The Kaladan Post
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် စစ်ဘက်အကျဉ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်စာ အမှတ် (၆၂/၂၀၂၅) ကို ထုတ်ပြန်ခဲ့သည်။ အချက်နှစ်ချက်ပါဝင်သည့် ဤအမိန့်စာတွင် အကျဉ်းထောင်နှင့် အချုပ်ခန်းများရှိ ပြစ်ဒဏ်ကျခံနေရသူများနှင့် အချုပ်သားများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်နှင့် စစ်ရေးဆိုင်ရာ အမှုများ ကြန့်ကြာမှုမရှိစေရန် စစ်ဥပဒေရုံးမှ စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ထို့ပြင်၊ စစ်ဆေးမှုများပြုလုပ်ရာတွင် အကျဉ်းသား/အချုပ်သားဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်မှုဆိုင်ရာ အခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ အမှုစစ်ဆေးမှုတွင် ကြန့်ကြာမှုရှိ/မရှိ၊ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားမှုရှိ/မရှိ စသည့်အချက်များကို စစ်ဆေးရန် ညွှန်ကြားထားသည်။
ဤအမိန့်စာသည် NUG လက်အောက်ရှိ အကျဉ်းထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် ဝေဖန်မှုများကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အချို့က သုံးသပ်ထားသည်။
ဤအမိန့်စာနှင့်ပတ်သက်၍ ချင်းတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဗျက်က The Kaladan Post သို့ ပြောကြားရာတွင် “ဒီထုတ်ပြန်ချက်ဟာ အင်မတန်ေကာင်းမွန်တဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ နောက်ကျတယ်ဆိုတာမရှိပါဘူး ဒါပေမယ့် ဒီဟာက လူ့အခွင့်အေရးနဲ့ဆိုင်တာဆိုတော့ အဖွဲ့အစည်းစတင်ဖွဲ့စည်းကတည်းက ရှိသင့်တဲ့ ဥပေဒလို့တော့ မြင်တယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်ပြီး ထုတ်ပြန်ချက်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အားလုံး ဤအမိန့်စာအား လေ့တွေ့အသုံးပြုကြမည်ဟုလည်း မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါသည်။