ဖေဖေါ် ၂၀

The Kaladan Post

မြောက်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနှင့် သံတမန်ရေး ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း နိုင်ငံခေါင်းဆောင် Kim Jong Un က ပြောကြားခဲ့သည်။

 

ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ကျင်းပခဲ့သည့် Workers’ Party of Korea ၏ ပြည်လုံးကျွတ် ညီလာခံတွင် ဒုတိယနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်၌ ကင်မ်ဂျုံအွန်းက ပြီးခဲ့သည့် ၅ နှစ်တာ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ် အကဲဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။

 

အဆိုပါ ညီလာခံသည် မြောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးအရ အရေးအကြီးဆုံး စုဝေးမှုတစ်ရပ်ဖြစ်ပြီး ၅ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ယခင် ၅ နှစ်တာ အကောင်အထည်ဖော်မှုများကို သုံးသပ်သကဲ့သို့ လာမည့် ၅ နှစ်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်သတ်မှတ်ခြင်းများကိုလည်း ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

 

ပါတီအရာရှိများကတော့ ကင်မ်ဂျုံအွန်း၏ ဦးဆောင်မှုအောက်တွင် နိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အထင်အရှား တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း အသိအမှတ်ပြု ချီးကျူးခဲ့သည်ဟု KCNA က ဆိုသည်။

 

ထို့အပြင် ပါတီဗဟိုကော်မတီအနေဖြင့် ရည်မှန်းချက်များ မပြည့်မီခဲ့သည့် ကဏ္ဍများကို ပိုမိုကောင်းမွန်အောင် အလေးထား ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း မည်သည့် ကဏ္ဍများတွင် လိုအပ်ချက်များ ရှိခဲ့သည်ကိုတော့ အသေးစိတ် ဖော်ပြခြင်း မရှိခဲ့ပေ။

 

ညီလာခံသို့ နိုင်ငံအရပ်ရပ်မှ ပါတီကိုယ်စားလှယ်များနှင့် အရာရှိများ စုစုပေါင်း ၅,၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ရုရှား၊ တရုတ်၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများမှ ၉ ကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံအတွက် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတကာ သုံးသပ်ချက်များအရ အဆိုပါ ညီလာခံကာလအတွင်း မြောက်ကိုရီးယား၏ လက်နက်စွမ်းရည်နှင့် အနာဂတ် လက်နက်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ၊ သရုပ်ပြမှုများ ပါဝင်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

 

Source – Reuters

Photo – KCNA/Reuters