ရေဦးတွင် ပေါ်တာဆွဲဖမ်းဆီးခံ လူငယ် ၇ ဦး စစ်သားများကို ခုခံကာ လွတ်မြောက်လာ

 

ဇွန် ၁၈

The Kaladan Post

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသည့် လူငယ် ၇ ဦးသည် လုံခြုံရေးတာဝန်ကျ စစ်သားများကို ပြန်လည်ခုခံတိုက်ခိုက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ တွင် ရေဦးမြို့ပေါ်ရှိ အထက (၂) ကျောင်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူ ၇ ဦးကို ရေဦးမြို့နယ် ပကဖက ကယ်တင်စောင့်ရှောက်ထားပြီး လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ ယင်းလူငယ်များအနက် ၅ ဦးမှာ ရေဦးမြို့ပေါ် နေထိုင်သူများဖြစ်ပြီး ကျန် ၂ ဦးမှာ ကျေးရွာဒေသများမှဖြစ်ကြောင်း၊ တချို့မှာ ခရီးသွားစဉ် ဖမ်းဆီး ခံရခြင်းဖြစ်သလို တချို့မှာ မှတ်ပုံတင်ပြုလုပ်ရန် မြို့ပေါ်သို့လာရောက်စဉ်နှင့် နေအိမ်များအတွင်းမှ ပေါ်တာဆွဲဖမ်းဆီးခံရခြင်းများ ဖြစ်ကြောင်း သိရသည်။

ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူက လက်ရှိတွင် လူငယ် ၇ ဦးလုံးကို ဘေးကင်းလုံခြုံစွာ ထားရှိ စောင့်ရှောက်နေပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စိစစ်မှုများ ပြုလုပ်နေကြောင်း ပြောကြား ထားသည်။ ထို့ပြင် ရေဦးမြို့ပေါ်သို့ သွားလာမည့် ပြည်သူများအနေဖြင့် ပေါ်တာဆွဲဖမ်းဆီးမှု အန္တရာယ်များကြောင့် လုံခြုံရေးသတိ အထူးပြု၍ သွားလာကြရန်လည်း သတိပေးထားသည်။

#ရေဦး#စစ်ကိုင်းတိုင်း#ပေါ်တာဆွဲ#လူငယ်၇ဦး#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့#လွတ်မြောက်မှု

စစ်တပ်နှင့် လက်ရှိငြိမ်းချမ်း ထိန်းသိမ်းရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် ဆွေးနွေးဟု SSPP ပြော

 

ဇွန် ၁၈

The Kaladan Post

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့သည် ဇွန်လ ၁၂ ရက် နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်တံ့ခိုင်မြဲရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း SSPP က ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် SSPP ဘက်မှ နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့် မဖြေရှင်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်အခြေပြု ပြည်ထောင်စုတည်ဆောက်ရေးနှင့် အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် အပါအဝင် အချက် ၇ ချက်ကို တင်ပြခဲ့သည်။

စစ်ကောင်စီဘက်ကမူ ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်ဖက်သဘောတူစာချုပ်များကို လေးစားလိုက်နာရန်နှင့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ်ဖက်အကြား နောက်ထပ်ဆွေးနွေးပွဲကို ဇူလိုင်လအတွင်း ထပ်မံကျင်းပသွားရန်လည်း သဘောတူညီခဲ့ကြသည်။

အခြားတစ်ဖက်တွင် SSPP နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲမှုများ ရှိခဲ့သော်လည်း SSPP က အဆိုပါစွပ်စွဲချက်များ ကို ငြင်းဆိုထားပြီး တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။ ယခု ဆွေးနွေးပွဲတွင်လည်း အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#SSPP#SSA#ရှမ်းပြည်#စစ်ကောင်စီ#ငြိမ်းချမ်းရေးဆွေးနွေးပွဲ#ဖက်ဒရယ်ဒီမိုကရေစီ

ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် “၉ ရွာ ၉ မိုင်” လူထုလှုပ်ရှားမှု ပြုလုပ်

 

ဇွန် ၁၈

The Kaladan Post 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံသပိတ်ကော်မတီနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၈ ရက်နေ့တွင် “(၈+၁)=၉” ကို ရည်ညွှန်းသော “၉ ရွာ ၉ မိုင်” ချီတက်လမ်းလျှောက် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ လှုပ်ရှားမှုတွင် ပါဝင်သူများက နှင်းဆီပန်းများ ကိုင်ဆောင်ကာ “လူထုခေါင်းဆောင် ကျန်းမာပါစေ”၊ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” နှင့် “အရေးတော်ပုံ မုချအောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် စည်းလုံးညီညွတ်စွာ ချီတက်ခဲ့ကြသည်။

ထို့ပြင် ဇွန်လ ၁၉ ရက်နေ့ ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပူးပေါင်းဆင်နွှဲကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေကာ နှိုးဆော်ခဲ့ကြောင်းလည်း သိရသည်။ ရွာပေါင်းစုံသပိတ်ကော်မတီ က ယခုလှုပ်ရှားမှုသည် လူထု၏ နိုင်ငံရေးအင်အားကို ဖော်ထုတ်ပြသခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေး တော်လှန်မှုတွင် ပြည်သူများ ဆက်လက်ပါဝင်ကြရန် ရည်ရွယ် ကြောင်း ပြောကြားခဲ့သည်။

#ဒေါ်အောင်ဆန်းစုကြည်#၈၁နှစ်ပြည့်မွေးနေ့#နှင်းဆီလှုပ်ရှားမှု#ROSEMovement
#ယင်းမာပင်#ရွာပေါင်းစုံသပိတ်#အရေးတော်ပုံအောင်ရမည်

မြိုင်မြို့နယ် မြဇီးတောကျေးရွာကို စစ်တပ်မီးရှို့ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၀ ကျော် ပျက်စီး

 

ဇွန် ၁၈

The Kaladan Post 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ မြဇီးတောကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဇွန်လ ၁၇ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ဆောင်နှင့် ပြည်သူပိုင် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ စစ်ကြောင်းသည် တွင်းမကျေးရွာဘက်မှ ရောက်ရှိလာပြီး မြဇီးတောကျေးရွာတွင် ညအိပ်တပ်စွဲပြီးနောက် မီးရှို့ဖျက်ဆီး မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များအပြင် ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၁၇ စီးနှင့် အိမ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာများစွာ ဆုံးရှုံးခဲ့ရသည်။ ဒေသခံများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ယင်းနေ့အတွင်း မြိုင်မြို့နယ်တောင်ပိုင်း ကျေးရွာများကို စစ်ကောင်စီက Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Y-12 ဗုံးကျဲလေယာဉ်နှင့် အသေခံဒရုန်းများ အသုံးပြုကာ အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြဇီးတော၊ ပန်းတိုင်းတော၊ စိုတောနှင့် မြေရင့်ကျေးရွာအနီးဝန်းကျင်များတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သတင်းများက ဖော်ပြထားသည်။

#မြိုင်မြို့နယ်#မြဇီးတောကျေးရွာ#စစ်ကောင်စီ#မီးရှို့ဖျက်ဆီးမှု#လေကြောင်းတိုက်ခိုက်မှု
#မကွေးတိုင်း#MyanmarCrisis

ချင်းမဟာမိတ်အချင်းချင်း ပစ်ခတ်မှုပြေလည်သွားပြီဆိုခြင်းမှာ “လိမ်လည်မှုသာဖြစ်” ဟု CDF-Lautu တုံ့ပြန်

 

ဇွန် ၁၈၊ ၂၀၂၆

The Kaladan Post

ချင်းပြည်နယ်အလယ်ပိုင်းဒေသမှာ အခြေစိုက်တဲ့ ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင် အင်အားစုနှစ်ခု ဖြစ်သော လောက်တူလူမျိုးကိုယ်စားပြု CDF-Lautu နဲ့ ချင်းအမျိုးသားတပ်မတော် (CNA/CNF) တို့အကြား ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက နယ်မြေခံတပ်မှူး တွေကို စေလွှတ်ကာ နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီလို့ ဇွန်လ ၁၆ ရက်နေ့မှာ People’s Spring သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုဖြစ်စဉ်ဟာ မဟာမိတ်တပ်ဖွဲ့တွေကြားက မူဝါဒပိုင်းဆိုင်ရာ ကွဲလွဲမှုမဟုတ်ဘဲ အောက်ခြေရဲဘော်အချင်းချင်း ဖြစ်ပွားတဲ့ နားလည်မှုလွဲမှားမှုတစ်ခုသာ ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ဆလိုင်းထက်နီရဲ့ ပြောကြားချက်ဟာ လိမ်လည်နေတာသာ ဖြစ်တယ်လို့ CDF-Lautu ဘက်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။ CDF-Lautu ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းပါဗီက အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းပြေလည်ခြင်း လုံးဝမရှိသေးသလို CNF/CNA တာဝန်ရှိသူတွေ ဘက်ကလည်း တာဝန်ယူ တာဝန်ခံမှု မရှိဘူးလို့ The Kaladan Post ကို ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ညက CNA မှ ဗိုလ်ကြီးတစ်ဦး ဦးဆောင်တဲ့ အင်အား ၆ ဦးခန့်ဟာ CDF-Lautu ရဲ့ တပ်စခန်းတစ်ခုကို ညအချိန်မတော် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၄ ရက်နေ့မှာတော့ ပြဿနာကို ညှိနှိုင်းဖြေရှင်းဖို့ CDF-Lautu တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပေမယ့် စခန်းကိုဝင်စီးခဲ့တဲ့ အရာရှိတွေဟာ ရှောင်တိမ်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

“စခန်းကို ဝင်စီးတဲ့ ဗိုလ်ကြီးနဲ့ ဒု-ဗိုလ်တို့က ရှောင်သွားကြပါတယ်။ အဲဒီမှာ ကျန်ခဲ့တဲ့ တပ်ကြပ်ကြီးနဲ့ တပ်သားတွေကလည်း အရက်မူးနေကြလို့ ညှိနှိုင်းဖို့ အဆင်မပြေပါဘူး။ ဒါကြောင့် လူကြီးချင်းဖြေရှင်း ရမယ်လို့ ပြောပြီး သူတို့ကို အခင်းဖြစ်ရာကနေ ဆုတ်ခွာခိုင်းခဲ့တာသာ ဖြစ်ပါတယ်” လို့ ဆလိုင်းပါဗီက ရှင်းပြထားပါတယ်။

ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင် အချင်းချင်းကြားမှာ ခုလို အနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေဟာ ရေရှည်ချင်းနိုင်ငံရေးနဲ့ ချင်းအမျိုးသားညီညွတ်ရေးအတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်စေနိုင်တယ် လို့လည်း CDF-Lautu တွဲဖက်အတွင်းရေးမှူး ဆလိုင်းပါဗီက သတိပေး ပြောကြားထားပါတယ်။

#ChinState #CDF_Lautu #CNF #CNA #ChinlandCouncil #InternalConflict #MyanmarRevolution #SalaiParBee #SalaiHtetNi #TheKaladan Post #BreakingNews

တောင်သာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကြောင့် အရပ်သား ၉ ဦးထက်မနည်း သေဆုံး

 

ဇွန် ၁၈

The Kaladan Post 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း အင်အား ၈၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် မေလကုန်ပိုင်းမှစတင်ကာ ဝဲလောင်တိုက်နယ်ဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာ များကို ဆက်တိုက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကြောင်းသည် ကျောက်ပန်းတောင်း-တောင်သာနယ်စပ်၊ ငါးသရောက်-တောင်သာနယ်စပ်နှင့် ဝဲလောင်-တောင်သာလမ်းပိုင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ဒေသအတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။

ဇွန်လ ၁ ရက်နေ့တွင် ကိုင်းချောင်းတံတားအနီး၌ လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်စဉ် လမ်းသွားလမ်း လာ အရပ်သား ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အင်းတဲကျေးရွာမှ ၁၂ တန်းကျောင်းသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး နတ်စောင့်ကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုထားသည်။ ယင်းကြောင့် အရပ်သားသေဆုံးသူ စုစုပေါင်း ၉ ဦးထက်မနည်းရှိလာကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးလှုပ်ရှားမှုများအတွင်း ထန်းကျင်း၊ ကျားမတွင်း၊ ထန်းပင်ခြံနှင့် ညောင်ကုန်းကျေးရွာများအပါအဝင် ကျေးရွာ ၄ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ ထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကြောင်း၏ အချို့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားသော်လည်း ဝဲလောင်-တောင်သာလမ်းပိုင်းတစ်လျှောက်တွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

#တောင်သာမြို့နယ်#မန္တလေးတိုင်း#အရပ်သားသေဆုံးမှု#ကျေးရွာမီးရှို့မှု#စစ်ရှောင်ပြည်သူများ

စစ်တွေခရိုင်အတွင်း မေလတစ်လအတွင်း မိုင်းအလုံးရေ ၂၀၀ နီးပါးကို AA ရှင်းလင်းနိုင်

 

ဇွန် ၁၈

The Kaladan Post 

ရက္ခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်း အာရက္ခတပ်တော်(AA)က မေလတစ်လအတွင်း မြေမြှုပ်မိုင်းနှင့် တိုက်မိုင်း အမျိုးအစားစုံ စုစုပေါင်း ၁၉၉ လုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ရှင်းလင်းရရှိခဲ့သည့် မိုင်းများတွင် MA4 အမျိုးအစား ၁၅၀ လုံး၊ MA2 အမျိုးအစား ၁၆ လုံးနှင့် MA1 (တိုက်မိုင်း) ၃၃ လုံး ပါဝင်ကြောင်း သိရသည်။

အဆိုပါ မိုင်းများကို စစ်တွေခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအနီးနှင့် အများပြည်သူအသုံးပြုသည့် လမ်းမကြီးများဘေးတွင် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင် ဖေဖော်ဝါရီလတွင် မိုင်း ၂၆၂ လုံးနှင့် မတ်လတွင် ၁၉၆ လုံးကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး၊ လက်ရှိတွင် အာရက္ခတပ်တော်က မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ သတိပေးဆိုင်းဘုတ်တပ်ဆင်ခြင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#ရက္ခိုင်ပြည်#စစ်တွေခရိုင်#အာရက္ခတပ်တော်#မိုင်းရှင်းလင်းရေး#မြေမြှုပ်မိုင်း#ပြည်သူ့လုံခြုံရေး
#ArakanArmy

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဖိအားမြှင့်တင်ရန် AAPP တောင်းဆို

 

ဇွန် ၁၈

The Kaladan Post 

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း (AAPP) က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများနှင့် သက်ဆိုင်သူအားလုံးအနေဖြင့် ထိရောက်သည့် နည်းလမ်းများဖြင့် စစ်အုပ်စုအပေါ် ဖိအားပေးတောင်းဆိုကြရန် တိုက်တွန်းထားသည်။

AAPP က Proof of Life Campaign ကို ထောက်ခံအားပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို လွတ်လပ်သည့် စောင့်ကြည့်လေ့လာသူများမှ စစ်ဆေးခွင့်ပြုရန်လည်း တောင်းဆိုထားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် ပြည်သူများ၏ မဲဆန္ဒနှင့် ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခြင်းဖြစ်ကြောင်း ထောက်ပြ ထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း စစ်အုပ်စု၏ ကြေညာချက်အပေါ် သားဖြစ်သူ ကင်မ်အဲရစ်က လွတ်မြောက်ခွင့်မဟုတ်ဘဲ နေရာပြောင်းထိန်းသိမ်း ထားခြင်းသာဖြစ်ကြောင်းနှင့် လက်ရှိကျန်းမာရေး၊ တည်နေရာနှင့် အသက်ရှင်မှုအခြေအနေများကို အတည်ပြုနိုင်သည့် သတင်းအချက်အလက် မရရှိသေးကြောင်း ပြောကြားထားသည်။

တစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့် “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ပြည်တွင်းနှင့် ပြည်ပဒေသအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြသည်။ သပိတ်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေကာ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် နှိုးဆော်နေပြီး စစ်အုပ်စု၏ ဖိနှိပ်မှုများနှင့် ဟန်ပြနိုင်ငံရေး လုပ်ဆောင်ချက်များကို လက်မခံကြောင်း ပြသရန် တိုက်တွန်းထားသည်။

ထို့ပြင် နှင်းဆီလှုပ်ရှားမှုအကြိုကာလအတွင်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများလည်း ထင်ရှားစွာ တွေ့မြင်နေရပြီး လမ်းဘေးတွင် ကပ်ထားသော အသိပညာပေးစာရွက်များ မိုးရေစိုပျက်စီးမသွားစေရန် ပြည်သူများက ပလတ်စတစ်အိတ်များဖြင့် ကာကွယ်ပေးခဲ့ကြသည်။

#ဒေါ်အောင်ဆန်းစုကြည်#PoliticalPrisoners#AAPP#RoseMovement#RosesOfHope
#DemocracyForMyanmar#FreeAllPoliticalPrisoners

နတ်ရေကန်ဗျူဟာကုန်းအနီး အမ်း-ပဒန်းလမ်းပိုင်းရှိ လိုင်ကားကင်းစခန်းတွင် တိုက်ပွဲပြင်းထန်

 

ဇွန် ၁၈

The Kaladan Post 

မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းအနီး အမ်း-ပဒန်းလမ်းပိုင်းရှိ လိုင်ကားကင်းစခန်းကို ဇွန်လ ၁၇ ရက် နံနက်အစောပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စခန်းမကျစေရန် လေယာဉ် ၆ စီးအထိ အသုံးပြုကာ စစ်ကူပေးခဲ့ရကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာစခန်းသည် ရခိုင်ရိုးမပေါ်တွင် စစ်ကောင်စီအတွက် အရေးပါသည့် နောက်ဆုံးကျန် ရှိသော စစ်အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး လက်နက်ကြီးတပ်များနှင့် တပ်မ ၉၉ အင်အားများ စုဖွဲ့ထား သည့် ခံစစ်အခိုင်အမာ ပြင်ဆင်ထားသော နေရာဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ လိုင်စခန်းနှင့် နောင်ရွာကြားစခန်းများသည် နတ်ရေကန်ဗျူဟာကို အထောက်အကူပြုသည့် စစ်ရေး အရေးပါသော နေရာများဖြစ်ကြောင်းလည်း သိရသည်။

တစ်ဖက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများကို ဇွန်လ ၁၇ ရက် ညနေပိုင်း၌ စစ်ကောင်စီက တိုက်လေယာဉ် အနည်းဆုံး ၅ စီးဖြင့် ဗုံးအလုံးရေ ၁၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ရွာမရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ ကတလမ်းနှင့် လမ်းမတော်ကျေးရွာတို့ရှိ နေအိမ်များ၊ ဆေးခန်းနှင့် ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းအနက် ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။

#AA#ရခိုင်စစ်ရေး#နတ်ရေကန်ဗျူဟာ#ငဖဲမြို့နယ်#ကျောက်တော်#လေကြောင်းတိုက်ခိုက်မှု