PSMS အက်ပ်ကို အောက်တိုဘာလအတွင်း အဆင့်မြှင့်တင်ပြီး အမည်ပျက်စာရင်း ထပ်တိုးရန် စစ်ကောင်စီညွှန်ကြား
အောက်တို ၂၂
The Kaladan Post
မင်းအောင်လှိုင်ခေါင်းဆောင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက စစ်ကောင်စီ အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ၊ CDM များနှင့် စစ်ပြေးရဲပြေးများကို ဖမ်းဆီးရန် ရုရှားနည်း ပညာဖြင့် ဖန်တီးထားသော Person Scrutinization and Monitoring System (PSMS) အက်ပ်ကို ယခု အောက်တိုဘာလအတွင်း လုံခြုံရေးအဆင့်မြှင့်တင်ပြီး အမည်ပျက်စာရင်းများကို ထပ်မံထည့် သွင်းရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်နယ်-တိုင်းဒေသကြီး အားလုံးသို့ ညွှန်ကြားလိုက်သည်။ ကနဦး ၅ သောင်းကျော်ပါဝင်ခဲ့သော PSMS အက်ပ်တွင် ယခု ငယ်စာရင်း ၉ ဖိုင်ဖြင့် အမည်ပျက် စာရင်းများကို ထပ်ထည့်မည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များ၊ လေဆိပ်-ရေဆိပ်၊ မြို့အဝင်အထွက်နှင့် ကားဂိတ်များတွင် စစ်တပ်၊ ရဲနှင့် လုပ်ငန်းခွင်ဝန်ထမ်းများက အသုံးပြုမည်ဟု သိရသည်။ အက်ပ် အတွင်း အချက်အလက်များကို နေပြည်တော်မှ တိုက်ရိုက်ထိန်းချုပ်ထားပြီး ချပ်ထားသော ကီးနှင့် စကားဝှက်ကို တင်းကျပ်စွာ စစ်ဆေးထားကြောင်း၊ စစ်ကောင်စီ အသိပြုထားသော ဖုန်း-ကွန်ပျူတာများတွင်သာ ဒေါင်းလုဒ်လုပ်နိုင်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီ လျှို့ဝှက်ရုံးစာများ လူမှုကွန်ရက်တွင် ပေါက်ကြားနေမှုများကို လွယ်ကူစွာ စစ်ဆေးဖော်ထုတ်ရန် အမြန်ဆုံး စနစ်တစ်ခု အကောင်အထည် ဖော်ရန်လည်း ညွှန်ကြားထားခြင်း ဖြစ်သည်။ ရုံးစာများတွင် မမြင်နိုင်သော လျှို့ဝှက်ကုတ်-ဂဏန်းများ ထည့်သွင်းပြီး ပေါက်ကြားပါက ဘယ်ဌာနက ပြန့်သည်ကို ဖော်ထုတ်နိုင်မည် ဟု နေပြည်တော် စစ်ဘက်ရင်းမြစ်က ဆိုသည်။၂၀၂၁ စစ်အာဏာသိမ်းချိန်ကတည်းက မင်းအောင်လှိုင်က ရုံးစာ ပေါက်ကြားမှုများကို ပြင်းပြင်းထန်ထန် ဖော်ထုတ်အရေးယူရန် ညွှန်ကြားခဲ့သော်လည်း ယနေ့အထိ ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ဂျီနီဗာ IPU ညီလာခံတွင် စစ်ကောင်စီ အတုရွေးကောက်ပွဲကို CRPH က အသိမှတ်မပြုရန် တောင်းဆို
အောက်တို ၂၂
The Kaladan Post
ဂျီနီဗာ – ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အောက်တိုဘာလ ၁၉-၂၃ ရက်အထိ ကျင်းပလျက်ရှိသော ၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံ (IPU)တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြု ကော်မတီ (CRPH)မှ ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီ၏ အတင်းအဓမ္မ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက် ရန်နှင့် ရလဒ်ကို အသိအမှတ်မပြုရန် နိုင်ငံ ၁၈၃ နိုင်ငံ၏ လွှတ်တော်အမတ်များကို တောင်းဆိုခဲ့ခြင်း သည်။ CRPH ကိုယ်စားလှယ်များက စစ်ကောင်စီ၏ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ အွန်လိုင်း လိမ်လည်မှုများမှ အကျိုးအမြတ်ရရှိနေမှုနှင့် လေကြောင်း တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ဒုက္ခရောက်နေမှု၊ ဆေးရုံ-ကျောင်း ပျက်စီး ပိတ်ဆို့ခံနေမှုများကို တင်ပြခဲ့ပြီး “စစ်အာဏာရှင် ရွေးကောက်ပွဲကို ထောက်ခံခြင်း ဆိုတာ ဒေသတွင်း လိမ်လည်မှု ကျားဖြန့်စင်မှုများ ကို တရားဝင် ကူညီရန်နှင့် အတူတူပဲ” ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုသည်။ IPU မှ CRPH ကို မြန်မာ တရားဝင် ဆွေးနွေး ဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြု ဆက်လက်ထားရှိပြီး CRPH အဖွဲ့က မလေးရှား၊ ထိုင်း၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်၊ ဩစတေးလျ စသည့် နိုင်ငံများမှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော် အကြီးအကဲ နှင့် အကျဉ်းသားများ လွတ်မြောက်ရေး၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များ နှင့် CRPH ကို ကမ္ဘာ့အသိအမှတ်ပြုရေး၊ တော်လှန်ရေး အင်အားစု ပံ့ပိုးမှုများကိုလည်း တိုက်တွန်း ဆွေးနွေးခဲ့သည်။

ခလယ်တံခွန်တိုင်ရဲစခန်းကို စစ်ကောင်စီတပ် ပြန်တပ်စွဲပြီး လက်နက်ကြီးပစ်ခတ်၊ အရပ်သား ၂ ဦး ဒဏ်ရာရ
အောက်တို ၂၂
The Kaladan Post
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တပ်စွဲလိုက်ပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ဇီးဖြူကုန်းဘုရားအခြေ စိုက်ရာမှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကျေးရွာများဘက် ပစ်ခတ်ရာ တံခွန်တိုင်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်များက ပြောသည်။ အောက်တိုဘာဆန်းပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာကနေ ကရင်ပြည်နယ်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာကာ ခလယ်တံခွန်တိုင်ရွာ ဇီးဖြူကုန်းဘုရားတွင် အဓိကအထိုင်ချတပ်စွဲခဲ့ပြီး၊ ယခုအခါ ရဲစခန်းဝင်းအတွင်းနှင့် ခလယ်ကျေးရွာ ကွက်သစ်ရပ်ကွက်အတွင်း နေရာယူထားကြောင်းသိရသည်။ ခလယ်တံခွန်တိုင်ရွာသည် KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်း ရှိပြီး၊ ၂၀၂၃ ခုနှစ်က KNU-PDF ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇီးဖြူကုန်းဘုရား သို့ ဆုတ်ပြေးတပ်စွဲခဲ့သည်။ စက်တင်ဘာလကုန်ပိုင်းကစ၍ ကြာအင်းဆိပ်ကြီး-ကျိုက်မရောနှင့် သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပိုင်းများတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာရာ KNU ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဒီပဲယင်းမြို့နယ်တွင် လေကြောင်းဗုံးကျဲ ရှောင်ရှားရန် အလှူမင်္ဂလာပွဲတွင် ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ တားမြစ်
အောက်တို ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုစုဝေးရာ နေရာများကို ပစ်မှတ်ထား၍ paramotor လေထီးများ၊ ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသဖြင့် ဘာသာရေးအလှူပွဲ၊ မင်္ဂလာဆောင်ပွဲများတွင် ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ စသည်တို့ဖြင့် ဧည့်ခံဖျော်ဖြေခြင်း မပြုလုပ်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အောက်တိုဘာ ၄ ရက်နေ့တွင် ထုတ်ပြန်သတိပေးခဲ့သည်။ “စစ်ကောင်စီဘက်က လူစည်ကားတဲ့၊ လူစုလူဝေးရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဦးတည်တိုက်ခိုက်နေတာ သိသာစွာ ပိုများလာလို့ ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် ရည်ရွယ်ပြီး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့သည်။ အဆိုပါ သတိပေးချက်ကို ပအဖ၊ ပကဖ၊ ပလဖ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ကြေညာချက်ကို မလိုက်နာပါက ကျူးလွန်သူ၏ တာဝန်ဖြစ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။ ထို့ပြင် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိ အမြဲထားရှိကာ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်နေထိုင်ကြရန် ဒီပဲယင်းပကဖက ဆက်လက်တိုက်တွန်းထားသည်။

တအာင်း-ကချင်ဒေသများတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှု အရှိန်မြှင့်
အောက်တို ၂၂
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နှင့် မန်စံရွာကို အောက်တိုဘာ ၂၂ ရက် မနက် အစောပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် (TNLA) က ထုတ်ပြန်သည်။ တိုက်ပွဲမရှိသည့် မန်စံရွာတွင် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့သည်။ အောက်တိုဘာ ၁ ရက်မှ ၂၁ ရက်အထိ TNLA ထိန်းချုပ်ဒေသများတွင် လေကြောင်းဗုံးကြဲမှု ၃၄ ကြိမ်ရှိခဲ့ပြီး မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်၊ မိုးကုတ် စသည့်နေရာများကို ပစ်မှတ်ထားခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၂၁ ဦး အပါအဝင် ပြည်သူ ၅၀ နီးပါး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ နေအိမ်၊ ကျောင်း၊ ဘုန်းကြီးကျောင်း စသည့် အဆောက်အဦး ၂၀၀ နီးပါးနှင့် ကား၊ ဆိုင်ကယ်များ ထိခိုက်ပျက်စီးခဲ့သည်။ တစ်ဖက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေများတွင်လည်း လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး အောက်တို ဘာ ၂၁ ရက်တွင် ဝိုင်းမော်၊ ဖားကန့်၊ ဆော့လော်၊ လန်ဆယ် စသည့်နေရာ ၁၁ ခုကို ဗုံးကြဲခဲ့ကြောင်း KIA က အသိပေးသည်။ နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ် ပွားနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများ သတိထားရန်နှင့် လေကြောင်းရန်ကာကွယ် ရေး နည်းလမ်းများ လိုက်နာရန် နှိုးဆော်ထားသည်။

ရေတာရှည်မြို့နယ် ရွာသစ်စခန်း သိမ်းပြီးနောက် စစ်ကောင်စီ အင်အား ၃၀၀ ဝန်းကျင် ဖြည့်တင်း
အောက်တို ၂၂
The Kaladan Post
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာရှိ စစ်ကောင်စီတပ် စခန်းနှင့် ကာကင်းများကို နေပြည်တော်တိုင်းစစ်ဌာနခွဲ အမှတ်(၈၀၈) လက်အောက်ခံ တပ်ရင်းများ က အောက်တိုဘာ ၂၀ ရက်တွင် ဗျူဟာအဆင့် စစ်ဆင်ရေးဖြင့် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်က အင်အားဖြည့်တင်းနေကြောင်း တိုင်းစစ်ဌာနခွဲက အတည်ပြုပြောဆို သည်။ ဆွာမြို့နှင့် ၃ မိုင်အကွာရှိ ရွာသစ်စခန်းတွင် စစ်ကောင်စီတပ်မှ အင်အား ၆၀ ဝန်းကျင်ဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက အထိုင်ချထားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တပ်ရင်းမှူးအပါအဝင် ၁၅ ဦး သေဆုံးကာ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့သည်။ တပ်ရင်းမှူး ညီညီနိုင်မှာ ဖမ်းဆီးချိန် ပစ္စတိုထုတ်ခုခံ သဖြင့် အသေပစ်သတ်ခဲ့ရသည်ဟု သိရသည်။ သိမ်းဆည်းရရှိခဲ့သည့် လက်နံက်များမှာ ဒရုန်းဖြတ် စက်အပါအဝင် MA-11 တစ်လက်၊ MA-3 တစ်လက်၊ G3 သုံးလက်၊ ၆၀ မမ တစ်လက်၊ ပစ္စတို တစ်လက်၊ ၆၀ မမ ကျည် ၅ လုံး၊ ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ ၁၀၀၀ ဝန်းကျင်နှင့် မီးစက် တစ်လုံး ပါဝင်သည်။ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှုနှင့် ပတ်သက်၍ ရေတာရှည်စစ်ရေး သတင်းရင်းမြစ်က ဆွာတွင် ခလရ(၁၉) နှင့် (၈၄) ရှိပြီး ရေနီဘက်မှ အင်အားထပ်တိုးလာသည်ဟု ကြားရသဖြင့် စုစုပေါင်း ၃၀၀ ဝန်းကျင်ရှိနိုင်သည် ဟု ခန့်မှန်းသည်။ လက်ရှိတွင် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကို စောင့်ကြည့်နေဆဲဖြစ်ပြီး နှစ်ဖက်ထိတွေ့မှု မရှိသေးကြောင်း ကာကွယ်ရေး ရဲဘော်တစ်ဦးက အတည်ပြုသည်။ အထိနာထားသည့် စကစဘက်က အင်အားဖြည့်တင်းနေသဖြင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု တိုင်းစစ်ဌာနခွဲ တာဝန်ရှိသူက သတိပေး ထားသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်၏ လေကြောင်းဗုံးကျဲမှုကြောင့် ပြည်သူများ ထွက်ပြေးနေရ
အောက်တို ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၂၀၂၅ အောက်တိုဘာလ ၂၂ ရက်နေ့၌ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Tigyaing Revolution -TR က သတင်း ထုတ်ပြန်သည်။ ထီးချိုင့်မြို့နယ်၊ တောမရွာအနီး မင်းဝံတောင်ရိုးတဝိုက်ကို တိုက်ပွဲဖါးပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ အရာတော်မြို့နယ်၊ တောင်ခြမ်းကျေးရွာများကို Gyrocopter တစ်စီးနှင့် စက်တပ်လေထီး နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် ပြည်သူများ ထိခိုက်မှုရှိမရှိ အတည်ပြုနိုင်ခြင်းမရှိ သေးပေ။ ထီးချိုင့်မြို့နယ်တွင် အောက်တို ဘာလအတွင်း ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဒေသခံများကဆိုသည်။ သို့သော် အရာတော်မြို့နယ် ၌ အောက်တိုဘာလ ၁၇ ရက်က သစ်ချိုကုန်းရွာ စာသင်ကျောင်းကို YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

 

ရန်ကုန်တိုင်း၊ လှိုင်သာယာရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်
အောက်တို ၂၂
The Kaladan Post
၂၀၂၅ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၉:၄၈ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ၊ အနော်ရထာလမ်းမပေါ်ရှိ သောင်ကြီးရဲစခန်းကို Operation Flame ဦးဆောင်သော ပြောက်ကျားတပ်ဖွဲ့များက လက်ပစ်ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ဗုံးများသည် ရဲစခန်းဝန်း ဂိတ်ကင်းအနီး ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်တွင် ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်အခြေအနေ များကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။ ဤတိုက်ခိုက်မှုသည် Operation Flame-“Fire Power” အထူးစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်နှင့် လသာမြို့နယ် များမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ပြီး ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်နေသော လှိုင်သာယာရဲတပ်ဖွဲ့ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအပြီး ပြောက်ကျားတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ရဲစခန်းအတွင်း လူနာတင်ယာဉ်များ ဝင်ရောက်လာသည်ကို တွေ့ရသည်။ Operation Flame က စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကို လက်မခံဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ခိုက် သွားမည်ဟု ကြေညာထားသည်။

ဖားအံမြို့နယ်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး
အောက်တို ၂၂
The Kaladan Post
၂၀၂၅ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဝံပျံကျေးရွာ အုပ်စု၊ ဖားဘော်ရွာလေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ကမမောင်းမှ ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေထိုင်ရာနေရာများတွင် ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၂ နှစ်နှင့် ၆ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။ ထို့ပြင် ကလေးသူငယ်များ အပါအဝင် အရပ်သား ၁၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်အိုးအိမ်နှင့် ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးခဲ့သည်ဟု ကရင်အမျိုးသားအစည်အရုံး (KNU) က ထုတ်ပြန်သည်။ KNU ၏ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေပြီး ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ငြိမ်းချမ်းသယောင်ပြုမူသော်လည်း KNU နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်နေသည်ဟု ဆိုသည်။