ခမရ (၅၆၂) မှ ဒုတပ်စိတ်မှူးတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
ဇွန် ၁၂
The Kaladan Post
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် မစခ (၉၀၅) လက်အောက်ခံ ခမရ (၅၆၂) တပ်ရင်းမှ ဒုတပ်စိတ်မှူးအဆင့်ရှိ တပ်သား အောင်မင်းဦးသည် ဇွန်လ ၆ ရက်နေ့တွင် MA-2 တစ်လက်၊ MA-3 တစ်လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၃၂၈ တောင့်၊ ကျည်အိမ် ၇ ခုနှင့် ကိုယ်ကာဝတ်စုံ ၁ စုံတို့ကို ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်းက ထုတ်ပြန်သည်။
အလင်းဝင်ရောက်လာသည့် တပ်သား အောင်မင်းဦးအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးရန် စီစဉ် ထားကြောင်း သိရပြီး၊ စစ်ကောင်စီတပ်မှ လက်နက်ချကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုသူများကိုလည်း ဆက်လက်လက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်းက ထုတ်ပြန်ထား သည်။ ထို့ပြင် အလင်းဝင်လာသူများအား လူ့အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် မိသားစုများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေး ကူညီပေးသွားမည်ဟု ဆိုသည်။
ပြည်သူ့ပန်းတိုင်၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် မေလအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း ၁၄၃ ဦးမှာ အလင်းဝင်ပူးပေါင်းခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံရခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းအနက် အလင်းဝင်ပူးပေါင်းလာသူ ၄၀ ဦးရှိပြီး မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့မှ အများဆုံး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
#အလင်းဝင်#မင်းဘူးခရိုင်၈တပ်ရင်း#ခမရ၅၆၂#ငဖဲမြို့နယ်#လက်နက်ချ#ပြည်သူ့ရင်ခွင်#နွေဦးတော်လှန်ရေး

စစ်အုပ်စုကို အထောက်အပံ့ပေးနေသည့် ASEAN ကုမ္ပဏီများအား အရေးယူရန် တောင်းဆို
ဇွန် ၁၂
The Kaladan Post
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ Blood Money Campaign – BMC သည် မြန်မာစစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံရသည့် အာဆီယံအခြေစိုက် ကုမ္ပဏီများနှင့်ပတ်သက်၍ ASEAN Intergovernmental Commission on Human Rights (AICHR) ထံ တရားဝင်စာပေးပို့ကာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း အသိပေးလာသည်။ BMC က AICHR အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအား ဖိအားပေးဆောင်ရွက်ရန်၊ အများပြည်သူသို့ ကြေညာချက်ထုတ်ပြန်ရန်နှင့် ထိခိုက်ခံရသော မြန်မာ ပြည်သူများကို ကာကွယ်ပေးရန် တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၇,၂၀၁ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးဒဏ်ရာရခဲ့သည့်အပြင် အရပ်သားသန်းပေါင်းများစွာ နေရပ်စွန့် ခွာခဲ့ရပြီး ကလေးများနှင့် အမျိုးသမီးများလည်း ထိခိုက်သေဆုံးခဲ့ဟု BMC က ဆိုသည်။ လေကြောင်း တိုက်ခိုက်မှု အရေအတွက်မှာ နှစ်စဉ် သိသိသာသာ မြင့်တက်လာနေပြီး ASEAN ၏ ထိရောက်သော တုံ့ပြန်မှု မရှိသေးကြောင်းလည်း BMC က ဝေဖန်ထားသည်။
AICHR ထံ ပေးပို့သည့် စာတွင် ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ ကုမ္ပဏီ များနှင့် ဘဏ်များသည် စစ်အုပ်စုထံ နိုင်ငံခြားဝင်ငွေ၊ လက်နက်ဆိုင်ရာ ပစ္စည်းများ၊ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်နှင့် နည်းပညာများ ရရှိစေရန် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ကူညီနေ ကြောင်း အထောက်အထားများ တင်ပြထားသည်။ အဆိုပါ အရင်းအမြစ်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများတွင် အသုံးပြုနေကြောင်း BMC က ဆိုသည်။
BMC သည် AICHR အနေဖြင့် စစ်အုပ်စုနှင့် ဆက်နွယ်နေသော ကုမ္ပဏီများ၊ ဘဏ်များနှင့် ပုဂ္ဂိုလ်များ အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်၊ လေယာဉ်ဆီနှင့် လက်နက်ထောက်ပံ့ရေးကွင်းဆက်များကို ဖြတ်တောက်ရန်နှင့် ASEAN အဖွဲ့ဝင်နိုင်ငံများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပူးပေါင်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။ ထို့အပြင် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် စစ်ရာဇဝတ်မှုများ ရပ်တန့်စေရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုများ အရှိန်မြှင့်ရန်လည်း တိုက်တွန်းထားသည်။
#BloodMoneyCampaign#AICHR#ASEAN#MyanmarCrisis#HumanRights#StopAirstrikes

ရွှေကူမြို့အနီး တိုက်ပွဲပြင်းထန်၊ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်
ဇွန် ၁၂
The Kaladan Post
ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး ၄ လမ်းဆုံ၊ ပန်းတင်ကျေးရွာနှင့် ငါးဘတ်ကြီးကျေးရွာဝန်းကျင်တွင် ဇွန်လ ၁၁ ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲ များအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက်များလည်း ထွက်ပေါ်ခဲ့သည်။ မြို့တွင်း လုံခြုံရေးအခြေအနေ ဆိုးရွားလာသဖြင့် ရွှေကူမြို့ခံအချို့သည် မိုးမိတ်မြို့ဘက်သို့ တိမ်းရှောင်ခဲ့ကြသည်။ သို့သော် စစ်ကောင်စီတပ်၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ဒေသခံအများစုမှာ ပုံမှန်လမ်းကြောင်းများမှ ထွက်ခွာနိုင်ခြင်း မရှိဘဲ အခြားလမ်းကြောင်းများကို အသုံးပြု၍ ရှောင်တိမ်းခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။
KIA လက်အောက်ခံ တပ်ရင်း (၁၂) က ဇွန်လ ၈ ရက်နေ့တွင် ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများအား ယာယီတိမ်းရှောင်ကြရန် အသိပေးထုတ်ပြန်ထားခဲ့ပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ် သည်။ ယခုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားသည်။
ထို့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာတွင်လည်း KIA နှင့် SSIA ပူးပေါင်းတပ်ဖွဲ့ များက စစ်ကောင်စီလက်အောက်ခံ SNA ၏ တပ်စခန်းများကို ဧပြီလအတွင်း ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး စခန်း ၃ ခုအနက် ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။ သည် ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း ပြသနေသည်။
#ရွှေကူတိုက်ပွဲ #ကချင်ပြည်နယ်#KIA#စစ်ရေးသတင်း#စစ်ဘေးရှောင်များ#ရွှေကူ

လူငယ်များ စစ်အာဏာရှင်တော်လှန်ရေး၌ ပိုမိုပါဝင်ရန် PNDF တိုက်တွန်း
ဇွန် ၁၂
The Kaladan Post
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) အမှတ် ၁၀၁၁ တပ်ရင်း ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် စစ်အာဏာရှင်စနစ်သည် လူငယ်များ၏ အနာဂတ်နှင့် အိပ်မက်များ ကို ဖျက်ဆီးရုံသာမက တိုင်းရင်းသားအချင်းချင်းကြား သွေးထိုးလှုံ့ဆော်ကာ အမျိုးသားထုတစ်ရပ်လုံး ကို ကျွန်ပြုရန် ကြိုးပမ်းနေကြောင်း PNDF က ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ရက်စွဲဖြင့် သတိပေး ပြောကြားသည်။
PNDF က နွေဦးတော်လှန်ရေး၏ အဓိကမောင်းနှင်အားမှာ လူငယ်များဖြစ်ကြောင်း အလေးပေးပြောဆို ကာ ပအိုဝ်းလူငယ်များနှင့် တိုင်းရင်းသားလူငယ်များအနေဖြင့် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တိုက်ပွဲတွင် မိမိတို့တတ်စွမ်းသည့် ကဏ္ဍအသီးသီးမှ ပါဝင်အား ဖြည့်ကြရန် တိုက်တွန်းထားသည်။
ထို့ပြင် တော်လှန်ရေး ၄ နှစ်တာအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို သင်ခန်းစာယူကာ PNDF အနေဖြင့် လူမျိုးတစ်မျိုးတည်း၏ အကျိုးစီးပွားကိုသာ မရှေးရှုဘဲ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု ၏ လွတ်မြောက်ရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့်အတူ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ ဒေါက်တိုင်များကို အပြီးသတ် ချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုသည်။
#PNDF#PaOHYouth #FederalDemocracy#AntiDictatorship#YouthForFreedom

ဇွန်လ ပထမပတ်အတွင်း စစ်တပ်ဖွဲ့ဝင် လက်နက်ချ စစ်သုံ့ပန်းနှင့် အလင်းဝင်သူ ၂၂၂ ဦး ရှိ
ဇွန် ၁၂
The Kaladan Post
ပြည်သူ့ပန်းတိုင်၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၂၂ ဦးမှာ အလင်းဝင်ပူးပေါင်းခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားသည်။ ထိုအထဲတွင် အလင်းဝင်ပူးပေါင်းလာသူ ၃ ဦး၊ လက်နက်ချသူ ၁၀၀ ဦးနှင့် စစ်သုံ့ပန်း ၁၁၉ ဦး ပါဝင်ပြီး မကွေးတိုင်းဒေသကြီး၌ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလင်းဝင်ပူးပေါင်းလာသူများတွင် စစ်သား ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပါဝင်ပြီး၊ လက်နက်ချသူ ၁၀၀ ဦးစလုံးမှာ မကွေးတိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်သုံ့ပန်းများတွင် စစ်သား ၂၈ ဦး၊ ရဲ ၁ ဦးနှင့် ပြည်သူ့စစ် ၉၀ ဦး ပါဝင်ကာ အများစုမှာ မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ပန်းတိုင်က ယခုတစ်ပတ်အတွင်း အင်အား ၂၀၀ ကျော် အလင်းဝင်၊ လက်နက်ချခဲ့ခြင်းသည် စစ်ကောင်စီ၏ လက်ရှိဦးဆောင်မှုအပေါ် တပ်တွင်းယုံကြည်မှု ကျဆင်းလာနေခြင်းကို ပြသနေကြောင်း သုံးသပ်ထားသည်။ ထို့ပြင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အနာဂတ်နှင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အချိန်မီ ဆုံးဖြတ်ချက်ချရန်လည်း တိုက်တွန်းထားသည်။
မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီးစခန်းတို့ကို “Operation 9” အမည်ဖြင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအလောင်း ၃၀ ကျော်၊ စစ်သုံ့ပန်း ၆၅ ဦးနှင့် လက်နက်ချအလင်းဝင်သူ ၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
#ပြည်သူ့ပန်းတိုင်#အလင်းဝင်ပူးပေါင်းမှု#လက်နက်ချ#စစ်သုံ့ပန်း#မြစ်ခြေရဲစခန်း#မကွေးတိုင်း

FIFA ၏ Mytel အား ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ပေးမှုကို JFM ဝေဖန်
ဇွန် ၁၂
The Kaladan Post
Justice For Myanmar (JFM) က နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် FIFA မှ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာထုတ်လွှင့်ခွင့်ကို Mytel သို့ ပေးအပ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက် သည်။ JFM ၏ အဆိုအရ Mytel သည် စစ်အုပ်စုနှင့် ဆက်နွယ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပူးတွဲပိုင်ဆိုင်သည့် လုပ်ငန်းဖြစ်ပြီး စစ်တပ်အတွက် အရေးပါသော ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်နေကြောင်း ထောက်ပြထားသည်။
FIFA ၏ ဆုံးဖြတ်ချက်သည် လူ့အခွင့်အရေးဆိုင်ရာ စိစစ်မှု ကင်းမဲ့ခြင်းကို ထပ်မံပြသခြင်းဖြစ်ပြီး၊ စစ်အုပ်စု၏ ပုံရိပ်ကို သန့်ရှင်းသယောင် ဖန်တီးပေးသည့် လုပ်ရပ်တစ်ရပ်ဖြစ်သည်ဟု JFM က ဝေဖန်ထားသည်။ Mytel မှ ရရှိလာသော အကျိုးအမြတ်များသည် စစ်တပ်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ် များထံ ဒေါ်လာသန်းရာချီ စီးဆင်းနိုင်ကြောင်း JFM ၏ လေ့လာချက်များက ဖော်ပြထားသည်။
ထို့ပြင် Mytel သည် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းများနှင့် ငွေကြေး ထောက်ပံ့မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုကာ အမေရိကန်က ပို့ကုန်ကန့်သတ်အရေးယူမှုများ ချမှတ်ထားကြောင်းလည်း JFM က ထောက်ပြသည်။ MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများက ပိတ်ဆို့အရေးယူထားပြီး ဖြစ်သည်။
JFM က FIFA အနေဖြင့် မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးမိတ်ဖက်များနှင့် ဆက်နွယ်မှုများကို ချက်ချင်းရပ်တန့်ကာ မိမိတို့ ထုတ်ပြန်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို လက်တွေ့ လိုက်နာဆောင်ရွက်ရန် တောင်းဆိုထားသည်။ FIFA ၏ ယခုဆုံးဖြတ်ချက်သည် လူ့အခွင့်အရေးနှင့် တာဝန်ယူမှုဆိုင်ရာ မေးခွန်းများကို ထပ်မံပေါ်ပေါက်စေခဲ့ကြောင်း JFM က ဆိုသည်။
#JusticeForMyanmar#FIFA#Mytel#MyanmarCrisis#HumanRights#WorldCup2026

စစ်မှုထမ်းဥပဒေကို အသုံးချပြု ပြည်သူ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေရဟု MDSI ပြောဆို
ဇွန် ၁၂
The Kaladan Post
အာဏာသိမ်းစစ်တပ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂ နှစ်ကျော်အတွင်း စစ်မှုထမ်းအမှတ်စဉ် (၂၅) ခု ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ် (၂၃) အထိ သင်တန်းဆင်းပေးထားကြောင်း MDSI အသိပေးထားသည်။ စစ်တပ်သည် စစ်မှုထမ်းတပ်သားများကို အဓိကအားပြုကာ အင်အားပြန်လည် ဖြည့်တင်းနိုင်ခဲ့ပြီး နိုင်ငံအနှံ့ တန်ပြန်ထိုးစစ်များ ဆင်နွှဲလာနိုင်ခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းမှုမတိုင်မီ စစ်တပ်၏ နှစ်စဉ်လူသစ်စုဆောင်းနိုင်မှုမှာ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် တစ်နှစ်လျှင် ၁၀,၀၀၀ ဝန်းကျင်သာ စုဆောင်းနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တပ်ပြေး၊ ထုတ်ပယ်၊ ထွက်ခွင့်၊ ကျဆုံးနှင့် သေဆုံးမှုများကြောင့် ပြုန်းတီးအင်အားက စုရအင်အားထက် ပိုမိုများပြားလာသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
သို့သော် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လစဉ်ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄,၇၀၀ ခန့်နှင့် အခြေခံတပ်သားသစ် ၄၀၀ ခန့် စုဆောင်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း တပ်သားသစ် ၆၀,၀၀၀ ကျော် ရရှိခဲ့ကြောင်းနှင့် ယင်းအရေအတွက်မှာ ၂၀၂၀ ခုနှစ်က စုဆောင်းရရှိမှုထက် ၆ ဆခန့် ပိုမိုများပြားသည်ဟု MDSI က ဖော်ပြထားသည်။
လက်ရှိ ခြေလျင်တိုက်ခိုက်ရေးတပ်များ၏ စစ်ထွက်အင်အား ၈၅ ရာခိုင်နှုန်းခန့်မှာ စစ်မှုထမ်းတပ်သား များဖြစ်ကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။ စစ်မှုထမ်းဥပဒေကို အသုံးချခြင်းသည် ပြည်သူ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရစေသည့် စစ်နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခံနေရပြီး စစ်ခေါင်းဆောင်များ၏ အာဏာတည်မြဲရေးအတွက် အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း လေ့လာချက်က သုံးသပ်ထားသည်။
#စစ်မှုထမ်းဥပဒေ#စစ်အာဏာရှင်#မြန်မာစစ်တပ်#တပ်သားစုဆောင်းရေး #လူငယ်များ

စစ်တွေမြို့ ရွှေမင်းဂံ ရေတပ်စခန်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်
ဇွန် ၁၂
The Kaladan Post
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ စစ်ကောင်စီ၏ အရေးပါသော စစ်ရေးပစ်မှတ်များဖြစ်သည့် ရွှေမင်းဂံ ရေတပ်စခန်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးတဝိုက်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ နတ်ရေကန်၊ နာရီကန်၊ ပါဒလိတ်နှင့် တောကန်ကျေးရွာများအနီး အပါအဝင် မယူမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင်လည်း နှစ်ဖက်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။ မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ AA သည် ဒကစနှင့် ရွှေမင်းဂံရေတပ်စခန်းကို တပြိုင်နက် တည်း ဖိအားပေးတိုက်ခိုက်နေပြီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ စစ်တပ်ဘက်မှ လေကြောင်းပံ့ပိုးမှုများ အသုံးပြုနေသလို နှစ်ဖက် စလုံးက ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်းလည်း သိရသည်။စစ်တွေမြို့ကို လက်လွှတ်ရမည့်အခြေအနေအပေါ် စိုးရိမ်နေသည့် စစ်တပ်က မြို့တွင်းအဝင်အထွက် များကို ပိုမိုတင်းကျပ်ထားပြီး ညမထွက်ရအမိန့်နှင့် ပစ်မိန့်များပါ ထုတ်ပြန်ထားအပြင် မြို့တွင်းသို့ ဝင်ရောက်ခွင့်များကို ကန့်သတ်ထားကာ လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဒေသခံများက ပြောသည်။
တစ်ဖက်တွင်လည်း ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး ဖြစ်ပွားနေသော တိုက်ပွဲများ အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနေပြီး ခမရ (၅၄၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးထွေးမှာ AA ၏ စနိုက်ဘာပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ကျောက်ဖြူဒေသတွင် ညဝတီရေတပ်ဌာနချုပ်နှင့် စစ်ရေးအခြေစိုက်စခန်းများစွာ တည်ရှိနေသဖြင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
#AA #ရခိုင်စစ်ရေး#စစ်တွေတိုက်ပွဲ#ကျောက်ဖြူတိုက်ပွဲ#ရွှေမင်းဂံရေတပ်စခန်း#ArakanArmy

လောင်းလုံးမြို့နယ် စစ်ကြောင်းထိုးမှုအတွင်း တိုက်ပွဲဆက်တိုက်ဖြစ်ပွား စစ်သား ၁၀ ဦးခန့် သေဆုံး
ဇွန် ၁၂
The Kaladan Post
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း မေလနှောင်းပိုင်းမှ ဇွန်လအစပိုင်းအထိ စစ်ကြောင်းထိုး လှုပ်ရှားခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ Nway Oo Guerrilla Force ၏ ပြောကြားချက်အရ မေလ ၂၁ ရက်တွင် အင်းဇောက်ကျေးရွာလမ်းဆုံအနီး၌ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
မေလ ၂၂ ရက်တွင်လည်း လောင်းလုံးမြို့မှ ညင်းမော်နှင့် စစ်ပြဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာ သည့် အင်အား ၁၅၀ ခန့်ပါ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ပြဲကျေးရွာအရှေ့ပိုင်းတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့နောက် မေလ ၂၃ ရက်တွင် ရေဖြူကျေးရွာနှင့် ရေဖြူတံတားကြီးထိပ်အနီး၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သည် ဒေသခံပြည်သူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
စစ်ကြောင်းသည် ကဒက်ကြီးကျေးရွာအတွင်း ယာယီတပ်စွဲထားစဉ် မေလ ၂၇ ရက်တွင် ဒေသခံနေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် မေလ ၃၀ ရက်တွင် ကဒက်ကြီးကျေးရွာ လယ် ကျောင်းအနီး၌ တော်လှန်ရေးပူးပေါင်းတပ်များနှင့် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဆိုသည်။
ဇွန်လ ၁ ရက်တွင် လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ စရဖရုံးနှင့် လဝကရုံးတို့ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တပ်ဖွဲ့က ပြောဆိုသည်။
#လောင်းလုံးတိုက်ပွဲ#တနင်္သာရီတိုင်း#NwayOoGuerrillaForce#စစ်ကြောင်းထိုးမှု#စစ်ကောင်စီ
