တို့ ဒီ federal ပြည်ထောင်စုတည်ထောင်ရေးအတွက် ကျန်တဲ့ တိုင်းရင်း သားညီအစ်ကိုမောင်နှမတွေနဲ့ တက်ကြွစွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ကျွန်တော်တို့ ကြေညာချက်ထုတ်ထားပါတယ်။ ဒါတွေကလည်း ကျွန်တော်တို့ တကယ်ကို စစ်နိုင်မှ လုပ်လို့ရမယ့် အနေအထားတွေဖြစ်နေပါတယ်။ အခုလောလောဆယ် ကျွန်တော်တို့ အခြေခံမူတွေ သဘောတူထားလို့ရမယ်၊ ဆွေးနွေးထားလို့ရမယ်။ တကယ့်တကယ် တည်ထောင်ဖို့ကြတဲ့အခါကျတော့ ဒီတိုင်းပြည်ကြီးမှာ အာဏာရှင်စနစ်တွေမရှိမှ၊ ဒီတိုင်းပြည် ကြီးမှာ ဒီမိုကရေစီတွေရှိမှ၊ လွတ်လပ်ခွင့်တွေရှိမှ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ လက်ရှိ အရှိတရားက စစ်အနိုင်တိုက်ရေး၊ စစ်အောင်နိုင်ရေးနဲ့ မြန်မာပြည်မှာ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လုပ်ဆောင်ရင်းနဲ့ တစ်ဖက်မှာလည်း federal democracy ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေကို ချသွားပြီးတော့ တကယ့်တကယ် ဒီနိုင်ငံတော်ရဲ့ ဒီသမိုင်းကြောင်းရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်နေတဲ့ အနေ အထားတွေကို လက်ရှိတော်လှန်ရေးမှာ သမိုင်းကြောင်းအရ အစဉ်အလာရှိတဲ့၊ စစ်ရေးအရ အစဉ်အလာရှိတဲ့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့ကြီးတွေ၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက် လုပ်ဆောင် သွားချင်တဲ့ ရည်ရွယ်ချက်ဆန္ဒတွေလည်း ရှိပါတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြပါရစေ ခင်ဗျာ။

 

ဆလိုင်း ဒိုခါရ်၊ –  စစ်ရေးကဏ္ဍကို ကျွန်တော် ထပ်ပြီးတော့မှ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုပါတယ်။ ဆိုတော့ ဆရာတို့ စစ်ရေးကော်မရှင်မှာ ဘယ်လို ချဉ်းကပ်မှုမျိုးနဲ့ကို ထူးထူးခြားခြား စစ်ရေးဖော်ဆောင်ဖို့ရှိသလဲ။ ဥပမာ ပြောရမယ်ဆိုရင် အခုလက်ရှိ NUG တို့ ကဲ့သို့ ဒေါ်လာ သန်းချီ budget ရှိပြီးမှ အင်အား တပ်ရင်းပေါင်း သုံးရာ ရာကျော်ရှိတဲ့ အင်အားစုကတောင်မှ အခုချိန်မှာ ခက်ခက်ခဲခဲနဲ့ မြို့သိမ်းတိုက်ပွဲတွေ ရင်ဆိုင်နေရတဲ့ဟာမျိုး၊ စခန်းသိမ်းတိုက်ပွဲ တောင်မှ ရင်ဆိုင်နေဆဲဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ချင်းဘက်မှာ ကြည့်မယ်ဆိုရင် လေးနှစ်တာကာလမှ ပေါ်လာတဲ့ CB တို့ ဟာမျိုးကတောင်မှ မြို့တွေအကြီးအကျယ် သိမ်းနိုင်တဲ့ ဟာမျိုး ပြန်တွေ့ပြန်တယ်။ ဒါ စစ်ရေး ဦးစားပေးမှုကဏ္ဍကြောင့်လို့ ဝေဖန်သုံးသပ်မှုရှိတယ်။ ဆိုတော့ ဆရာတို့ ပေါ်ထွက်လာမယ့် NRA ရဲ့ စစ်ရေးကော်မတီက NUG လေးနှစ်တာကာလ လုပ်ဆောင်တဲ့ joint operation တို့၊ သီးခြားအဆင့်ဆင့်သော ပုံစံမျိုးဆိုတဲ့ operation လုပ်နေတဲ့ဟာမျိုးထက် ဘာထူးခြားမလဲ။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  အဲ ကျွန်တော်တို့ ရှေ့မှာ တင်ပြခဲ့သလို ကျွန်တော်တို့သည် စစ်အနိုင်တိုက် ရေးကို အဓိကသွားမယ်။ စစ်အောင်နိုင်ရေးကို အဓိကသွားမယ်ဆိုတော့ ကျွန်တော်တို့က ဒီစစ်အောင်နိုင်ဖို့အတွက်၊ စစ်အနိုင်တိုက်ဖို့အတွက် လိုအပ်တဲ့အရာမှန်သမျှကို ကျွန်တော်တို့ က လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဆိုတော့ ဆရာ ရှေ့မှာတင်ပြခဲ့တဲ့ အဖွဲ့အစည်းတချို့ ရှိတယ်။ ကျွန်တော်တို့ လေးနှစ်ကျော် ငါးနှစ်ကာလအတွင်းမှာ ပြန်ကြည့်ကြည့်ပါ။ စစ်ရေးကို ဦးစားပေးခဲ့သလားပေါ့။ တကယ်ပဲ ဖော်ဆောင်ခဲ့သလားဆိုတာကို ပြန်ကြည့်ကြည့်မယ်။ ပြန်ကြည့်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ တကယ့်တကယ်ကျတော့ စစ်ရေးကို ဦးစားပေးမှု၊ စစ်အနိုင်တိုက်ရေးလုပ်ဆောင်မှုက အရမ်းအားနည်းနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါ အရှိတရားပါ။ ဒါ အားလုံးလည်း မြင်နေရတဲ့ကိစ္စပါ။ ဆိုတော့ လေးနှစ်ကျော်သွားပြီ။ ကျွန်တော်တို့က ထပ်စောင့်လို့မရတော့ဘူး။ ထပ်စောင့်လို့ရှိရင် တော်လှန်ရေး သားလျှော သွားနိုင်တယ်။ ဒါ့အပြင် ကျွန်တော်တို့ ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှုကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ပြည်သူတွေက ဒေါ်လာသန်းပေါင်းများစွာ ပေးခဲ့တယ်။ လှူဒါန်းခဲ့တယ်။ ထောက်ပံ့ခဲ့တယ်။ အဲ့ဒါတွေကို ကျွန်တော်တို့ စနစ်တကျသုံးစွဲနိုင်သလားဆိုတာကိုလည်း ပြန်ကြည့်ခဲ့။ အဲ့တော့ အားလုံးပဲသိတဲ့အတိုင်းပဲ ငတ်ကင်ဆိုလည်း အငွေ့ပျံသွားတာတွေ ကျွန်တော်တို့ရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့ မြေပြင်မှာ လက်နက်တပ်ဆင်မှု အပိုင်း ဆိုလို့ရှိရင်လည်း ကျောသားရင်သားခွဲခြားတာတွေရှိတယ်။ ဒါ့အပြင် မြေပြင်မှာတောင်မှ အသက်ပေးပြီးတော့ တိုက်နေတဲ့သူတွေကိုတောင်မှ ငါ့နယ်မဝင်နဲ့ သူ့နယ်မဝင်နဲ့ဆိုပြီးတော့ ခွဲခြားဆက်ဆံမှုတွေ ရှိလာတာကို ဒါ အရှိတရားအတိုင်း မြင်ရမှာဖြစ်တယ်။ ဒါ့အပြင်ကို ငါနဲ့မတူ ငါ့ရန်သူ၊ MOD အောက်ကို မဝင်လို့ရှိရင် သူပုန်ဖြစ်မယ်၊ MOD အောက်ကို မဝင်ရင် ပိုက်ဆံမလှူနဲ့ဆိုပြီးတော့ ကျဉ်းမြောင်းတဲ့ အယူအဆနဲ့ စုစည်းရေး၊ စည်းလုံးရေးကို လုပ်ဆောင်ရမယ့်အစား ယနေ့အချိန်ထိ ပြောဆိုလုပ်ကိုင်နေတာတွေကို တွေ့ကြရမှာ ဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့ ပြန်ကြည့်လို့ရှိရင် ဒါတွေသည် စစ်အောင်နိုင်တိုက်ရေးကို ဦးတည်တာလား၊ ဒါတွေသည် စည်းလုံးညီညွတ်ရေးကို ဦးတည်တာလားဆိုတာကို ပြန်ကြည့် လို့ရှိရင် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာကို တွေ့ရမှာဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့ လေးနှစ်ကျော် ငါးနှစ်ကို ပြန်ကြည့်ရင် ဒီရှေ့ကအဖွဲ့အစည်းတွေသည် စစ်အနိုင်တိုက်ရေး၊ စစ်အောင်နိုင်ရေးကို ဦးစားမပေးခဲ့ဘူး။ စစ်အောင်နိုင်ရေးကို လုပ်မယ်ဆိုရင် ကျွန်တော်တို့က စုဖွဲ့မှုတွေလုပ်ရမယ်၊ စည်းရုံးမှုတွေလုပ်ရမယ်၊ လက်နက်တပ်ဆင်မှုတွေလုပ်ရမယ်၊ ခဲယမ်း တွေဖြစ်တီးရမယ်၊ စက်ရုံတွေတည်ထောင်နိုင်ရမယ်၊ ငွေကို အရရှာနိုင်ရမယ်၊ ရတဲ့ငွေတွေကို အလွဲသုံးစားမလုပ်ရဘူး။ ဒါ့အပြင်ကို ကျွန်တော်တို့ နော် ကျန်တဲ့ မဟာမိတ်တိုင်းရင်းသား အစုအဖွဲ့တွေနဲ့ အမှန်တကယ်ကို စစ်စစ်ရေးတွေ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေရှိရမယ် ဆိုတာကို ကျွန်တော်တို့ ဒါ အရှိတရားဖြစ်တယ်။ ဒါတွေကို လုပ်နိုင်ခဲ့သလားဆိုပြီးတော့ ကျွန်တော်တို့တွေ ညွှန်ကိန်းအနေနဲ့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် မရှိသလောက်နည်းပါးတာကို တွေ့ရမှာဖြစ်တယ်။ အဲ့တော့ ဒါတွေသည် ကျွန်တော်တို့အတွက် အကုန်လုံးက သင်ခန်းစာ တွေ။ ဒါတွေကို ကြည့်ပြီးတော့ ကျွန်တော်တို့က ဒီထက်၊ ဒီထက်၊ ဒီထက် ကောင်းအောင် လုပ်နိုင်ဖို့ ကြိုးစားရမှာဖြစ်သလို၊ ဒါကိုလည်း လုပ်ကိုလုပ်ကြရမှာဖြစ်တယ်။ တကယ့်တော့ တော်လှန်ရေးရဲ့ အဆုံးအဖြတ်က စစ်အောင်နိုင်မှရမှာ။ ဒီစစ်အောင်နိုင်မှုကို ကျွန်တော်တို့က မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုလို့ရှိရင် စစ်အောင်နိုင်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့ စည်းရုံးရေး၊ စည်းလုံးရေး၊ လက်နက်တပ်ဆင်ရေး၊ မဟာမိတ်ပူးပေါင်းဆောင်ရွက်ရေးတွေ၊ မိတ်ဖက် ဆောင်ရွက်ရေးတွေကို ကျွန်တော်တို့က အကောင်အထည်ဖော်ရမှာဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ NRA ၏ မူဝါဒသည် အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ စစ်အောင်နိုင်ဖို့ အတွက်ဆိုလို့ရှိရင် မည်သူ့ကိုမဆို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းမှန်သမျှ အဲ့ဒီမှာ NUG အပါအဝင် အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ မဟာမိတ်မိတ်ဖက်ဆက်ဆံရေးအဖြစ်ကို ကျွန်တော်တို့ လုပ်ဆောင်ချင်တယ်။ သို့သော် တော်လှန်ရေးကို မောင်ပိုင်မစီးပါနဲ့။ တော်လှန်ရေးကို ငါတစ်ယောက်တည်း ပိုင်တယ်၊ ငါ့အစုအဖွဲ့တစ်ယောက်တည်း ပိုင်တယ်ဆိုပြီးတော့ မောင်ပိုင်မစီးပါနဲ့။ အထူးသဖြင့် ကျွန်တော်တို့ ရှေ့မှာရှိခဲ့တဲ့အဖွဲ့အစည်းတွေက မိမိတို့အဖွဲ့အစည်းသည် ဘယ်သူကို ကိုယ်စား ပြုသလဲဆိုတာကို ရှင်းရှင်းလင်းလင်း အရင်မေးမြန်းပြီးတော့ ကိုယ့်ဘာကိုလည်း ပြန်ကြည့် ရမှာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဆိုတာ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်၊ ဘယ်အုပ်စု ကမှ လှုံ့ဆော်လို့၊ ဦးဆောင်လမ်းပြခဲ့လို့ ဖြစ်လာတာမဟုတ်ပါဘူး။ မတရားမှုကို လက်မခံတဲ့ ဂျန်ဇီးတွေက လက်သုံးချောင်းထောင်ပြီးတော့ ကိုယ့်ရဲ့အသိစိတ်ဓာတ်နဲ့ ကိုယ် တရားမျှတမှု အတွက် လမ်းပေါ်ထွက်ပြီး အသက်ပေးလို့ ဖြစ်လာခဲ့တဲ့အရာတွေဖြစ်ပါတယ်။ အဲ့ဒီအချိန် တုန်းက ဒီလိုမျိုး ကိုယ့်ဘာကို ကိုယ့်ရဲ့ ကိုယ့်ဘာကို ကိုယ့်အသက်ကို ကိုယ်ပေးပြီးတော့ အစုအဖွဲ့တွေ နော် တသီးပုဂ္ဂလတွေ လမ်းပေါ်ထွက်တဲ့အချိန်မှာ၊ အသက်အသေခံပြီးလုပ်တဲ့ အချိန်မှာ မကန့်ကွက်ခဲ့ဘူး။ မပြောခဲ့ဘူး။ ဝိုင်းတောင်အားပေးခဲ့ကြသေးတယ်။ ဟေးဆို ပြီးတော့ ဝိုင်းတောင်အားပေးခဲ့ကြသေးတယ်။ အေး ယနေ့အချိန်မှာကျတော့ တော်လှန်ရေးကို မောင်ပိုင်စီး လုပ်ချင်တဲ့သူတွေရှိလာတယ်။ ဒီတော်လှန်ရေးကပဲ သူတို့ကပဲ ပိုင်သလိုလို၊ ဒီတော်လှန်ရေးကပဲ သူတို့ကပဲ လုပ်မသလို အထူးသဖြင့် မြေပြန့်ဒေသမှာ ဖြစ်လာတဲ့ဟာ ဒါတွေကိုတော့ ကျွန်တော်တို့က လက်မခံဘူး။ ဒါတွေကို လုပ်လာရင်လည်း အပြတ်အသတ် ဆန့်ကျင်တယ်။ ဒါသည် စစ်အောင်နိုင်ရေးနဲ့ တော်လှန်ရေးအောင်မြင်ရေးအတွက်ကို အနှောင့် အယှက်အစီးအတားဖြစ်တယ်။ ဒီလိုလုပ်ဆောင်မှုအကုန်လုံးကိုတော့ ကျွန်တော်တို့က ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ မြေပြင်မှာ ကျွန်တော်တို့ ကြည့်မယ်ဆိုလို့ရှိရင် အညာဒေသမှာ ဒါသည် အရှိတရားပါ။ မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ဆိုတာက တော်တော်မလွယ် တဲ့ကိစ္စဖြစ်သွားတယ်။ ဥပမာဆို ထားပါတော့၊ NUG ရဲ့ MOD အောက်မှာမရှိတဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ရှိတယ်။ မြို့ကိုသိမ်းတိုက်ပွဲဆင်နွှဲတယ်။ ပတ်ဝန်းကျင်မှာ ဆက်စပ်နေ တာက ပသုံးလုံးရှိတယ်၊ NUG MOD က ဖြစ်တယ်။ ရှိတာတွေရှိတယ်။ ပူးပေါင်းဆောင်ရွက်မှု ဝိုင်းမလုပ်ဘူး။ ဘုံရန်သူကို ဝိုင်းမတိုက်ဘူး။ ဒါ့အပြင် စစ်ချီတက်မယ်ဆိုရင်တောင် ငါ့နယ်ကို မဖြတ်နဲ့၊ ဟိုဟာကို မလုပ်နဲ့ဆိုတာတွေ လုပ်ခဲ့တဲ့အပြင် နောက်ဆုံး လက်နက်တိုက်ကို မီးရှို့တဲ့ကိစ္စမျိုးတွေ လုပ်တာတို့၊ ရန်သူပျူကို သွားပြီး ထမင်းပို့တာတွေလုပ်ခဲ့တဲ့ အဆင့်အထိ တော်လှန်ရေးကြီးပေါ်မှာ သစ္စာဖောက်တဲ့လုပ်ရပ်တွေတောင် လုပ်လာတာရှိတယ်။ ဒီလိုမျိုး လုပ်နေတဲ့ဟာတွေကို ကျွန်တော်တို့က ဒီအတိုင်း မျက်စိမှိတ်ပြီးတော့ လက်ပိုက်ပြီးတော့ ကြည့်မနေနိုင်ပါဘူး။ ဒါတွေသည် တော်လှန်ရေး၏ တစ်စုံလုံးကို သားလျှောတဲ့အထိ ဖြစ်သွား နိုင်တဲ့အနေအထားဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့က ဒါတွေအတွက်ကိုလည်း အကာအကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမှာဖြစ်တယ်။ အထူးသဖြင့် အမိမဲ့သား ရေနည်းငါးကဲ့သို့ ဖြစ်နေတဲ့ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်။ လိုကယ်တွေရှိ တယ်။ ဒါတွေကို ကျွန်တော်တို့က စုစည်းပြီးတော့ သူတို့တွေ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ပြီးတော့ ဦးဆောင်မှုတွေ ပေးပြီးတော့ တကယ့်ကို အင်အားတောင့်တင်းခိုင်မာတဲ့၊ ဒါ့အပြင် ကျွန်တော်တို့ အပြည့်အဝ တပ်ဆင်ပေးနိုင်တဲ့အထိကို ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီတော်လှန်ရေးကြီးအတွက် အား၊ ဒီတော်လှန်ရေးကြီးအတွက် စား၊ ဒီတော်လှန်ရေးကြီး အတွက် ကျွန်တော်တို့ မျှော်လင့်ချက်တွေ ဖြစ်လာပြီးတော့ တကယ့်ကို စစ်အောင်နိုင်ရေးနဲ့ စစ်အနိုင်တိုက်ရေးကို လုပ်ဆောင်နိုင်တဲ့အထိ လုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် တင်ပြချင်ပါတယ်။ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ –  ဟုတ်ကဲ့ ဆရာ ဒီ ကျွန်တော်တို့ local PDF လေးတွေနဲ့ ဒီမတိုင်ခင်မှာလည်း interview လုပ်ခဲ့တဲ့ဟာရှိတယ်။ အဓိကအားဖြင့် စစ်ဆင်ရေးမှာ အဟန့်အတားဖြစ်ဆုံးက ဒီမြို့တွေ၊ ဒီနယ်တွေ သိမ်းပြီးရင် ဘယ်သူက အုပ်ချုပ်မလဲဆိုတဲ့အပေါ်မှာ သဘောထားမမျှ မှုက စစ်ဆင်ရေးကို အားနည်းစေတယ်ဆိုတဲ့ဟာမျိုးတွေ ကျွန်တော်တို့ ချင်းမှာလည်း ကြုံတယ်၊ စစ်ကိုင်းမှာလည်း ကြုံတယ်၊ ဥပမာတချို့ ဒါ နာမည်တော့ ထုတ်မပြောတော့ပါဘူး။ ဆိုတော့ ဒါမျိုးလေးတွေ ရှိတတ်တယ်။ ဆိုတော့ ဆရာ စောနက ဆွေးနွေးသလိုဆိုရင်တော့ စစ်ဆင်ရေးကိုပဲ အဓိကထားမယ်ဆိုတော့ သိမ်းစရာရှိတာမျိုးသိမ်း၊ အုပ်ချုပ်ရေးကိုရော ဘယ်လိုပုံစံ ကြိုတင် စီမံချက်၊ ဘယ်လိုစဉ်းစားချက်မျိုးနဲ့ သိမ်းထားတဲ့မြို့ဟာမျိုးကို ထိန်းသိမ်းဖို့ရှိသလဲ။ အဲ့ဒါမျိုးပိုင်းရော ဆွေးနွေးပေးလို့ရမလားခင်ဗျာ။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  ဟုတ်ကဲ့ဗျ။ ဒီ စစ်ရေးပိုင်းပေါ့ဗျာ၊ အသေးစိတ်ကတော့ ကျွန်တော်တို့ စစ်ရေးကော်မရှင်က ကျွန်တော်တို့ ဆွေးနွေးပါလိမ့်မယ်။ နော် ဆရာ ခုနက မေးတဲ့မေးခွန်းက မြေပြင်မှာ လက်တွေ့ဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်ပေါ့။ သူကအုပ်ချုပ်မယ်၊ ငါကအုပ်ချုပ်မယ်၊ ဒါက ငါ့အပိုင်၊ ဒါက ငါ့ရဲ့လုပ်ပိုင်ခွင့်။ အထူးသဖြင့်ဆိုလို့ရှိရင် အညာဒေသမှာ ပိုမိုပြီးတော့ ရှုပ်ထွေးသွားစေတာနဲ့ တော်လှန်ရေးကို နောက်ပြန် ကန့်သွားစေတဲ့အရာသည် ပသုံးလုံး ဖွဲ့မှုပဲ။ အဲ့ဒီ ပသုံးလုံးဆိုတဲ့ အင်အားစုသည် အမှန်တကယ်တော့ ကျွန်တော်တို့ PDF တွေ၊ LDF တွေအဖြစ် တိုက်ခိုက်ရေးအဖွဲ့တွေအဖြစ် ရှိခဲ့ရမယ့်အဖွဲ့တွေဖြစ်တယ်။ အဲ့ဒီ ပသုံးလုံးကို ဘယ်လိုဖွဲ့သလဲလို့ ကျွန်တော်တို့ ပြန်ကြည့်လို့ရှိရင် ခုနက နွေဦးတော်လှန်ရေးအစမှာ အကုန်လုံးက အသွေးအရောင်မရှိဘူး၊ အုပ်ထုပ်တွေ၊ တံဆိပ်တွေမရှိဘူး။ ယောက္ဖရေ မင်းလည်းထွက်၊ ငါလည်းထွက်ဆိုတဲ့ ပုံစံမျိုးနဲ့ ထွက်ကြပြီးတော့ နော် ကျွန်တော်တို့ လက်ဗလာနဲ့ ထွက်ခဲ့တာရှိတယ်၊ တူမီးနဲ့ထွက်လာတာရှိတယ်၊ ပုဆိုးကွင်းသိုင်းပြီးထွက် လာတာရှိတယ်။ အဲ့ဒီဟာတွေထဲကမှ ခွဲထုတ်ဖဲ့ထုတ်ပြီးတော့ NLD နောက်ခံပြု အင်အားစု တွေကို ဖဲ့ထုတ်လိုက်ပြီးတော့ သူတို့တွေကို ပသုံးလုံးဆိုပြီးတော့ ဖွဲ့တယ်။ ပကဖ၊ ပအဖ၊ ပလဖ ဆိုပြီးတော့ လုပ်တယ်။ အဲ ရဲတို့၊ အုပ်ချုပ်ရေးတို့ပေါ့ဗျာ၊ အဲ့ဒီပုံစံမျိုးတွေ လုပ်တဲ့ ပုံစံမျိုးတွေကို ကျွန်တော်တို့ တွေ့ကြရတယ်။ တွေ့ကြပြီးတော့ လက်နက်တပ်ဆင်ရေး မှာလည်း NLD ဆိုတာကတော့ ပိုရင်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျန်တဲ့ လိုကယ်တွေကတော့ ကျွန်တော်တို့ ဟိုစာပေါ့ မွေးစားသား၊ ဒါကတော့ သားအရင်းဆိုတဲ့ ပုံစံမျိုး မကြေညာသော် လည်းပဲ ဒါ လက်တွေ့ဖြစ်ခဲ့တဲ့ အနေအထားတွေရှိတယ်။ ဆိုတော့ အဲ့လိုမျိုး ပသုံးလုံးကို လက်နက်တွေ အဓိကထားပြီး တပ်ဆင်တဲ့အခါကျတော့ ရန်သူနဲ့ တိုက်ပွဲဖြစ်တယ်၊ ရန်သူကို နှိမ်နင်းတဲ့အချိန် ဒီဘက်က တကယ်နှိမ်နင်းမယ့် ဒေသဆိုင်ရာတပ်ဖွဲ့တွေမှာ သေနတ်မရှိဘူး။ PDF မှာ သေနတ်မရှိဘူး၊ ကျည်ဆံမရှိဘူး။ အုပ်ချုပ်ရေးကို လုပ်မယ့် ပသုံးလုံးက လက်နက် အပြည့်အစုံနဲ့ ကားတဝီဝီနဲ့၊ ဆိုင်ကယ်တဝီဝီနဲ့။ အဲ့မှာကတည်းက လွဲကုန်တာ။ ဆိုတော့ကာ ကျွန်တော်တို့က အဓိကက ခုနကစကားကိုပဲ ပြန်ဆက်ရမယ်ဆိုရင် တော်လှန်ရေး ခေါင်းဆောင်ကြီးပြောခဲ့တဲ့ စကား။ တော်လှန်ရေးကာလ နိုင်ငံရေးဟာ စစ်အနိုင်တိုက်ရေး။ အဲ့တော့ ကျွန်တော်တို့က ဒီစစ်အနိုင်တိုက်ရေးအတွက်ကို လုပ်ကြရမယ်။ စစ်အနိုင်တိုက်ရေး အတွက်ဆိုလို့ရှိရင် လက်နက်တပ်ဆင်မှုကအစ ကျွန်တော်တို့ တကယ်တိုက်တဲ့သူတွေကို ကျွန်တော်တို့ ဦးစားပေးရမယ်။ ဒါ့အပြင် စစ်တိုက်တဲ့ဘက်ကို အင်အားလျော့သွားစေတဲ့ ဒီလိုမျိုး ပသုံးလုံးလို ဖွဲ့ထုတ်ပြီးတော့ လက်ကိုင်တုတ်ပုံစံမျိုးနဲ့လုပ်တဲ့ဟာတွေ ရှောင်ကြဉ် ခဲ့ရမှာဖြစ်တယ်။ သို့သော် အဲ့ဒါတွေကို မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်ခဲ့ဘဲနဲ့ ကျွန်တော်တို့ ဖြစ်ပြီး တော့မှ ဒါကတော့ ငါ့နယ်၊ ဒါကတော့ ငါတို့ကဒီလို။ ဒီလိုမျိုးတွေဖြစ်ပြီးတော့ ခွဲခြားပြီးတော့ အသီးသီး ကျွန်တော်တို့ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်အောင် ထိပ်ကနေပြီးတော့ policy ကအစ အဲ့လို ချမှတ်ထားတဲ့ပုံစံရှိပြီးတော့ အောက်ခြေမြေပြင်မှာပါ လုပ်ချင်တာတွေလုပ်တဲ့ ပုံစံမျိုး တွေအထိ ယနေ့ဖြစ်လာတယ်။ ဒါတွေက ရပ်တန်းကနေ ရပ်ကြရတော့မယ်။ ဖြစ်နေတဲ့ အရာတွေကို ကျွန်တော်တို့က လက်မခံဘူး။ ဒါတွေအတွက်ကို ကျွန်တော်တို့တွေ NRA ဆိုတာ ပေါ်ပေါက်လာခြင်းလည်းဖြစ်တယ်လို့တော့ ကျွန်တော်တို့ ပြောလို့ရတယ်။ အဲ့တော့ ခုနက ဆရာပြောသွားသလိုပေါ့၊ ဒီစစ်ရေးနဲ့ပတ်သက်လို့က ကျွန်တော်တို့ စစ်ရေးကော်မရှင် ကျွန်တော်တို့ ဥက္ကဌကြီး ရှိပါတယ်၊ ဦးသန်းစိုးနိုင်ရှိပါတယ်။ ဒါ့အပြင်ကို ကျွန်တော်တို့ သူတို့ဘက်ကနေပြီးတော့ စစ်ရေးနဲ့ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးတာတွေ လုပ်လို့ရပါ တယ်။

 

ဆလိုင်း ဒိုခါရ်၊ –  ဟုတ်ကဲ့ ဒီ ကျွန်တော်တို့ အခုအချိန်မှာ တော်လှန်ရေးကလည်း ဒီ အရင်ကတည်းနေ local PDF တွေအပါအဝင် လက်နက်အင်အားတွေ အတိုင်းအတာတစ်ခုထိ စုဆောင်းလာထားကြပြီပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ ချင်းပြည်မှာ လုပ်ခဲ့တဲ့ မြို့သိမ်း စစ်ဆင်ရေးဟာမျိုးကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် မြို့တစ်မြို့သိမ်းဖို့အတွက် ဒေါ်လာ သုံးမဟုတ် တစ်သိန်းနဲ့ ဒါ ငါးသိန်းဝန်းကျင်ခန့်လောက်နဲ့ကို ဒါ မြို့သိမ်းနိုင်တဲ့ အနေအထား ဖြစ်တယ်။ NUG သုံးလာခဲ့တဲ့ budget က ဆိုရင် အဲ့လိုပုံစံမျိုးတွက်ပေးရင်တော့ ဒါ တစ်နိုင်ငံလုံးအတိုင်းအတာတောင်မှ သိမ်းနိုင်ရမယ့် budget ကြီးအမောင့်ကြီးကို ပိုင်ဆိုင် ထားတယ်။ ဒါပေမယ့် အခုအချိန်မှာ NUG က မြို့သိမ်းတိုက်ပွဲ လုပ်ဆောင်နိုင်နိုင် တဲ့ဟာတွေက မရှိဘူးလို့ ပြောလို့ရတာပေါ့နော်။ မန္တလေး PDF က မဟာမိတ်တွေ အကူအညီ နဲ့ယူတဲ့ဟာမျိုး ကပ်လွဲပြီးတော့မှပေါ့နော်။ ဆိုရင် အဲ့ဒီမှာ ကျွန်တော် ပြည်သူတွေ ရှင်းအောင် ဆွေးနွေးစေချင်တာက ဆရာတို့ ဘဏ္ဍာရေးကော်မတီအနေနဲ့ အရင်တခြားတော်လှန်ရေး အင်အားစုတွေနဲ့ မတူကွဲပြားတဲ့ တော်လှန်ရေး budget အသုံးပြုမယ့် နည်းနာတွေ ကြိုတင်ဆွေးနွေးထားတာရှိပြီလား။ ချပြလို့ရသလောက် ဆွေးနွေးပေးပါဦးခင်ဗျာ။

 

ဖြေကြားသူ –  ဟုတ်ပါတယ် ဆရာ ခုနက ပြောသလိုပဲ။ နော် မြို့သိမ်းတိုက်ပွဲတစ်ပွဲ တိုက်မယ်ဆိုလို့ရှိရင် ဘယ်လောက်လောက် ခန့်မှန်းခြေကုန်နိုင်သလဲဆိုတာကို တွက်ကြည့် လို့ရပါတယ်။ မြင်ရပါတယ်၊ သိပါတယ်။ အဲ့တော့က တကယ့်တကယ်ကျတော့ ဒေါ်လာ သန်းပေါင်းများစွာကို ရရှိခဲ့တဲ့၊ ကိုင်တွယ်ခဲ့တဲ့၊ သုံးစွဲခဲ့တဲ့ NUG အနေနဲ့ တကယ်သာစစ်အနိုင် တိုက်ရေးကို လုပ်မယ်ဆိုရင် မြန်မာတစ်ပြည်လုံးကို သိမ်းပြီးသားအနေအထား ဖြစ်ကိုဖြစ် ရမှာ။ နောက်တစ်ချက်၊ ကျည်ဆံစက်ရုံဆိုတာ ထောင်ရင်ရတယ်ဗျ။ ဆရာရေ၊ လက်နက် စက်ရုံဆိုတာ ထောင်ရင်ရတယ်ဗျ။ ဒါ့အပြင်ကို ကျွန်တော်တို့ ကြားသိခဲ့ရတဲ့သတင်းအရ တော်လှန်ရေးအစမှာ ဥရောပတိုင်းပြည်တစ်ခုက လက်နက်စက်ရုံကို လာပြီးတော့ ပူးတွဲ ဖက်စပ် ထုတ်မယ်ဆိုတဲ့ သတင်းစကားတောင် ကျွန်တော်တို့ သက်သက်ကြားမိတယ်ဗျ။ အဲ့ဒါတွေလည်း ငြင်းခဲ့တယ်လို့တော့ ကျွန်တော်တို့ ကြားမိတယ်ဗျ နော်။ ဆိုလိုချင်တာက ဒီအချိန် လေးနှစ်ကျော် ငါးနှစ်မှာ၊ မနေ့တစ်နေ့ကမှ ဖြစ်နေတဲ့ကိစ္စမဟုတ်ဘူး။ တော်လှန်ရေး အောင်နိုင်ဖို့ဆို ဘာလုပ်လဲ၊ လက်နက်လိုတယ်၊ ခဲယမ်းမီးကျောက်တွေလိုတယ်၊ ဒါ အသိနေတာပဲ၊ အားလုံးသိတယ်။ အဲ့တော့ ဒါတွေအတွက်ကို ဘယ်လောက်လုပ်ပြီးပြီလဲ။ ကျွန်တော်တို့ တော်လှန်ရေးကြီးမှာ အဓိက ရန်သူဘက်က အားသာနေတာက လေကြောင်း။ အဲ့ဒီလေကြောင်းကိုဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေက ဖြစ်စေချင်လွန်းလို့ ငှက်ကင်၊ ငှက်ကင်၊ ပုဇဉ်းကင်ဆိုပြီးတော့ လုပ်ပေးလိုက်တယ်။ ဘယ်ရောက်သွားသလဲ၊ ဘာဖြစ်သွား သလဲ။ ဒီအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသလား၊ ထွက်ပြီးတော့ ရှင်းသလား။ ဒါတွေ ပြန်ကြည့်ကြည့်ပါ။ ဘာတစ်ခုမှ မလုပ်ဘူး။ အမှန်မှန်ဆို ကျွန်တော်တို့ ဒီဟာက တော်လှန်ရေးတစ်ခုကို ဦးဆောင်ပေးပြီဆိုလို့ရှိရင် ဒီတာဝန်ကို ယူထားလို့ရှိရင် ဒီတာဝန်ကို ကျေရမယ်။ ဒါကို မလုပ်နိုင်ဘဲနဲ့ ဒီတာဝန်ကို ယူထားတာသည် ဒီတော်လှန်ရေးကြီး အကျိုးစီးပွားပျက်ပြားအောင်လုပ်ချင်တဲ့အတူတူပဲ။ အဲ့တော့ ကျွန်တော်တို့ လေးနှစ်ကျော်ကို အချိန်တွေ အများကြီး ဆုံးရှုံးနစ်နာသွားတယ်။ တော်လှန်ရေးမှာ အချိန်က အသက်၊ ဘဝဗျ။ လေးနှစ်ကျော်ဆိုတဲ့အချိန်ဆိုတာ အရမ်းကို များလွန်းအားကြီးတယ်။ တကယ် စွမ်းစွမ်းတမံ သခင်အောင်ဆန်းလို ခေါင်းဆောင်မျိုး၊ နော် နောက်တစ်ခါကျတော့ ဇလန်းစကီးလို ခေါင်းဆောင်မျိုးတွေဆိုလို့ရှိရင် ယနေ့ တော်လှန်ရေးရဲ့ အခြေအနေသည် တစ်မျိုးထွက်နေမှာ ဖြစ်တယ်။ ဒီလိုမျိုးမဖြစ်လာလို့ ကျွန်တော်တို့တွေက ဝေဖန်ထောက်ပြရင်းနဲ့ နောက်ဆုံး တော်လှန်ရေးသားလျှောသွားနိုင်တဲ့ အနေအထားမှာ ကျွန်တော်တို့ လုပ်လာကြရခြင်း ဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာဆိုလို့ရှိရင် အရေးကြီးတာက mass ရယ်၊ media ရယ်၊ money ရယ်၊ military ရယ်ဆိုတဲ့ M လေးလုံးပေါ့၊ နော် ဒါက သိပ်အရေးကြီးတယ်။ Mass ဆိုတာကတော့ လူထုရဲ့ထောက်ခံမှု၊ media ဆိုတာတော့ ဆရာတို့လို media တွေ ပြည်သူကို သတင်းစစ်သတင်းမှန် ပေးနိုင်ဖို့လိုတယ်။ ဘာကြောင့်လဲ စစ်ကောင်စီကလည်း တန်ပြန် media စစ်ဆင်ရေးတွေ လုပ်နေပြီးတော့ ၆၈၀၀ စားတွေ ဆိုတာ ဆရာတို့လည်း သတင်းတွေတွေ့မှာပေါ့။ နော် လိုင်းပေါ်မှာ အကောင့်တု၊ ဘောမတု တွေနဲ့ လုပ်နေကြတယ်။ Money၊ စစ်နိုင်တိုက်ရေးအတွက် ပိုက်ဆံမရှိလို့မရဘူး။ ကျွန်တော် တို့က ဒီအတိုင်းပဲ သွားပြီးတော့ ပန်းနဲ့ပေါက်လို့မရဘူး။ ဒီပိုက်ဆံရှိမှ ကျွန်တော်တို့ လက်နက် တပ်ဆင်ရေးမှု၊ ဆေးဝါး၊ ရိက္ခာ ဒါတွေ လုပ်လို့ရတယ်။ နောက်ဆုံး military၊ ဒီဟာတွေကို military ဆိုတဲ့ ကျွန်တော်တို့ ခုနက LDF တွေ၊ PDF တွေ၊ ဂျန်ဇီးတွေကို ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်စုစည်းပွင့်လန်းလာအောင် ကျွန်တော်တို့က လုပ်ပေးနိုင်မှာဖြစ်တယ်။ အဲ့တော့ ငွေကြေးရဲ့ အခန်းကဏ္ဍသည် အလွန်အရေးပါတယ်။ အဲ့တော့ ဒီငွေကြေးကို ကျွန်တော်တို့က ရတဲ့နည်းနဲ့ အကောင်းဆုံးနည်းနဲ့ သမာသမတ်နည်းနဲ့ ကျွန်တော်တို့ ရှာမယ်။ ရှာပြီးတော့ ကျွန်တော်တို့ နားလည်ထားတဲ့ နော် အခြေခံမူအရ ရသလောက်၊ ရှာသလောက် ကို တစ်ပြားမကျန်အကုန်သုံးမယ်။ ဒါကိုတော့ ကျွန်တော်တို့ အခြေခံမူရှိတယ်။ ဒီဟာကို သုံးတဲ့အခါမှာလည်း ကျွန်တော်တို့က အမှန်တကယ်ကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ check and balance နဲ့ accountability နဲ့ နော် ကျွန်တော်တို့ ပြောချင်တာက နော် အချင်းချင်း စောင့်ကြည့်ထိန်းသိမ်းမှုရှိမယ်၊ စာရင်းစစ်ရှိမယ်၊ ဒါတွေကို အကုန်လုံး အဲ့လိုမျိုးပုံစံနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဦးဆောင်ပြီးတော့ စာရင်းစစ်တွေ၊ စာရင်းကိုင်တွေ၊ ဘဏ္ဍာငွေခွဲဝေမှု၊ စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်။ အဲ့တော့ စစ်တိုက်ရင် ပိုက်ဆံလိုတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ပြည်သူကလည်း မျှော်လင့်ချက်နဲ့ ရှေ့မှာရှိခဲ့တဲ့အဖွဲ့အစည်းတွေကို ပုံအောပြီးတော့ ကျွန်တော်တို့ ထည့်ခဲ့ကြတယ်။ ရွာတွေမှာ နားကပ်လေးချွတ်ရောင်းတယ်။ နော် အမယ်ကြီးတွေရောက နော် နောက်တစ်ခါကျတော့ ရှိတဲ့မြေဝိုင်းတွေ ရောင်းပြီးတော့ လုပ်ခဲ့တယ်။ ဘွန်းတွေဝယ်တယ်၊ ဟိုဟာဝယ်တယ်။ ဘာကြောင့်လဲ တော်လှန်ရေးမှာ ပုံအောပြီးထည့်တာ၊ ယုံကြည်မှုကို ပုံအောပြီးတော့ ထည့်ခဲ့ တယ်။ ဒါပေမယ့် သူတို့မျှော်လင့်သလို မဖြစ်ခဲ့ကြဘူး။ ဒါသည် ရင်နာစရာအရမ်း ကောင်းတယ်။ အဲ့တော့ တကယ်လို့များ ဒီတော်လှန်ရေးကြီးမှာ ဒီလိုမျိုးဟာတွေကို ဖြစ်အောင်၊ ကျွန်တော်တို့က လုပ်ပါ့မယ်လို့ ကတိပေးပြီးတော့ ဖြစ်အောင်လည်း လုပ်ကြမယ် ဆိုရင် တော်လှန်ရေးကြီးမှာ ပြည်သူတွေက မျှော်လင့်ချက်က ပြန်လည်ပြီးတော့ ရှင်သန်ခိုင်မာလာမယ်။ ယုံကြည်မှု ပြန်လည်ခိုင်မာလာမယ်။ ပြည်သူက ယုံကြည်တယ်၊ ပြည်သူက အကုန်လုံးဖြစ်တယ်ဆိုလို့ရှိရင် ကျန်တဲ့ငွေကြေးဆိုင်ရာဆိုတာက အလိုလို ရရှိလာမှာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘာကြောင့်လဲ ကျွန်တော်တို့ ရှေ့မှာဆို ကြည့်ကြည့်လိုက်။ နွေဦးတော်လှန်ရေးမှာ စိတ်ဓာတ်နဲ့ ရှိသမျှကို ပုံအောပြီးတော့ ထည့်ကြ တာ။ ဒါ့အပြင်ကို ကျွန်တော်တို့ မြေပြင်က ရနေတဲ့အရာတွေရှိတယ်၊ အများကြီးပဲ။ ဒါတွေကို သာ ကျွန်တော်တို့ သတင်းတရားတွေကြားပါတယ်။ နော် မြေပြင်က ရတဲ့ အခွန်တွေ၊ အခ တွေ၊ အဲ့ဒါတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ပြည်သူတွေဆီက အလှူခံစရာ တောင်မလိုဘူးဆိုတဲ့ သတင်းတွေကအစ ကျွန်တော်တို့ ကြားမိတာတွေရှိပါတယ်။ ဒါပေမယ့် ဒီလို ဘဏ္ဍာငွေရှာဖွေရေးကို ဘယ်လိုနည်းနဲ့ အသေးစိတ်ရှာမယ်ဆိုတာကတော့ ကျွန်တော်တို့ ဘဏ္ဍာရေးကော်မရှင်က သူပြောလို့ရပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒါက အသေးစိတ် ကျွန်တော် မသိနိုင်ပါဘူး။ ကျွန်တော်ပြောလို့လည်း ကျွန်တော်တို့ မရပါဘူးပေါ့နော်။ ဆိုတဲ့အခါကျတော့ သို့သော် သေချာတာတစ်ခုက ကျွန်တော်တို့သည် ရလာသမျှပိုက်ဆံကို တစ်ပြားမကျန်အကုန်သုံးပြီးတော့ balance မှာ zero ထွက်နေစေရမယ်။ အဲ့ဒီပုံစံမျိုးကို ရရှိတဲ့ ပိုက်ဆံတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ တည့်မတ်ထိန်းသိမ်းမှုနဲ့၊ စောင့်ကြည့်ထိန်းသိမ်း မှုတွေနဲ့ သွားမှာဖြစ်တယ်လို့တော့ ကျွန်တော့်အနေနဲ့ ပြောပြချင်ပါတယ်ဗျ။ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ –  အခုအချိန်မှာ အိမ်နီးချင်းနိုင်ငံ၊ ဒီအိန္ဒိယဘက်ခြမ်းကဆိုရင်တောင်မှ NUG တို့အပေါ်မှာ ယုံကြည်မှုတော်တော်လေးကို ကျဆင်းလာတာတွေ့ရတယ်။ အဲ့ဒီတော်တော် လေးကျဆင်းလာတဲ့ အကြောင်းရင်းထဲမှာဆိုရင်လည်း ဒါ NUG က တော်လှန်ရေး အင်အားစုတွေကို မစုစည်းနိုင်ဘူးဆိုတဲ့ ရှုထောင့်တစ်ခုရယ်၊ တခြား အိန္ဒိယဟာမျိုးနဲ့ ပတ်သက်တဲ့ဟာမျိုးဆိုရင် ULA/AA ကလည်း သူအခြေချနေထိုင်တဲ့ နယ်မြေမှာရှိတဲ့ စစ်ကောင်စီကို မောင်းထုတ်နိုင်တယ်၊ ချင်းနယ်ကလည်း မောင်းထုတ်နိုင်တယ်၊ NUG မှလွဲပြီးမှ ကျန်တဲ့အင်အားစုတွေ အကုန်မောင်းထုတ်နိုင်တဲ့အနေအထားဖြစ်နေတယ်။ ဆိုတော့ ဒီလိုအခြေအနေကို အခြေခံပြီးတော့မှ NUG အပေါ် နိုင်ငံတကာထောက်ခံမှု လုံးလုံးကျဆင်းနေတဲ့ဟာမျိုးတွေ ရှိနေတဲ့အချိန်မှာ ဆရာတို့အနေနဲ့ နိုင်ငံတကာ ဆက်ဆံရေး နဲ့ ပတ်သက်ပြီးတော့မှ ကြိုတင်ပြင်ဆင်ထားမှုက ဘယ်လိုရှိလဲ၊ ဒါ ချပြလို့ရသလောက် ဆွေးနွေးပေးပါလားဆရာ။

 

ဆရာမျိုးထိုက်တန်သိန်း၊ –  ကျွန်တော်တို့ အဓိကကဗျ၊ ယုံကြည်မှုပဲ။ အိမ်နီးချင်းတိုင်းပြည်တွေကဖြစ်ဖြစ်၊ ပြည်သူတွေကဖြစ်ဖြစ် ယုံကြည်မှု trust က အရမ်းအရေးကြီးတယ်။ အဲ့ဒီယုံကြည်မှုရှိလာမှ confidence ဆိုတဲ့ အရာက ဖြစ်လာတယ်။ ဒီလူတွေသည် အပြောနဲ့ လက်တွေ့နဲ့ တစ်ထပ်တည်းကျတယ်။ ဒီလူတွေသည် ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်။ ဒီအဖွဲ့အစည်း သည် တကယ်ကို လက်တွေ့လုပ်တယ်။ အဲ့ဒီယုံကြည်မှု၊ အပြောပေါ်မှာ လက်တွေ့သက်သေ ပြပြီးတဲ့အခါမှာ ဒီလူတွေအပေါ်မှာ confidence၊ သူတို့အပေါ်မှာ ထပ်ပြီးတော့ ကိုးစားမှု ဆိုတာ ဖြစ်လာတယ်။ အဲ့အခါကျတော့ ဆရာ ဘယ်တိုင်းပြည်ကဖြစ်ဖြစ် သူတို့ရဲ့အိမ်နီးချင်း တိုင်းပြည်တွေမှာ နော် သူတို့နဲ့လက်တွဲလုပ်ဆောင်ရမယ့်သူတွေသည် လောက်လောက် လားလားနဲ့ တကယ်ကို စကားတည်ပြီးတော့ လက်တွေ့လုပ်ဆောင်နိုင်ပြီးတော့ ပြည်သူကို ဦးဆောင်မှုပေး၊ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့သူတွေဖြစ်မှသာလျှင် ဒီအိမ်နီးချင်းတိုင်း ပြည်တွေကလည်း ကောင်းကောင်းမွန်မွန် ကျွန်တော်တို့ ဆက်ဆံမှာပေါ့။ အဲ့ဒါက လက်ရှိ ဒီ de facto ပြောပြော၊ de jure ပြောပြော၊ နော် ကျွန်တော်တို့ ပြောချင်တာက မြေပြင်မှာရှိတဲ့ အရှိတရားအတိုင်း။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ဒါကို ဘာနဲ့သက်သေပြမလဲ၊ အလုပ်နဲ့သက်သေပြရမယ်။ အလုပ်နဲ့ဆိုတာ စစ်နိုင်အောင်တိုက်နိုင်ရင်။ စစ်နိုင်လို့ရှိရင် စကားပြောလာမှာပဲ။ တခြားမကြည့်ပါနဲ့ ကျွန်တော်တို့ AA၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ မဖြစ်မနေ စကားပြောရတယ်။ တရုတ် မဖြစ်မနေ စကားပြောရတယ်။ ဘာကြောင့်လဲ သူက နိုင်ထားပြီ။ စစ်နိုင်ထားပြီဆိုလို့ရှိရင် မဖြစ်မနေ သူတို့ပြောရတယ်။ ဘာကြောင့်လဲ ပထဝီနိုင်ငံရေးတွေ၊ သူတို့ရဲ့အကျိုးစီးပွားတွေ ဒါတွေ ရှိလာပြီ။ မြန်မာပြည်ရဲ့ ဟိုး အရှေ့တောင်ပိုင်းကိုကြည့်၊ တနင်္သာရီတိုင်းဘက်၊ ကရင်ပြည်နယ်ဘက် ထိုင်းရဲ့ ကျောက်ငွေ့ပိုက်လိုင်းတွေရှိတယ်။ ထိုင်းက သူအာရုံစိုက်နေရပြီ။ အဲ့တော့ အဓိကက ကိုယ်ကနိုင်အောင်လုပ်နိုင်သလား၊ ကိုယ်က နယ်မြေဘယ်လောက်စိုးမိုးထားသလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ဒီနိုင်ငံခြားဆက်ဆံရေး တွေဆိုတာက ကျွန်တော်တို့က ထပ်မံပြီးတော့ အဖြေတွေဖြစ်လာတယ်။ ဆက်စပ်နေ ပါတယ်။ ဆက်စပ်နေတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ နိုင်ငံခြားဆက်ဆံရေးတွေ နဲ့ဆိုလို့ရှိရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အဓိကပူးပေါင်းဆက်ဆံရေးနဲ့ သူတို့ရဲ့ထောက်ခံမှုရ အောင်လို့ ကျွန်တော်တို့က လုပ်ဆောင်နိုင်မှုက သိပ်အရေးကြီးပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တချို့အိမ်နီးချင်းတိုင်းပြည်တွေရဲ့ မြန်မာပြည်အပေါ်မှာ အထူးသဖြင့် တော်လှန်ရေးအပေါ်မှာ ထားတဲ့ဝါဒတွေ အခုနောက်ပိုင်းမှာ မကြိုက်လှဘူး။ ဒါသည် အရှိတရား။ သို့သော် မကြိုက်သော်လည်း ကျွန်တော်တို့က ဒီအိမ်နီးချင်းနဲ့က ကျွန်တော်တို့က အိမ်ပြောင်းသွားလို့မရဘူး။ ဒါ အရှိတရား။ ဒါဆိုလို့ရှိရင် ဒီသူတို့ရဲ့အရှိတရားကို ကိုယ့်ဘက် ပါလာအောင် ဘယ်လိုလုပ်မလဲ။ ကိုယ့်အတွက် စွမ်းအားဖြစ်လာအောင်၊ ခွန်အားဖြစ်လာ အောင်၊ အားသာချက်ရှိအောင် ဘယ်လိုလုပ်မလဲဆိုတာက ဒါကို ကျွန်တော်တို့က စဉ်းစား ကြပြီးတော့ ဒါကို ဖြစ်အောင်လုပ်ကြရမှာဖြစ်တယ်။ ကျွန်တော်တို့က ကလေးကလားတွေ နင်ကဒီလိုလုပ်လို့ရှိရင် ငါကတော့ ဒီလိုပါပဲဆိုပြီးတော့ ပြောပြီးလုပ်လို့မရဘူး။ ရှိလာတဲ့ အမှန်တရားကို ကိုယ့်ကိုယုံကြည်လာအောင်၊ ကိုးစားလာအောင် trust and confidence တွေ ဖြစ်လာအောင် လက်တွေ့မြေပြင်မှာ စစ်အောင်နိုင်မှုနဲ့ နယ်မြေစိုးမိုးမှုတွေနဲ့ ပြနိုင်မယ် ဆိုလို့ရှိရင် မဖြစ်မနေ စကားပြောကြရတာပါပဲ။ ဒါတွေကို ကျွန်တော်တို့က ဖြစ်အောင် လုပ်ကြရမှာပေါ့။ သို့သော် ဆရာ မဝေးလှတဲ့ အတိတ်ကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် နွေဦးတော်လှန်ရေး အစမှာ တရုတ်ဖြစ်စေ၊ ရုရှားဖြစ်စေတောင်မှ လက်ရှောင်ခဲ့ကြတယ်နော်။ မအလကို လက်တွဲနှုတ်မဆက်ခဲ့ဘူး။ ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်နော်၊ လက်ရှောင်ခဲ့ကြတယ်နော်။ သူတို့ မျှော်လင့်ခဲ့ကြတယ်၊ စောင့်ကြည့်ခဲ့ကြတယ်။ သို့သော် ကိုယ့်ဘက်က ဦးဆောင်သော အဖွဲ့အစည်းတချို့သည် အဲ့ဒီအခြေအနေအခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ဘူး။ လက်တွေ့သက်သေမပြနိုင်ခဲ့ဘူး။ သူတို့ အချိန်တွေ ပေးခဲ့တယ်။ လေးနှစ်ကျော် ငါးနှစ်။ အဲ့တော့ သူတို့က တိုင်းပြည်တိုင်း၊ တိုင်းပြည်တိုင်းသည် ကိုယ်ကျိုးစီး ပွားကာကွယ်ရေးမူဝါဒဆိုတာရှိတယ်။ မြန်မာပြည်မှာလည်း ရှိမှာပဲ၊ ကျွန်တော်တို့ American လည်းရှိတယ်၊ တရုတ်လည်းရှိတယ်။ အဲ့တော့ သူတို့က သူတို့အကျိုးစီးပွားက ဘယ်အရာကို လုပ်ရင် ဘယ်ဟာပိုအကျိုးရှိမလဲဆိုတာကို ကြည့်ပြီးတော့ သူတို့ရဲ့ interest အတွက်၊ national interest အတွက်ကို သူတို့က လုပ်မှာပဲ။ အဲ့တော့ ကျွန်တော်တို့က သူတို့ကို ဘယ်လိုမျိုး ကျွန်တော်တို့က bargain လုပ်နိုင်မလဲ။ သူတို့ကို ကျွန်တော်တို့က level playing field ဖြစ်အောင် ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ။ ကျွန်တော်တို့က ဘာတွေကို ကျွန်တော် တို့က သူတို့ကို ကမ်းလှမ်းနိုင်ပြီးတော့ သူတို့ဆီကနေ ကျွန်တော်တို့က ဘာတွေကို ရအောင် ပြန်ယူနိုင်မလဲဆိုတာက ကျွန်တော်တို့က လုပ်ဆောင်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အဲ့တော့ ကျွန်တော်တို့ smart power, soft power တွေကို ကောင်းကောင်းအသုံးပြုပြီးတော့ ကျွန်တော်တို့ ဒါတွေကို လုပ်ဆောင်မယ်ဆိုရင်၊ ထိတွေ့ဆွေးနွေးမှုတွေနဲ့ လုပ်ဆောင်မယ် ဆိုလို့ရှိရင် ဒီအတိုင်းကြီး သူတို့ကို ပစ်လျာခါထားတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ သူတို့ဆီက ထောက်ခံမှုတွေရလာတဲ့အထိ၊ နောက်ဆုံးဗျာ အစစအရာရာ ကျွန်တော်တို့အတွက်ပါ မားမား မတ်မတ်ရပ်လာနိုင်တဲ့အထိ ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။ သို့သော် ကျွန်တော်တို့က ဒါကို လက်ရှိဖြစ်နေတဲ့ အနေအထားကို ကြည့်ပြီးတော့ ဒီလိုမျိုးအထိ ဖြစ်အောင် သွားမယ်ဆိုတဲ့ ဒီယုံကြည်မှုကို ကိုင်စွဲပြီးသွားမယ်ဆိုလို့ရှိရင် မဖြစ်ဖြစ်အောင်လုပ်ကြပြီးတော့ လုပ်ဖို့တော့ ကျွန်တော်တို့ ရည်ရွယ်ချက်ဆန္ဒတွေရှိတယ်လို့ တင်ပြပါရစေဗျ။ ဒါသည် ကျွန်တော်တို့ နိုင်ငံခြားဆက်ဆံရေးပါ။

 

ဆလိုင်း ဒိုခါရ်၊ –  ဟုတ်ကဲ့ အခုလို ကျွန်တော်တို့ကို ဒါ ဆရာတို့ရဲ့ NRA အမူဝါဒတွေ၊ ပြီးတော့ ကော်မရှင်အသီးသီးရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်၊ ပြည်သူတွေ သိသိသင့်တဲ့ဟာတွေ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။