ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့အကြို ဆုတောင်းပွဲများ နိုင်ငံအသီးသီးတွင် ကျင်းပ

 

ဇွန် ၁၅

The Kaladan Post

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများရှိ ပြည်ပရောက်မြန်မာ နိုင်ငံသားများက ဇွန်လ ၁၄ ရက်နေ့တွင် စုပေါင်းဆုတောင်းပွဲများနှင့် ဂုဏ်ပြုအစီအစဉ်များ ကျင်းပခဲ့ ကြသည်။ အဆိုပါလှုပ်ရှားမှုများတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေးနှင့် မြန်မာ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိက ဆုတောင်းခဲ့ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် ပြည်ပရောက်မြန်မာများနှင့် တော်လှန်ရေးထောက်ခံသူများ စုပေါင်းကာ မွေးနေ့အကြိုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့အနီး ဂယဲဆန်းတောင်ပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် ဆီမီးသပိတ် လှုပ်ရှားမှု ကျင်းပခဲ့သည်။ အဆိုပါအစီအစဉ်တွင် တော်လှန်ရေးအားပေးစကားများ ပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် တော်လှန်ရေးသီချင်းများ သီဆိုခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ဂျပန်နိုင်ငံ Shizuoka ခရိုင်၊ Gotemba မြို့ရှိ ငြိမ်းချမ်းရေးပန်းခြံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို မြန်မာအင်အားစုများ စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

#ဒေါ်အောင်ဆန်းစုကြည်#၈၁နှစ်ပြည့်မွေးနေ့#ပြည်ပရောက်မြန်မာများ#နိုင်ငံရေးအကျဉ်းသားများ
#တော်လှန်ရေး#ဆုတောင်းပွဲ#မြန်မာသတင်း

ပခုက္ကူတွင် စစ်ကောင်စီတပ်သား ၂ ဦး COBRA ONE Pakokku ထံ အလင်းဝင်ပူးပေါင်း

 

ဇွန် ၁၅

The Kaladan Post

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၃၅) တပ်မှ ကိုယ်ပိုင်အမှတ် တ/၆၀၂၂၈၆ တပ်သား မြင့်သူအောင်နှင့် ကိုယ်ပိုင်အမှတ် ပစ-၂၀၉၃၄၁ တပ်သား အောင်ဖြိုးသူတို့သည် ဇွန်လ ၁၄ ရက်နေ့တွင် COBRA ONE Pakokku တပ်ဖွဲ့ထံ ဆက်သွယ်ကာ လက်နက်မဲ့ အလင်းဝင် ပူးပေါင်းလာခဲ့ကြောင်း သိရသည်။ COBRA ONE Pakokku က ၎င်းတို့အား ချုပ်နှောင်ထားခြင်းမရှိဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇွန်လ ပထမပတ် အတွင်း စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၂၂ ဦးမှာ အလင်းဝင်ပူးပေါင်းခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းအနက် အလင်းဝင်ပူးပေါင်းလာသူ ၃ ဦးတွင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး ပါဝင်ပြီး စစ်သား ၂ ဦးအနက် ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းအတွင်း စစ်သား ၁၀၀ ဦး လက်နက်ချခဲ့ပြီး စစ်သုံ့ပန်းအဖြစ် စစ်သား ၂၈ ဦး၊ ရဲ ၁ ဦးနှင့် ပြည်သူ့စစ် ၉၀ ဦး စုစုပေါင်း ၁၁၉ ဦး ဖြစ်ကြကြောင်း သိရသည်။

#ပခုက္ကူ#COBRAONEPakokku#အလင်းဝင်ပူးပေါင်း#စစ်ကောင်စီတပ်သား#မကွေးတိုင်း
#ပြည်သူ့ပန်းတိုင်#မြန်မာသတင်း

ကော်သူးလေကရင်ပြည် ထူထောင်ရေးအတွက် အင်တိုက်အားတိုက် ပူးပေါင်းကြရန် KNU တိုက်တွန်း

 

ဇွန် ၁၅

The Kaladan Post

ဇွန်လ ၁၄ ရက်နေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကော်သူးလေနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်တို့ဖြင့် ပြည့်စုံသော “ကော်သူးလေ ကရင်ပြည်” တည်ထောင်ရေးအတွက် ကရင်အမျိုးသားများနှင့် မျိုးဆက်သစ်လူငယ်များ အတူတကွ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် အနာဂတ်တွင် မိမိတို့၏ နိုင်ငံရေးကံကြမ္မာကို မိမိတို့ ကိုယ်တိုင် ဖန်တီးစီမံနိုင်ရန် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သည့် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရန်လည်း အလေးပေးပြောဆိုခဲ့သည်။

ကရင်အမျိုးသားများ၏ ရည်မှန်းချက်ဖြစ်သည့် “ကော်သူးလေ ကရင်ပြည်” ကို တည်ဆောက်ရာတွင် ဆန္ဒတစ်ခုတည်းဖြင့် မလုံလောက်ဘဲ ခေတ်အခြေအနေနှင့် ကိုက်ညီသည့် လက်တွေ့ကျသော နိုင်ငံရေး နှင့် အုပ်ချုပ်ရေးစနစ်များ တည်ဆောက်ရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။ လက်ရှိတွင် KNU အနေဖြင့် အောက်ခြေပြည်သူများ၏ အသိအမှတ်ပြုမှုကို အခြေခံသည့် ကော်သူးလေအုပ်ချုပ် ရေးစနစ် တည်ဆောက်ရေးကို အကောင်အထည်ဖော်နေပြီး၊ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း “တော်လှန်ရေး ကာလ ကော်သူးလေပဋိညာဉ်” ကို အတည်ပြုကာ ကော်သူးလေ အတိုင်ပင်ခံကောင်စီ (KCC) နှင့် ကော်သူးလေအုပ်ချုပ်ရေးကောင်စီ (KGC) တို့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

KCC သည် ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးအတွက် အကြံပြုမှုများနှင့် နည်းပညာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး KGC သည် အုပ်ချုပ်ရေးဌာနများကို ပိုမိုအားကောင်းသော ပြည်သူ့အုပ်ချုပ်ရေးယန္တရားအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဌာနကို KGC ၏ ၈ ခုမြောက်ဌာနအဖြစ် တိုးချဲ့ဖွဲ့စည်း ခဲ့ပြီး၊ လူထုလုံခြုံရေး၊ စီးပွားရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရေးမှတစ်ဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော “ကော်သူးလေ” အဖြစ် အသိအမှတ်ပြုမှုကို တည်ဆောက်သွားမည် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

#KNU #ကော်သူးလေ#ကရင်ပြည်#ကော်သူးလေနေ့#ပဒိုစောကွယ်ထူးဝင်း#ဖက်ဒရယ်ယူနစ်

ရေကြည်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က အမြောက်တပ်များ ထပ်မံဖြည့်တင်း

 

ဇွန် ၁၅

The Kaladan Post

ဧရာဝတီတိုင်း ရေကြည်မြို့နယ်အတွင်း အာရက္ခတပ်တော်(AA)၊ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်  စစ်တပ်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးဖိအားများ မြင့်တက်လာနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် စစ်တပ်က ပုသိမ်မြို့မှ အမြောက်လက်နက်များကို ဇက်ရေယာဉ်များဖြင့် ရေကြည်မြို့နယ်သို့ ပို့ဆောင်ကာ ခုခံစစ် အတွက် အင်အားဖြည့်တင်းနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ အမြောက်လက်နက်များကို စက်ဒေါင့်ကြီးကျေးရွာသို့ ပို့ဆောင်ပြီး နောက် ဘုရားကြီးကျေးရွာတွင် အခြေချတပ်စွဲထားကာ ရွှေရင်မျှော်ကုန်း၊ မရမ်းချို၊ မြေရဲနှင့် ကမ္ဘားနီ ကျေးရွာဘက်များသို့ပါ စစ်အင်အားများ တိုးချဲ့ချထားနေကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာအချို့တွင် စစ်သားများအတွက် ရိက္ခာစရိတ်ဟုဆိုကာ အိမ်ထောင်စုအလိုက် ငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုထားသည်။

လက်ရှိတွင် ငါးသိုင်းချောင်းမြို့ရှိ အမှတ်(၃၄၄) အမြောက်တပ်ရင်းအနီးဝန်းကျင်၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး အနီးစပ်ဆုံး လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများတွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

#ရေကြည်မြို့နယ်#ဧရာဝတီတိုင်း#အာရက္ခတပ်တော်#စစ်ကောင်စီ#စစ်ရေးသတင်း#တိုက်ပွဲသတင်း

ကျောက်ဆည်တွင် ပျူစောထီး လင်မယားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်း

 

ဇွန် ၁၅

The Kaladan Post

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း စစ်တပ်လက်အောက်ခံ ပျူစောထီး လင်မယားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း Kyaukse Revolution Army (KRA) က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်မှတ်တမ်းကို ပြည်သူများ သိရှိနိုင်ရန် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း KRA က ဆိုသည်။

KRA တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အဆိုပါနှစ်ဦးအား သက်ဆိုင်ရာ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းလုပ်ဆောင်မှုသည် ဒေသတွင်း လုံခြုံရေးနှင့် ပြည်သူများ၏ သတင်းပေးပို့မှုများအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူများအပေါ် မတရားဖိနှိပ်မှုများနှင့် အနိုင်ကျင့်မှုများ ကျူးလွန်နေသူများနှင့် ပတ်သက်သည့် အချက်အလက်များကို ယုံကြည်စိတ်ချစွာ ပေးပို့တိုင်ကြားနိုင်ကြောင်း နှင့် ပြည်သူများ၏ အသံနှင့် သတင်းအချက်အလက်များကို အလေးထားနားထောင်ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KRA က အသိပေးထားသည်။

#ကျောက်ဆည်#KRA#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့#မန္တလေးတိုင်း#ဒေသတွင်းသတင်း

တော်လှန်ရေးနယ်မြေများရှိ လောင်းကစားဝိုင်းများ ရပ်တန့်ရန် PDF တပ်ရင်းများ သတိပေး

 

ဇွန် ၁၅

The Kaladan Post

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခုက္ကူခရိုင် တပ်ရင်း(၁၅) နှင့် ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်းတို့က တော်လှန်ရေးစိုးမိုးနယ်မြေများအတွင်း လောင်းကစားဝိုင်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြောင်း ပြည်သူများ၏ တိုင်ကြားချက်များ ရရှိထားသဖြင့် ဇွန်လ ၁၃ ရက်နေ့တွင် ပူးတွဲသတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် လောင်းကစားလုပ်ငန်းများသည် ပြည်သူ များ၏ လူမှုဘဝနှင့် စီးပွားရေးအခြေအနေများကို ထိခိုက်စေပြီး တော်လှန်ရေးလုပ်ငန်းစဉ်အပေါ်ပါ ဆိုးကျိုးသက်ရောက်စေကြောင်း ဖော်ပြထားသည်။

တပ်ရင်းများက လောင်းကစားဝိုင်းများတွင် ပါဝင်ကစားသူများနှင့် ဦးဆောင်ပြုလုပ်သူများအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းထားပြီး မလိုက်နာပါက ဝင်ရောက်ပိတ်ဆို့ဖမ်းဆီးကာ ငွေဒဏ်၊ အချုပ်ဒဏ်နှင့် အခြားအရေးယူမှုများ ဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။ ထို့ပြင် တော်လှန်ရေးကာလအတွင်း အချိန်နှင့် အရင်းအမြစ်များကို လောင်းကစားတွင် မဖြုန်းတီးဘဲ တော်လှန်ရေးလုပ်ငန်းများကို နိုင်ရာဘက်မှ ပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသူများအနက် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ လူငယ်များ အား စစ်သင်တန်းပေးပြီး တော်လှန်ရေးတာဝန်များ ထမ်းဆောင်စေမည်ဟု ဖော်ပြထားသည်။

#ပခုက္ကူခရိုင်#ယင်းမာပင်ခရိုင်#PDF#လောင်းကစားတားမြစ်ရေး#တော်လှန်ရေးနယ်မြေ
#ဒေသတွင်းသတင်း#မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဆက်လက်ကြိုးပမ်းမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောဆို

 

ဇွန် ၁၅

The Kaladan Post

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သည် ၎င်း၏ စတုတ္ထအကြိမ်ညီလာခံကို ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၅၂ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။ ညီလာခံအတွင်း ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၏ ယခင်လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာများကို တင်ပြအတည်ပြုခဲ့သလို ကောင်စီနှင့် ကော်မတီများ၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

MSFC သည် တော်လှန်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်အဖွဲ့များနှင့် ပူးပေါင်းကာ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများ ရေးဆွဲရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေး၊ စစ်ရေးနှင့် လူထုအင်အားစုများအကြား ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်နိုင်ရန် “မွန်ပြည်တော်လှန်ရေးချာတာ” ကိုလည်း ရေးဆွဲနေကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကို ဆက်လက်ဦးတည်သွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောဆိုသည်။ ထို့ပြင် အခြားပြည်နယ်ဖက်ဒရယ်ယူနစ်များ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#မွန်ပြည်ဖက်ဒရယ်ကောင်စီ#MSFC#မွန်ပြည်#ဖက်ဒရယ်ဒီမိုကရေစီ#NUCC#တော်လှန်ရေး

ပုဏ္ဏားကျွန်းမြို့နယ်တွင် ခရီးသည်တင်စက်လှေတိမ်းမှောက်၍ သေဆုံးသူ ၈ ဦး တွေ့ရှိ

 

ဇွန် ၁၅

The Kaladan Post

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကင်းချောင်းအတွင်း ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက ရသေ့တောင် မြို့နယ် ကူတောင်ကျေးရွာမှ ကျောက်တော်မြို့သို့ ဈေးဝယ်ရန် ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီး ကျောက်ဆောင်နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စက်လှေ ပေါ်တွင် ခရီးသည် ၃၅ ဦးခန့် လိုက်ပါလာခဲ့ကြောင်း သိရသည်။

စက်လှေတိမ်းမှောက်မှုကြောင့် ရေနစ်သေဆုံးသူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦး တွေ့ရှိခဲ့ပြီး ၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ခရီးသည် ၂၄ ဦးကို  အသက်ရှင် လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးလျက်ရှိ ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ဆက်လက်ရှာ ဖွေနေကြပြီး အာရက္ခပြည်သူ့အစိုးရ ပို့ဆောင်ရေးဌာနကလည်း ရေကြောင်းခရီးသွားလာရာတွင် မိုးလေဝသအခြေအနေများကို ကြိုတင်စစ်ဆေးရန်၊ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ရန်နှင့် သတ်မှတ်ဝန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်းမပြုရန် သတိပေးထားသည်။

#ရခိုင်ပြည်နယ် #ပုဏ္ဏားကျွန်း #စက်လှေတိမ်းမှောက်မှု #ရေနစ်သေဆုံးမှု #ကယ်ဆယ်ရေး #ကျောက်တော် #မြန်မာသတင်း