မတ် ၂

The Kaladan Post

 

လက်ရှိ ဖြစ်ပွားနေသည့် အီရန်နှင့် စစ်ရေးပဋိပက္ခအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များဘက်မှ ပထမဆုံး အသေအပျောက်များ ဖြစ်ပေါ်လာပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့သည့် စစ်ဆင်ရေးအစပိုင်းတွင် အမေရိကန်ဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း မတ်လ ၁ ရက်နေ့တွင် အမေရိကန်စစ်သည် ၃ ဦး ကျဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အခြား တပ်ဖွဲ့ဝင်တချို့လည်း ပေါက်ကွဲမှုကြောင့် အပျက်အစီးအစအနများ လွင့်စင်ထိခိုက်သဖြင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။

သေဆုံးထိခိုက်မှုများ ဖြစ်ပွားခဲ့သည့် နေရာကို အမေရိကန်စစ်တပ်ဘက်မှ အသေးစိတ် မထုတ်ပြန်သော်လည်း သတင်းရင်းမြစ်အချို့အရ Kuwait နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ဤဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ဗီဒီယိုတစ်ခုတင်ကာ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ကြေညာခဲ့သည်။ ကျဆုံးသွားသည့် အမေရိကန်စစ်သည်များအတွက် အီရန်ကို “အပြင်းထန်ဆုံး လက်စားချေ ထိုးနှက်မည်” ဟု ကြွေးကြော်ပြောဆိုခဲ့သည်။

အီရန်နှင့်ပတ်သက်သည့် အမေရိကန်၏ စစ်ရေးရည်မှန်းချက်များ ပြည့်စုံအောင်မြင်သည့်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှေ့ဆက်၍ အမေရိကန်တပ်ဖွဲ့ဝင်များအကြား အသေအပျောက်များ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်းလည်း ကြိုတင် သတိပေးထားသည်။ ယင်းစစ်ဆင်ရေးသည် လက်ရှိ အမေရိကန်ပြည်သူများ၏ လုံခြုံရေးအတွက်သာမက နောင်လာမည့် မျိုးဆက်များ၏ အနာဂတ်လုံခြုံရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။ ထို့အပြင် အစွန်းရောက် အစိုးရတစ်ရပ် လက်ထဲသို့ နျူကလီးယားလက်နက်များ ရောက်ရှိသွားမည့် အန္တရာယ်ကို ကာကွယ်ရန် အမေရိကန်ဘက်မှ မှန်ကန်သည့် လုပ်ရပ်ကို ရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အခိုင်အမာ ထပ်လောင်းပြောဆိုခဲ့သည်။

စစ်ရေးအခြေအနေများအရ မတ်လ ၁ ရက်နေ့အထိ အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်မှုများကြောင့် အီရန်ဘက်မှ ထိပ်ပိုင်း နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင် ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်သည် အီရန်ရေတပ်အင်အားကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့ပြီး စစ်သင်္ဘော ၈ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သမ္မတထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်အရ စစ်ဆင်ရေးစတင်ပြီး ၃၆ နာရီအတွင်း အမေရိကန် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများက အီရန်၏ အဓိက စစ်ရေးပစ်မှတ်ပေါင်း ၁,၀၀၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ရေဒါထောက်လှမ်းမှုများကို ရှောင်ကွင်းနိုင်သည့် B-2 Spirit ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များကိုပါ အသုံးပြု၍ အီရန်ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ဆောင်ရွက်နေကြောင်း သတင်းများက ဖော်ပြထားသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်နေသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြသည်။

သတင်းရင်းမြစ် — Reuters

ဓာတ်ပုံ — Getty Images, Reuters