ဖေဖေါ် ၂၅

The Kaladan Post

 

Donald Trump သည် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရန် စီစဉ်မှုအပေါ် ၎င်း၏ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးက မထောက်ခံခဲ့ကြောင်း ထွက်ပေါ်လာသည့် သတင်းများကို ဖေဖော်ဝါရီ ၂၃ ရက်တွင် လူမှုကွန်ရက်မှတဆင့် ပယ်ချလိုက်သည်။

အစောပိုင်းတွင် The Washington Post သတင်းစာက ဖော်ပြခဲ့သည့် သတင်းအရ အမေရိကန် ပူးပေါင်းစစ်ဆင်ရေးဌာန (Joint Chiefs of Staff) အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒန်ကိန်းသည် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ကြောင်း သမ္မတထံ သတိပေးခဲ့ပြီး ထိုသို့သော စစ်ဆင်ရေးကို မထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ဆိုထားသည်။

ကိန်း၏ စိုးရိမ်ချက်များတွင် ပဋိပက္ခ ရှည်ကြာနိုင်ခြင်း၊ အမေရိကန်ဘက်မှ အကျအဆုံးများ ဖြစ်ပေါ်နိုင်ခြင်း၊ အရေးကြီး ခဲယမ်းမီးကျောက်များ ခေါင်းပါးလာခြင်းနှင့် ဒေသတွင်း မဟာမိတ်နိုင်ငံများ၏ ပူးပေါင်းကူညီလိုမှု လျော့နည်းနိုင်ခြင်းတို့ ပါဝင်ကြောင်း သတင်းက ဖော်ပြထားသည်။ အထူးသဖြင့် လေကြောင်းကာကွယ်ရေး ဒုံးကျည်များကဲ့သို့ လက်နက်များကို ယူကရိန်းနှင့် အစ္စရေးတို့ထံ အများအပြား ပေးပို့ထားခြင်းကြောင့် အမေရိကန်၏ လက်နက်သိုလှောင်ရုံများတွင် လျော့နည်းနေသည်ဟုလည်း ဆိုထားသည်။

သို့သော် ထရမ့်က အဆိုပါ သတင်းများသည် “မီဒီယာအတုများ”၏ ဖော်ပြချက်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပြီး ဗိုလ်ချုပ်ကြီးကိန်းသည် အီရန်ကို စစ်မတိုက်ရန် လုံးဝ မပြောခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နှင့် အီရန်ကြား စစ်ဖြစ်ပါက အမေရိကန်အနေဖြင့် အလွယ်တကူ အနိုင်ရနိုင်မည်ဟု ကိန်းက ယုံကြည်ထားကြောင်းလည်း ထရမ့်က အခိုင်အမာ ပြောကြားခဲ့သည်။

ထရမ့်သည် အီရန်နှင့် နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက် အသစ်တစ်ရပ် ရရှိနိုင်ရေး ဖိအားပေးနေပြီး မအောင်မြင်ပါက စစ်ရေးအရ အရေးယူမှုများ ရှိလာနိုင်ကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုထားသည်။ သို့သော် စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို အတိအကျ ချမှတ်ထားခြင်း မရှိသေးကြောင်းလည်း ထုတ်ဖော်ပြောကြားထားသည်။

အီရန်ဘက်တွင်လည်း ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲအပေါ် စိုးရိမ်မှုများ တိုးပွားနေပြီး အီရန်အစိုးရက ရန်စကျူးကျော်ခံရပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု သတိပေးထားသည်။ တစ်ချိန်တည်းတွင် အမေရိကန်သည် အီရန်ပတ်ဝန်းကျင် ဒေသများ၌ စစ်အင်အား တိုးမြှင့် ဖြန့်ကျက်ထားရာ နှစ်ဖက်အကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။

 

Source: Al Jazeera

ဓာတ်ပုံ – AP