ဇန်န ၁၄
The Kaladan Post
မကွေးတိုင်း ငဖဲနှင့် စေတုတ္တရာမြို့နယ်များတွင် လှုပ်ရှားနေသော လူထုတော်လှန်ရေး မဟာမိတ်အင် အားစု (PRA-Magway) က ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း တိုက်ပွဲ ၂၆ ကြိမ် ဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ တစ်နှစ်တာစစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ ဒီကျွန်တော်လှုပ်ရှားတဲ့တစ်နှစ်တာအတွင်းမှာ အခက်အခဲများစွာကြုံရတဲ့အထက်မှ အဓိကအားဖြင့် ကျွန်တော်တို့တောင်ပေါ်ဒေသဖြစ်တဲ့အခါမှာ ရာသီဥတုဒဏ်မှအစ ရိက္ခာရမှုအပိုင်းနှင့် ထောက်ပို့မှု အပိုင်းတွေ ပြီးတော့ ဒဏ်ရာရ ရဲဘော်တွေသယ်ထုတ်တဲ့အခါမှာ လူကိုင်တိုင်ထမ်းဆောင်တာတွေ ပေါ့ဗျ သို့ပေမယ်လည်း ဒီလိုအခက်အခဲတွေကို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနှင့် အချင်းချင်း ကူညီဖြေရှင်းခဲ့ကြပါတယ် “ ဟု The Kaladan Post သို့ပြောဆိုသည်။
၂၀၂၅ ခုနှစ် အတွင်း စစ်ရေးလှုပ်ရှားမှုများ အဲ့လောက်အားမရခဲ့ပါဘူး ဒါပေမယ့် လွန်ခဲ့တဲ့စစ်ရေးလှုပ်ရှားမှုမှရရှိထားတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီးတော့ ၂၀၂၆ခုနှစ်အတွင်း ဒီထက်ပိုပြီးတော့ ပိုမိုကြယ်ပြန့်တဲ့ စစ်ဆေးလှုပ်နိုင်မှု၊ အာမခံဒေသတွေတည်ဆောက်နိုင်မှုနှင့် အဓိကအားဖြင့် စစ်အာဏာရှင်ကို ပိုမိုတိုက်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးဖြစ်ကြောင်း (PRA-Magway) တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထို့အပြင် ယင်းတိုက်ပွဲများတွင် ခြုံခို တိုက်ပွဲ ၉ ကြိမ်၊ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ၁၄ ကြိမ်နှင့် စခန်းသိမ်း တိုက်ပွဲ ၃ ကြိမ် ပါဝင်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း သို့မဟုတ် သီးသန့် ဆောင်ရွက်ခဲ့ကြောင်း တပ်ဖွဲ့က ဆိုသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဗိုလ်ကြီး အဆင့် ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၆၃ ဦး ကို အရှင်ဖမ်းမိ ခဲ့ကာ အခြား စစ်သား ၄ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် လက်နက်ခဲ ယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အထူးသဖြင့် MA အမျိုးအစား သေနတ်များ၊ ဗုံးသီးများ၊ ကျည်ဆန်များနှင့် အခြား လက်နက်ပစ္စည်းများ ပါဝင်ကြောင်း သိရှိရသည်။ PRA-Magway က ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၆၃ ဦးကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့် စည်းမျဉ်းများအတိုင်း ထိန်းသိမ်းထားကာ အလင်းဝင် ၄ ဦးကိုလည်း မိသားစုနှင့် ပေါင်းစည်းရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။ တစ်ဖက်တွင် PRA-Magway ဘက်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သော်လည်း စနစ်တကျ မှတ်တမ်းတင်ထားကာ မိသားစုများကို အသိပေး၊ စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း သိရသည်။ ကျဆုံးသွားသော ရဲဘော်များအတွက် တော်လှန်ရေး အလွန်ကာလ တွင် လူမှုဖူလုံရေး အစီအစဉ်များ ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဆိုသည်။ PRA-Magway သည် စစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တရားမျှတမှု ဖော်ဆောင်ရေး မူဝါဒ ၃ ချက်ကို ကိုင်စွဲကာ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော တော်လှန်ရေး အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။