ဖေဖေါ် ၁၈

The Kaladan Post

 

United States သည် Iran အနီးဝန်းကျင် အရှေ့အလယ်ပိုင်းဒေသသို့ အဆင့်မြင့် တိုက်လေယာဉ် ၅၀ ကျော်ကို အလျင်အမြန် ပို့ဆောင်ဖြန့်ကျက်ထားကြောင်း သိရသည်။

ပို့ဆောင်ထားသည့် လေယာဉ်များတွင် အမေရိကန် လေတပ်၏ ခေတ်အမီဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်များဖြစ်သည့် F-22 Raptor ဝေဟင်စိုးမိုးရေး တိုက်လေယာဉ်များနှင့် F-35A Lightning II ဘက်စုံသုံး ကိုယ်ပျောက် တိုက်လေယာဉ်များ ပါဝင်သည်။ အဆိုပါ လေယာဉ်များသည် ရေဒါထောက်လှမ်းမှုကို ရှောင်တိမ်းနိုင်သည့် အဆင့်မြင့် ကိုယ်ပျောက်နည်းပညာများ တပ်ဆင်ထားသည်။

အထူးသဖြင့် F-35A တိုက်လေယာဉ် ၁၈ စီးကို United Kingdom အခြေစိုက်စခန်းမှ အရှေ့အလယ်ပိုင်းဒေသသို့ တိုက်ရိုက် ပျံသန်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စတုတ္ထမျိုးဆက် တိုက်လေယာဉ်များဖြစ်သည့် F-16 Fighting Falcon နှင့် F-15E Strike Eagle များကိုလည်း ဖြည့်တင်းပို့ဆောင်ထားသည်။

အမေရိကန်နှင့် အီရန်တို့ကြား နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေချိန်တွင် အမေရိကန်သမ္မတ Donald Trump က နှစ်ပတ်ခန့်အတွင်း သဘောတူညီချက်တစ်ခု ထွက်ပေါ်လာရန် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။ သို့သော် ဆွေးနွေးပွဲများမှ ရလဒ်မထွက်ပေါ်ပါက စစ်ရေးအရ အရေးယူမှုများ အပါအဝင် အခြားရွေးချယ်စရာများကို အသုံးပြုနိုင်ကြောင်းလည်း သတိပေးထားသည်။

လက်ရှိတွင် အမေရိကန်သည် အီရန်အနီးရှိ စစ်စခန်းများတွင် လေတပ်နှင့် ကြည်းတပ် အင်အားများ တိုးချဲ့ထားပြီး အီရန်ကမ်းလွန်ဒေသတွင်လည်း လေယာဉ်တင် သင်္ဘောများနှင့် ဖျက်သင်္ဘောများကို ဖြန့်ကျက်ထားသည်။

ထိုအခြေအနေအတွင်း အီရန်၏ Islamic Revolutionary Guard Corps နှင့် ရေတပ်တို့ကလည်း Strait of Hormuz တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အိန္ဒိယ သမုဒ္ဒရာတွင် လေယာဉ် ၈၀ နီးပါး တင်ဆောင်ထားသည့် USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးကို တိုက်ရေယာဉ် အုပ်စုနှင့်အတူ ဖြန့်ကျက်ထားပြီး၊ ထို့အပြင် USS Gerald R. Ford သည်လည်း မကြာမီ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာမည်ဟု အမေရိကန် စစ်တပ်က အတည်ပြုထားသည်။

 

Source — Air & Space Forces Magazine

ဓာတ်ပုံ — U.S. Air Force