၂၀၂၅ ခုနှစ်၊ မေလ (၇) ရက်နေ့
The Kaladan Post
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နှစ်နိုင်ငံနယ်စပ် ဂျမ်မူးနှင့် ကက်ရှ်မီးယားဒေသကို အခြေပြုပြီး ၁၉၄၇-၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၅ တွင် တစ်ကြိမ်၊ ၁၉၇၁ တွင် တစ်ကြိမ်၊ ၁၉၉၉ တွင် တစ်ကြိမ် စစ်ပွဲကြီးလေးကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း နှစ်နိုင်ငံစစ်ပွဲမှတ်တမ်းများတွင် ဖော်ပြထားပါသည်။ ဤစစ်ပွဲများတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ ကူညီပံ့ပိုးမှု ရယူကာ စစ်ပွဲကို အဖြေရှာဖြေရှင်းသည်အထိလည်း ဖြစ်ပွားခဲ့ဖူးကြောင်းလည်း မှတ်တမ်းများတွင် ပါရှိပါသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့ ကက်ရှ်မီးယားရှိ ပါဟဂမ်ဒေသတွင် ခရီးသွား ၂၆ ဦး ပါဝင်သော ကမ္ဘာ့လှည့်ခရီးသွားများအား အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်းပြီး နှစ်နိုင်ငံကြား စစ်ပွဲစတင်ဖြစ်ပွားမှုသည် သမိုင်းဝင်နှစ်နိုင်ငံပြင်းထန်စစ်ပွဲအသွင်ပြောင်းသွားမည်လားဆိုသည့် အချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည့်အပြင် လွန်စွာ စိုးရိမ်စရာလည်း ဖြစ်နေပါသည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စိန်ခေါ်မှုမျိုးစုံကြောင့် အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသော မြန်မာနိုင်ငံစစ်ဘေးဒုက္ခသည်များ၏ အနာဂတ်လုံခြုံရေးအပြင် အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေသော မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံတစ်ခု ပြင်းထန်သော စစ်ရေးနှင့်ကြုံတွေ့လာပါက စီးပွားရေးပိုင်းဆိုင်ရာအပါအဝင် ဒေသအတွင်း ထိခိုက်မှုများစွာ ကြုံတွေ့လာနိုင်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ထိုသို့သော စိန်ခေါ်မှုများစွာထဲမှာ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသော မြန်မာစစ်ဘေးဒုက္ခသည်များအနေဖြင့် လုံခြုံမှုရှိအောင် ရှင်သန်နိုင်မည့် နည်းလမ်းများအား အကြံပြု ရေးသားလိုပါသည်။
ထိုသို့အကြံပြုရာတွင် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ နောက်ဆက်တွဲ အိန္ဒိယနိုင်ငံအတွင်း ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေများအား အခြေခံပြီး အကြံပြုခြင်းဖြစ်ကြောင်းလည်း ရှင်းလင်းစေလိုပါသည်။ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံအကြား ဖြစ်ပွားသော ပြင်းထန်တိုက်ပွဲများ၏ နောက်ဆက်တွဲ အကြမ်းဖက်တိုက်ခိုက်မှု အိန္ဒိယနိုင်ငံတွင် ၅ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း မှတ်တမ်းတချို့တွင် ဖော်ပြထားပါသည်။ အဆိုပါ မှတ်တမ်းအရ နယူးဒေလီရှိ အိန္ဒိယပါလီမန်အား အကြမ်းဖက်တိုက်ခိုက်မှု ၂၀၀၁ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်းလည်းပါဝင်သည်။ ထိုသို့ ဖြစ်ပွားရာတွင် အိန္ဒိယ-ပါကစ္စတန်နယ်စပ်တွင် ဖြစ်ပွားခြင်းမဟုတ်ဘဲ နိုင်ငံအနှံ့ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း မှတ်တမ်းများအရ သိရှိရပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသော မြန်မာနိုင်ငံသားများအနေဖြင့် အောက်ပါအချက်များအား မဖြစ်မနေ သတိထားကြရန် လိုအပ်မည်ဖြစ်သည်။
၁။ မိမိနှင့်အတူ တရားဝင်စာရွက်စာတမ်း (သို့မဟုတ်) UNHCR အထောက်အထားများ သွားလေရာ ယူဆောင်သွားရန်
တရားဝင်စာရွက်စာတမ်းဟု ဆိုရာတွင် မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးဒုက္ခသည်များအား တရားဝင်ထုတ်ပေးထားသည့် ဒုက္ခသည်ကဒ်အပါအဝင် အိန္ဒိယအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော စာရွက်စာတမ်းများရှိပါက သွားလာရာနေရာများသို့ ယူဆောင်သွားရန် လိုအပ်ပါသည်။ အကြောင်းရင်းမှာ လုံခြုံရေး တင်းကြပ်မှုများကြောင့် လိုသည်ထက်ပိုပြီး စစ်ဆေးမှုများ နေရာတိုင်းတွင် ဖြစ်ပွားနိုင်ပြီး အထောက်အထားကဒ်တစ်စုံတစ်ရာမရှိပါက ဖမ်းဆီးထိန်းသိမ်းခံခြင်းမျိုးကြုံရနိုင်ပြီး လိုအပ်သည်ထက် ဥပဒေလမ်းကြောင်းအရ တရားရင်ဆိုင်မှု ပိုပြင်းထန်နိုင်သည်။ ထို့ကြောင့် အခုတလောတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခြင်းမရှိတော့သည့် ကာလကြာသော်လည်း နာဂလန်းပြည်နယ်ဘက်တွင် မြန်မာနိုင်ငံသား (၆) ဦး ဖမ်းဆီးထားခြင်းများလည်းရှိလာသည်။ အိန္ဒိယနိုင်ငံသားအထောက်အထားမရှိသူများအနေဖြင့် UNHCR Card သို့မဟုတ် မိမိရောက်ရှိရာ ဒေသအတွင်း တာဝန်ရှိသူများမှ ထုတ်ပေးထားသော စာရွက်စာတမ်းများ ကိုင်ဆောင်ထားရန်လိုအပ်ပါသည်။ အထောက်အထားလုံးဝမရှိသူများအနေဖြင့် မည်သည့်နေရာမှ သွားလာခြင်းမပြုဘဲ ရောက်ရှိရာနေရာတွင် ဒေသန္တရစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကြရန် လိုအပ်ပါသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးခံမြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများအား ထောင်နေရာရွှေ့ခြင်းများအပါအဝင် လိုအပ်သော အထောက်အထားစုဆောင်းခြင်းများလည်း အိန္ဒိယအစိုးရက လုပ်ဆောင်လျက်ရှိပြီး ဒါဟာ အိန္ဒိယအနေဖြင့် နောက်ဆက်တွဲပြဿနာများအတွက် ပြင်ဆင်မှုတစ်ရပ်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မဖြစ်မနေသွားရမည့် ခရီးကလွဲပြီး အပြင်ထွက်တာ၊ ခရီးသွားတာ အားလုံးရှောင်ကြရန် လိုအပ်မည်ဖြစ်သည်။
၂။ ဖြစ်နိုင်ရင် ခရီးမသွားရန်နှင့် စာရွက်စာတမ်းအစစ်ကိုင်ရင်လည်း အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာနယ်နိမိတ်များကျော်ပြီး လုံးဝလှုပ်ရှားသွားလာခြင်းမပြုလုပ်ရန်
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်များအားလုံးကို ၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းကတည်းက တင်းကြပ်ထားပြီးဖြစ်သည်။ လက်ရှိအချိန်တွင် စာရေးသူနှင့် နီးစပ်သော အိန္ဒိယနိုင်ငံသား မိတ်ဆွေများထံမှ ချိတ်ဆက်မေးမြန်းကြည့်ရာ နိုင်ငံတကာနယ်နိမိတ်မှန်သမျှ အိန္ဒိယအစိုးရဘက်မှ လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း အသိပေးထားကြပါသည်။ ထို့ကြောင့် အိန္ဒိယပြည်တွင်းဖြစ်စေ၊ အိန္ဒိယနိုင်ငံပြင်ပဖြစ်စေ လိုအပ်ပါက ခရီးသွားလှုပ်ရှားခြင်းအား ရှောင်ရှားကြရန် လိုအပ်သည်။ စာရွက်စာတမ်း ခိုင်ခိုင်မာမာမရှိသူများဆိုရင် လုံးဝလုံးဝ ခရီးသွားလာခြင်းမလုပ်ကြရန်လိုအပ်သည်။ အိန္ဒိယနိုင်ငံတွင် တခြားအမှုကိစ္စများကြောင့်အဖမ်းခံသူများပင် လွတ်မြောက်ရန် ခက်ခဲနေပြီး အကယ်၍ လက်ရှိအချိန်မှာ ဖမ်းဆီးခံရပါက ထောင်မှလွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ တသက်လုံးထောင်နန်းစံနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သည်။
၃။ လူစုလူဝေးရှောင်ခြင်း၊ အစိုးရရုံး၊ လူစုလူဝေး၊ အပန်းဖြေစခန်းများရှောင်ကြဉ်ကြရန်
အိန္ဒိယ-ပါကစ္စတန် တိုက်ပွဲ နောက်ဆက်တွဲ အကြမ်းဖက်မှုများပေါ်ပေါက်လာပါက လူစုလူဝေး၊ အပန်းဖြေစခန်း၊ အစိုးရရုံးများကို အဓိက ဦးတည်တိုက်ခိုက်မှု ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် မိသားစုအပန်းဖြေခြင်း၊ ပန်းခြံအပါအဝင် အထင်ကရနေရာများသို့ သွားလာခြင်းများအား ရှောင်ရှားရန် လိုအပ်ပါသည်။ ထို့အပြင် အစိုးရရုံးများနှင့် နီးစပ်ရာနေရာများလည်း ရှောင်ကြရန်လိုအပ်ပြီး အစိုးရရုံးများနှင့်နီးစပ်ရာနေရာများ ရှောင်ရှားရာတွင် အကြောင်းအရာ နှစ်ခုရှိသည်။ ပထမတစ်ခုမှာ လုံခြုံရေး တင်းကြပ်မှုကြောင့် မသင်္ကာမှုနှင့် စစ်ဆေးခံခြင်းမျိုးလည်း ရှိနိုင်သလို အကြမ်းဖက်သမားများ တိုက်ခိုက်မှု ဖြစ်နိုင်ခြေများသည့် နေရာလည်းဖြစ်သည်။ ထို့ကြောင့် ထိုသို့သော နေရာများအား ရှောင်ကြဉ်ကြရန်လိုအပ်သည်။ ထို့အပြင် လူစုလူဝေးဖြစ်ပါက ရှောင်ထားရန်လိုအပ်သည်။ အကြောင်းရင်းမှာ တစ်ခုခုအကြမ်းဖက်မှုဖြစ်ပါက လူစုလူဝေးဖြစ်တတ်သလို ထိုသို့သော နေရာများတွင် အကြမ်းဖက်မှုလည်းရှိတတ်သည့်အတွက် လုံခြုံရေးအဖွဲ့များမှာ တင်းကြပ်စွာ စောင့်ကြည့်ခံရနိုင်သည့်အနေအထားဖြစ်ပြီး မိမိမှာ တရားဝင်စာရွက်စာတမ်းမရှိပါက ဖမ်းဆီးခံခြင်းမျိုးများလည်းရှိသည်။
၄။ အိန္ဒိယနိုင်ငံတွင်ရှိသော မြန်မာအဖွဲ့အစည်းများ၊ Refugee Committee ခေါင်းဆောင်များ၊ Community ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်တစ်ဦးဦး (သို့မဟုတ်) မိသားစုအတွင်း အားကိုးရသူ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေ တစ်ဦးဦး၏ ဖုန်းနံပါတ်အား အလွတ်ရထားကြရန်နှင့် ကောင်းကောင်းသိမ်းထားရန်
အိန္ဒိယနိုင်ငံအတွင်းနေထိုင်သော မြန်မာနိုင်ငံသားအများစုသည် အထောက်အထားကဒ်မရှိကြသည့်အတွက် အိန္ဒိယ-ပါကစ္စတန်နိုင်ငံအကြား ပြင်းထန်စစ်ပွဲများဖြစ်လာပါက နေရာတကာတွင် လုံခြုံရေးအဖွဲ့များ၏ စစ်ဆေးမှုခံရနိုင်ပါသည်။ ထို့အပြင် အထူးသဖြင့် မဖြစ်မနေခရီးသွား၊ အလုပ်သွားချိန်မျိုးတွင် ရှောင်တခင်စစ်ဆေးခံခြင်းမျိုးလည်း ကြုံနိုင်ပါသည်။ ထို့ကြောင့် နေရာတကာတွင် မထင်မှတ်ဘဲ ဖမ်းဆီးခံခြင်းမျိုးနှင့် ရင်ဆိုင်ရပါက တရားဥပဒေအရ အမှုမရင်ဆိုင်မီ အိန္ဒိယလုံခြုံရေးအဖွဲ့မှ ယုံကြည်စိတ်ချသော အဖွဲ့အစည်း တစ်ခုခုမှ ခေါင်းဆောင်များ၏ ထောက်ခံချက်သည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ထိုသို့သော အကူအညီများရရှိနိုင်ရန် လုံခြုံရေးအဖွဲ့များ ထိန်းသိမ်းခံခြင်းမျိုးရှိပါက ဖုန်းဆက်အကူအညီတောင်းနိုင်မည့်လူလိုအပ်နိုင်သောကြောင့် အရေးပါသော ဖုန်းနံပါတ်များ အလွတ်ရထားကြပါရန် အလွန်အရေးကြီးသည်။
နိဂုံးချုပ်
အိန္ဒိယ-ပါကစ္စတန်အကြားတင်းမာမှုသည် လက်နက်သုံးမှုလည်း စတင်သည်ဖြစ်သောကြောင့် လိုသည်ထက်ပိုစိုးရိမ်ကြောက်လန့်မှုများမရှိဘဲ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များကို လိုက်နာပြီး သတိထားစရာအားလုံးသတိထားရန် လိုအပ်သည်။ အထူးသဖြင့် ဒေလီမြို့အပါအဝင် မြို့ကြီးများတွင် ကတုတ်ကျင်းများအပါအဝင် လုံခြုံရေးသတိထားစရာများကိုလည်း အစိုးရတာဝန်ရှိသူများမှ ထုတ်ပြန်ထားပြီးလည်းဖြစ်သည်။ ထိုထုတ်ပြန်ချက်ကို စိုးရိမ်လွန်ပြီး တစ်နေရာပြီးတစ်နေရာရွှေ့ပြောင်းခြင်းနှင့် အိန္ဒိယနိုင်ငံမှ ထွက်ပြေးရန်ကြိုးပမ်းခြင်းမျိုးသည် ဖမ်းဆီးခြင်းခံရနိုင်မှုပိုဖြစ်စေပြီး မိမိရောက်ရှိရာဒေသတွင် ဒေသန္တရဥပဒေအပါအဝင် Community ဘာသာရေးခေါင်းဆောင်များ၏ အသိပေးချက်များအား လိုက်နာခြင်းဖြင့် လုံခြုံအောင် နေကြခြင်းသည် ပိုပြီး လုံခြုံစိတ်ချရကြောင်း အသိပေးအပ်ပါသည်။