ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည့် ရဲဘော် ၁၂၄ ဦးအတွက် ဂုဏ်ပြုအခမ်းအနား ကျင်းပ

 

ဇွန် ၁၁

The Kaladan Post

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF အထူးလှုပ်ရှားတပ်မသည် တော်လှန်ရေးကာလ အတွင်း တိုက်ပွဲများ၌ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ရဲဘော် ၁၂၄ ဦးအား ဂုဏ်ပြု အခမ်းအနားကို ဇွန်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားမှာ အထူးလှုပ်ရှားတပ်မအနေဖြင့် ဒဏ်ရာရကာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များအား ပထမဆုံးအကြိမ် တရားဝင်ဂုဏ်ပြုခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရဲဘော်များသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်ချက်ဖြင့် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ရင်း ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကို စွန့်လွှတ်ပေးဆပ်ခဲ့ကြရသူများဖြစ်ကြပြီး ၎င်းတို့၏ စွန့်လွှတ် အနစ်နာခံမှုများကို ပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များက အစဉ်အမြဲ ဂုဏ်ပြုမှတ်တမ်းတင်သွား မည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။

ဂုဏ်ပြုအခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အထူးလှုပ် ရှားတပ်မမှ စစ်သည်ရဲဘော်များ တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တော်လှန်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသည့် ရဲဘော်များ၏ သတ္တိနှင့် စွန့်လွှတ်မှုကို လေးစားဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MDYPDF #PeopleDefenseForce#MandalayPDF#SpringRevolution#FederalDemocracy
#RevolutionHeroes#NUGDefenseMinistry

 

ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစခန်းကို Operation 9 အမည်ဖြင့် သိမ်းပိုက်၊ စစ်သုံ့ပန်း ၆၅ ဦး ဖမ်းဆီး

 

ဇွန် ၁၁

The Kaladan Post

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီးစခန်းတို့ကို “Operation 9” အမည်ဖြင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအလောင်း ၃၀ ကျော်၊ စစ်သုံ့ပန်း ၆၅ ဦးနှင့် လက်နက်ချအလင်းဝင်သူ ၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း မကွေးတိုင်း ပကဖက ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် ပခုက္ကူခရိုင် ပကဖနှင့် မြို့နယ် (၅) ခုမှ ပကဖတပ်ဖွဲ့များ၊ Magway PDF နှင့် မဟာမိတ်အင်အားစုများ ပူးပေါင်းဖော်ဆောင်ခဲ့သည့် အညာမြေစစ်ဆင်ရေး၏ ပထမအဆင့်ဖြစ်ပြီး ရေပြာလမ်းဆုံဒေသကို ထိန်းချုပ်နိုင်ရေးနှင့် အဓိကလမ်းကြောင်းများ စိုးမိုးနိုင်ရေးအတွက် ရည်ရွယ်ခဲ့ ကြောင်း သိရသည်။ ရေပြာရဲစခန်းကို ဇွန်လ ၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ကုက္ကိုစုပျူစောထီးစခန်း ကို ဇွန်လ ၄ ရက်နေ့တွင် ဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် ၉ စီးနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ် ၅ စီးအသုံးပြု၍ ဗုံးသီး ၂၇၀ လုံးခန့် တိုက်ခိုက်သလို ကပစ-၂၄ မှ ၁၅၅ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး များဖြင့်လည်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။ သို့သော် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရည်မှန်း ထားသည့် စခန်းနှစ်ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြသည်။

တိုက်ခိုက်မှုအပြီးတွင် လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်၊ ကျည်မျိုးစုံ ၃,၄၆၅ တောင့်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ထိန်းသိမ်းထားသည့် စစ်သုံ့ ပန်းများနှင့် ဒေသခံပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စံနှုန်းများနှင့်အညီ စောင့်ရှောက်ထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားထားသည်။

#Operation9 #အညာမြေစစ်ဆင်ရေး#ပေါက်မြို့နယ်#မကွေးတိုင်း#ပခုက္ကူခရိုင်ပကဖ#MagwayPDF

SCEF မှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစ ဉ် အကောင်အထည်ဖော်နေဟု ဦးကျော်မိုးထွန်း ပြော

 

ဇွန် ၁၁

The Kaladan Post

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းက ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်တည်ဆောက်ရေး (State Building) အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ပြုလုပ်သည့် UNDP အုပ်ချုပ်ရေးမှူး နှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်အတွင်း ဦးကျော်မိုးထွန်းက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာအနေဖြင့် ပိုမိုပံ့ပိုးကူညီပေးကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သည့် အခန်းကဏ္ဍနှင့် ဆန္ဒမရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် UNDP ၏ အစီရင်ခံစာကို ကိုးကား၍ မြန်မာလူငယ်များသည် အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးကဏ္ဍများတွင် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသည့်အပြင် ၎င်းတို့၏ အနာဂတ်ရည်မှန်း ချက်များ အကောင်အထည်ဖော်နိုင်ခွင့်၊ ကြောက်ရွံ့မှုကင်းစွာ နေထိုင်ခွင့်နှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ခွင့်များ ဆုံးရှုံးနေရကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုခဲ့သည်။

#SCEF#NUG#KyawMoeTun#FederalDemocracy#UnitedNations#MyanmarCrisis#MyanmarYouth

 

 

CDF-Zophei ဌာနချုပ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ကျန်းမာရေးဌာန အတွင်းရေးမှူး ကျဆုံး

 

ဇွန် ၁၁

The Kaladan Post

ချင်းပြည်နယ် ဇိုဖေဒေသတွင် အခြေစိုက်ထားသည့် CDF-Zophei ဌာနချုပ်နှင့် အနီးဝန်းကျင်ဒေသများ ကို စစ်တပ်က ဇွန်လ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ ဂျက်ဖိုက်တာလေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က အသိပေးထားသည်။ တိုက်ခိုက်မှုများမှာ နံနက် ၈ နာရီဝန်းကျင်မှ စတင်ခဲ့ပြီး သတင်းထုတ်ပြန်ချိန်အထိ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဇိုဖေရမ်ကောင်စီ၏ ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ ဆရာမ Van Dawt Chin (ခေါ်) ချင်းချင်း ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦးမှ ၅ ဦးခန့် ရှိကြောင်း သိရသည်။ ဆရာမချင်းချင်းသည် မကြာသေးမီက ကျင်းပခဲ့သည့် ညီလာခံအပြီး ဇိုဖေရမ်ကောင်စီ ကျန်းမာရေး ဌာန အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်ပြီး တရားရေးကဏ္ဍတွင်လည်း အရေးပါစွာ ပါဝင်ခဲ့သူဖြစ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။

CDF-Zophei နယ်မြေအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့သည့်အပြင် Y-12 လေယာဉ်ဖြင့်လည်း ဗုံးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သလို ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး CDF-Zophei ဘက်မှ အသိပေးထုတ်ပြန်တာမရှိသေး ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၁၀ ရက် ညပိုင်းကလည်း ထန်တလန်မြို့အတွင်း အခြေစိုက်ထားသည့် စစ်တပ်က ဒရုန်း ၃ စင်းအသုံးပြု၍ CDF-Thantlang Ranger စခန်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စခန်းအဆောက်အအုံ အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

#CDFZophei#Chinland#Thantlang#AirstrikeMyanmar#ChinState#MilitaryAttack

 

မကျီးစင်ကျေးရွာတွင် စစ်တပ်ဝင်ရောက် စီးနင်း အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်ခံရဟု ပြောဆို

 

ဇွန် ၁၁

The Kaladan Post

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရွာတောင်ဘက်ရှိ မကျီးစင်ကျေးရွာကို စစ်တပ် စစ်ကြောင်းက ဇွန်လ ၁၀ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံအမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်းနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံသတင်းရင်း မြစ်များထံမှ သိရသည်။ ထို့အပြင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါစစ်ကြောင်းသည် တညောင်ဓာတ်အားခွဲရုံတွင် အခြေစိုက် ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး မကျီးစင်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းစဉ် ဒေသခံအချို့ကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိ သေးသော်လည်း ကျေးရွာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။

စစ်တပ်စစ်ကြောင်း လှုပ်ရှားမှုများကြောင့် ကံဆွယ်ကျေးရွာနှင့် စည်ဆွဲကျေးရွာတို့မှ ဒေသခံပြည်သူ ၁,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် တညောင်ရွာအနီးဝန်းကျင်၌ ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည်ဟု သတင်းရင်းမြစ်က သုံးသပ်ထားသည်။

#SalinTownship#MagwayRegion#HumanRights#MyanmarCrisis#WarCrimes#InternallyDisplacedPeople

 

ရစ်ခ်တာစကေး ၄.၀ အဆင့် ငလျင်ကြောင့် ရန်ကုန်မြို့နယ်အများအပြားတွင် တုန်ခါမှုခံစားရ

 

ဇွန် ၁၁

The Kaladan Post

ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးကို ဗဟိုပြု၍ ဇွန်လ ၁၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ ငလျင်တစ်ခုသည် မြေအောက်အနက် ၁၀ ကီလိုမီတာခန့်တွင် ဖြစ်ပွားခဲ့ပြီး အင်အားအသင့်အတင့်ရှိသော ငလျင်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှု၏ အရှိန်ကို ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင် သိသိသာသာ ခံစားခဲ့ရပြီး အင်းစိန်မြို့နယ်အပါအဝင် နေရာအချို့တွင် စက္ကန့်ပိုင်းကြာ တုန်ခါမှုနှစ်ကြိမ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းများ မကြားရသေးသော်လည်း သက်ဆိုင်ရာက ပြည်သူများအနေဖြင့် ငလျင်အန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကြရန် သတိပေးထားသည်။

ယခုငလျင်လှုပ်ခတ်မှုမတိုင်မီ ဇွန်လ ၆ ရက် နံနက်အစောပိုင်းကလည်း ရန်ကုန်မြို့ လှိုင်မြို့နယ်အနီးတွင် ပေါက်ကွဲသံကဲ့သို့ အသံကျယ်ကြီးနှင့်အတူ မြေကြီးတုန်ခါမှု ဖြစ်ပေါ်ခဲ့သေးသည်။ ဆက်တိုက်ဖြစ်ပေါ် နေသည့် မြေငလျင်လှုပ်ရှားမှုများကြောင့် ရန်ကုန်မြို့ခံများအကြား စိုးရိမ်မှုများ မြင့်တက်နေပြီး အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပညာရှင်များက အကြံပြုထားသည်။

#YangonEarthquake#Twante#EarthquakeMyanmar#YangonNews#NaturalDisaster

 

စည်းကမ်းဖောက်တပ်ပြေး (၁၉) ဦးကို  တော်လှန်ရေးသစ္စာဖောက်အဖြစ် မကွေးခရိုင် ကြေညာ

 

ဇွန် ၁၁

The Kaladan Post

မကွေးခရိုင် အမှတ်(၁)တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဘော်အချို့သည် တပ်ရင်းမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ တော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေ သည့် ရဲဘော်များ၏ စိတ်ဓာတ်ကို ထိခိုက်စေရန် သွေးဆောင်ဖြားယောင်းခြင်းနှင့် အတူတကွ တိုက်ပွဲ ဝင်ခဲ့သည့် ရဲဘော်များကို စွန့်ခွာထွက်ပြေးခြင်းများ ပြုလုပ်ခဲ့ကြောင်း တပ်ရင်းက ထုတ်ပြန်ကြေညာ သည်။

ထိုသို့ စည်းကမ်းဖောက်ဖျက်မှုများနှင့် တော်လှန်ရေးအပေါ် သစ္စာဖောက်လုပ်ရပ်များကြောင့် အဆိုပါ ရဲဘော်များကို “တပ်ပြေးနှင့် တော်လှန်ရေးသစ္စာဖောက် လောက်ကောင်များ” အဖြစ် သတ်မှတ်ကာ အမည်ပျက်စာရင်းသွင်းထားကြောင်း မကွေးခရိုင် အမှတ်(၁)တပ်ရင်းက အသိပေးထားသည်။

ထို့အပြင် အဆိုပါ ပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် မည်သည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုမဆို တပ်ရင်းအနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားပြီး၊ ၎င်းတို့၏ ပြစ်မှုများ အတွက်လည်း သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးထားသည်။

#MagwayDistrict#PDFMyanmar#RevolutionNews#MilitaryDiscipline#PeopleDefenseForce

မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် ဗြိတိန်ပါလီမန်အမတ်များ တောင်းဆို

 

ဇွန် ၁၁

The Kaladan Post

ဗြိတိန်ပါလီမန်တွင် ဇွန်လ ၁၀ ရက်က ကျင်းပပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ၌ ပါလီမန်အမတ် များက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေသည့် စစ်တပ် အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန်နှင့် တရားမျှတမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ဗြိတိန်အစိုးရကို တိုက်တွန်းတောင်းဆို ခဲ့ကြသည်။ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာ ဂျေရမီ ဟန့်တ်က ဦးဆောင်တောင်းဆိုခဲ့ပြီး ဗြိတိန်အနေဖြင့် မြန်မာ့အရေးတွင် နိုင်ငံတကာကို ပြန်လည်ဦးဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ သည်။

ဆွေးနွေးပွဲအတွင်း ပါလီမန်အမတ်များက စစ်တပ်ထိန်းချုပ်မှုအောက်ရှိ ဘဏ်များ၊ Mytel ဆက်သွယ် ရေးလုပ်ငန်းနှင့် စစ်တပ်၏ ဝင်ငွေရင်းမြစ်များအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန် တောင်းဆိုခဲ့ ကြသည်။ ထို့ပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို EU နှင့် အမေရိကန်တို့နည်းတူ ပိတ်ဆို့အရေးယူရန်၊ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုသည့် ဂျက်ဆီနှင့် စစ်လက်နက်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ပစ်မှတ်ထား အရေးယူရန် လိုအပ်ကြောင်း ထောက်ပြခဲ့ကြသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်မှု များနှင့် မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာတရား စီရင်ရေးယန္တရားများမှတစ်ဆင့် တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြသည်။ ထို့အပြင် မြန်မာ့အရေးကို ကမ္ဘာ့အခြားပဋိပက္ခများနည်းတူ ဗြိတိန်အစိုးရက ပိုမိုအာရုံစိုက်သင့်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီး ဟာမစ်ရှ် ဖော်ကနာက ဗြိတိန်အနေဖြင့် မြန်မာ့အရေးကို လျစ်လျူရှုမည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ပိတ်ဆို့အရေးယူမှုအသစ်များနှင့် ပတ်သက်၍ တိကျသော ကတိကဝတ်များ မပေးနိုင်ခဲ့ပေ။ Burma Campaign UK အဖွဲ့ကမူ ဗြိတိန်အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများမှာ နှေးကွေးလွန်းနေကြောင်း ဝေဖန်ကာ မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်နေချိန်တွင် ပိုမိုထိရောက်သော အရေးယူမှုများ လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။

#Myanmar #UKParliament#HumanRights#SanctionsOnJunta#BurmaCampaignUK#MOGE

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သည့် ဗျူဟာမှူး စောဂျိမ်း ကျဆုံး

 

ဇွန် ၁၁

The Kaladan Post

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ (၂၂) မှ ဗျူဟာမှူး စောဂျိမ်းသည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု အတွင်း ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ဇွန်လ ၉ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မြေပြင်တော်လှန်ရေး ရဲဘော်များထံမှ သိရသည်။ ၎င်းသည် မေလ ၂၇ ရက်နေ့က ပဲခူးတိုင်း အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာ အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် ဗုံးစထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိ ခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိပြီးနောက် တော်လှန်ရေးထိန်းချုပ်နယ်မြေတစ်ခုတွင် ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ဒေသထုံးတမ်းအစဉ်အလာအရ နာရေးအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ စောဂျိမ်း၏ ကျဆုံးမှုသတင်းကို စစ်ကောင်စီဝါဒဖြန့်ချိရေးချန်နယ်များက စတင်ဖော်ပြခဲ့ည ပြီးနောက် ၎င်းနှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးကလည်း သတင်းမှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

စောဂျိမ်းသည် နွေဦးတော်လှန်ရေးအစပိုင်းမှစ၍ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွ စွာ ပါဝင်ခဲ့သူဖြစ်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်တွင်လည်း ထင်ရှားသည့် ခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းရည်ကောင်းမွန်သည့်အပြင် ရဲဘော်များနှင့် ပြည်သူများအကြား စည်းရုံးဦးဆောင်နိုင်စွမ်းရှိသူဖြစ်သောကြောင့် ၎င်း၏ ကျဆုံးမှုအပေါ် တော်လှန်ရေးအသိုင်းအဝိုင်းအတွင်း ဝမ်းနည်းနှမြောမှုများ ဖြစ်ပေါ်လျက်ရှိသည်။

#စောဂျိမ်း#NUG#တောင်ပိုင်းတိုင်းစစ်ဒေသ#လေကြောင်းတိုက်ခိုက်မှု#နွေဦးတော်လှန်ရေး#PDF