ဖေဖေါ် ၂၅
The Kaladan Post
Pakistan စစ်တပ်သည် Afghanistan နိုင်ငံပိုင်နက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွ ၇၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်းတွင် အာဖဂန်နယ်မြေထဲရှိ စစ်သွေးကြွများ ခိုအောင်းနေသည်ဟု ယူဆရသော နေရာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန်အနေဖြင့် မကြာသေးမီက မိမိနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများနောက်ကွယ်တွင် အာဖဂန်ဘက်မှ ခိုလှုံခွင့်ပေးထားသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း စွပ်စွဲထားသော်လည်း အာဖဂန်ဘက်က ငြင်းဆိုထားသည်။
ပါကစ္စတန် ဒုတိယ ပြည်ထဲရေးဝန်ကြီး တာလာလ် ချောင်ဒရီက လေကြောင်းတိုက်ခိုက်မှုများအတွင်း စစ်သွေးကြွ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် အထောက်အထားများကို မထုတ်ပြခဲ့ပေ။ နောက်ပိုင်းတွင် အစိုးရပိုင် မီဒီယာများက သေဆုံးသူ အရေအတွက်ကို ၈၀ နီးပါးဟု ဖော်ပြခဲ့သည်။
တစ်ဖက်တွင် အာဖဂန် တာလီဘန်အစိုးရ လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံအရှေ့ပိုင်းရှိ Nangarhar Province နှင့် Paktika Province ပြည်နယ်များရှိ လူနေဧရိယာများကို ထိမှန်ခဲ့ကြောင်း စွပ်စွဲထားသည်။ ထို့အပြင် အာဖဂန်၏ လေပိုင်နက်ကို ကျူးကျော်ကာ အချုပ်အခြာအာဏာကို ထိပါးခဲ့ကြောင်းလည်း ဝေဖန်ခဲ့သည်။
အာဖဂန် အစိုးရ ပြောရေးဆိုခွင့်ရသူ Zabihullah Mujahid က ပါကစ္စတန်၏ “စစ်သွေးကြွ ၇၀ ကျော် သေဆုံး” ဆိုသည့် ထုတ်ပြန်ချက်ကို ပယ်ချခဲ့ပြီး သေဆုံးသူများအများစုမှာ အရပ်သားများဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့ပြင် ယခုလုပ်ရပ်အပေါ် သင့်လျော်သော တုံ့ပြန်မှုများကို စဉ်းစားနေကြောင်းလည်း ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရသည် မိမိတို့အနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် Tehrik-i-Taliban Pakistan (TTP) ကို အာဖဂန် တာလီဘန်များက ခိုလှုံခွင့်ပေးထားကြောင်း စွပ်စွဲထားပြီး အာဖဂန်ဘက်က ထိုစွပ်စွဲချက်ကို ပယ်ချထားသည်။
လေကြောင်းတိုက်ခိုက်မှုများမတိုင်မီ နာရီပိုင်းအတွင်း ပါကစ္စတန် အနောက်မြောက်ပိုင်း ဘန်နူဒေသတွင် လုံခြုံရေးတပ်ဖွဲ့ ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ခိုင်ဘာ ပက်တွန်ခါဝါ ပြည်နယ်နှင့် အစ္စလာမ်မာဘတ်မြို့တော်တို့တွင်လည်း အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
နှစ်ဖက်အကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေသည့် အခြေအနေတွင် ပါကစ္စတန်နှင့် အာဖဂန်တို့၏ စွပ်စွဲ-တုံ့ပြန်မှုများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
Source: Associated Press (AP)
ဓာတ်ပုံ – AP