ဖေဖေါ် ၂၁
The Kaladan Post
အမေရိကန် သမ္မတ Donald Trump က အီရန်ကို စစ်ရေးအရ “အကန့်အသတ်နဲ့” တိုက်ခိုက်ခြင်းမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်ကြား မကြာသေးမီရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ် ထရမ့်၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်က အီရန်အား နျူကလီးယားနည်းပညာ စီမံကိန်းများကို စွန့်လွှတ်ရန် ဖိအားပေးလျက်ရှိသော်လည်း သဘောတူညီချက် တစ်ရပ်တိတိကျကျ မရရှိသေးသည့် အခြေအနေတွင် ထရမ့်က ယခုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခင်ကလည်း ထရမ့်က နျူကလီးယားအရေး ဆွေးနွေးမှုများအတွက် ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်တစ်ရပ် ရရှိမရရှိကို ကမ္ဘာကြီး မြင်တွေ့ရမည်ဟု ပြောကြားထားခဲ့သည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သတင်းထောက်များက အမေရိကန်အနေဖြင့် အီရန်ကို အလုံးအရင်းနဲ့ မဟုတ်သော်လည်း အကန့်အသတ်နဲ့ တိုက်ခိုက်နိုင်ခြေ ရှိမရှိ မေးမြန်းရာတွင် ထရမ့်က “စဉ်းစားနေသည်” ဟုသာ တုံ့ပြန်ခဲ့သည်။
လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသ၌ စစ်အင်အားများ တိုးမြှင့် ဖြန့်ကျက်နေပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံး လေယာဉ်တင်သင်္ဘောအဖြစ် သတ်မှတ်ခံထားရသည့် USS Gerald R. Ford ဦးဆောင်သည့် တိုက်ရေယာဉ်အုပ်သည် မြေထဲပင်လယ်ရေပြင်သို့ ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် USS Abraham Lincoln ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောအုပ်တစ်စုသည်လည်း အီရန်ရေပိုင်နက်နှင့် နီးစပ်သည့် ရေပြင်တွင် ဖြန့်ကျက်ထားပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ အမေရိကန်သည် ဖျက်သင်္ဘောများ၊ တိုက်ရေယာဉ်များနှင့် တိုက်လေယာဉ်များကိုလည်း ဒေသတွင်းသို့ ဆက်တိုက် ပို့ဆောင်လျက်ရှိသည်။
တစ်ဖက်တွင် အမေရိကန်၊ အစ္စရေးနှင့် ဥရောပ မဟာမိတ်များက အီရန်သည် နျူကလီးယားလက်နက် ဖွံ့ဖြိုးရေးဆီ ဦးတည်နေကြောင်း သံသယပြုထားသော်လည်း အီရန်ဘက်ကတော့ နျူကလီးယားနည်းပညာကို စွမ်းအင်ကဏ္ဍအတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်စ် အဘက်ချီကလည်း ဆွစ်ဇာလန်တွင် ကျင်းပခဲ့သည့် အမေရိကန်-အီရန် ကိုယ်စားလှယ်အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးမှုများတွင် တိုးတက်မှုအချို့ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်လာနိုင်သည့် အလားအလာရှိနေသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အခြေအနေများကို စောင့်ကြည့်လျက်ရှိသည်။
Source – BBC
Photo – The New York Times