ဇွန် ၁၆၊ ၂၀၂၆

The Kaladan Post

 

မြေပြင်မှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်ဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာစစ်ကောင်စီနဲ့ သီးခြားစီ သွားရောက်တွေ့ဆုံနေတာဟာ စစ်ကောင်စီကို တရားဝင်မှု ပေးလိုက်သလို ဖြစ်သွားနိုင်ပြီး အာဆီယံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်တယ်လို့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို (Sugiono) ရဲ့ နေပြည်တော်ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အင်ဒိုနီးရှားဝန်ကြီးတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်လာခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာ ဝန်ကြီးဆူဂျီယိုနိုဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ သဝဏ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌဆီ ပေးအပ်ခဲ့သလို၊ ဆွေးနွေးမှုတွေဟာလည်း “ရင်းနှီးပွင့်လင်းတဲ့ အခင်းအကျင်း” မှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မေလမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာလည်း နေပြည်တော်ကို အသီးသီး သွားရောက်ခဲ့ကြပါသေးတယ်။ ဒီလို သီးခြားစီ သွားရောက်တွေ့ဆုံမှုတွေဟာ မြန်မာစစ်ကောင်စီကို အထီးကျန်အောင် ပိတ်ဆို့ထားတဲ့ မူဝါဒကနေ “လက်တွေ့ကျကျ ပြန်လည်ညှိနှိုင်းတဲ့” ဗျူဟာဘက်ကို ပြောင်းလဲလာတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စင်ကာပူအခြေစိုက် ISEAS အာဆီယံလေ့လာရေးစင်တာမှ အကြီးတန်းအရာရှိ ဂျိုအန်းလင်း (Joanne Lin) က “ဒါကို လက်တွေ့ကျကျ ပြန်လည်ညှိနှိုင်းတာလို့ မြင်နိုင်ပါတယ်။ ပိတ်ဆို့အထီးကျန်ရုံနဲ့ ဘာတိုးတက်မှုမှ မရဘူးဆိုတာကို ဂျကာတာက သဘောပေါက်လာတာပါ” လို့ ဆိုပါတယ်။ ဒါပေမဲ့ မြေပြင်မှာ တိုးတက်မှုမပြနိုင်ဘဲ ခုလိုတွေ့ဆုံနေတာဟာ စစ်ကောင်စီကို တရားဝင်မှုပေးသလို ဖြစ်သွားနိုင်ပြီး အာဆီယံရဲ့ စည်းလုံးမှုကိုပါ ထိခိုက်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။

အထူးသဖြင့် ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတ ဖြစ်လာခဲ့တာကြောင့် အာဆီယံအနေနဲ့ မြန်မာ့ဦးဆောင်မှုကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေကြတာပါ။ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကော်ကင်ဟွန်ကလည်း အာဆီယံဝန်ကြီးတွေအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကနေ တွေ့ဆုံဖို့ သဘောတူထားတယ်လို့ ပြောကြားထားပါတယ်။

ISEAS မှ ပညာရှင် ဂျူလီယာလော (Julia Lau) ကတော့ မြန်မာနိုင်ငံကို ဒေသတွင်း သံတမန်ရေးမှာ ဘယ်လောက်အထိ ပြန်လည်ပူးပေါင်းခွင့်ပေးမလဲဆိုတဲ့အပေါ် အာဆီယံနိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပြီး ဒါဟာ အဖွဲ့ရဲ့ စည်းလုံးမှုကို ပိုမိုပျက်ပြားစေနိုင်တယ်လို့ သတိပေးထားကြောင်း သိရှိရပါတယ်။

Source: The Straits Times / Reuters (Based on “Indonesia’s Myanmar visit draws attention to ASEAN engagement”)