မကွေးတိုင်းရှိ PDF စခန်းငယ် ၃ ခုကို ဝင်ရောက်သိမ်းပိုက်ဟု စစ်တပ် ထုတ်ပြန်
ဇွန် ၂၃
The Kaladan Post
မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ လွန်းပင်ရှို၊ ကန်သာနှင့် ညောင်ပင်ကားကျေးရွာအနီးရှိ တော်လှန်ရေး စခန်းများကို ဇွန်လ ၂၀ ရက်နေ့က ဝင်ရောက်သိမ်းပိုက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ စခန်းများအတွင်းမှ မော်တော်ဆိုင်ကယ်များ၊ ဆိုလာပစ္စည်းများ၊ ဆက်သွယ်ရေး စက်များ၊ လက်လုပ်ဗုံးများ၊ TNT ယမ်းများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ ကြောင်း ဆိုသည်။ ထို့ပြင် နတ်မောက်မြို့နယ် အိုင်းမကျေးရွာရှိ PDF စခန်းတစ်ခုကို ဇွန်လ ၇ ရက်က သိမ်းယူစဉ် စနိုက်ပါသေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဖော်ပြထား သည်။
စခန်းငယ် ၃ ခု စီးနင်းခံရခြင်းမှာ မှန်ကန်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ကြိုတင်ဆုတ်ခွာခဲ့ရကြောင်း ဒေသတင်းရင်းမြစ်က အတည်ပြုပြောကြား ခဲ့သည်။
#မကွေးတိုင်း#ရေနံချောင်း#နတ်မောက်#PDF#စစ်ကောင်စီ#တော်လှန်ရေး

နော်ဝေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု ပြုလုပ်
ဇွန် ၂၃
The Kaladan Post
နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးပန်းခြံတွင် နော်ဝေ၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပြင်သစ်၊ ဖင်လန်၊ အင်္ဂလန်၊ အိန္ဒိယနှင့် အီတလီ နိုင်ငံများတွင် နေထိုင်ကြသော မြန်မာနိုင်ငံဖွားများ စုပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဇွန်လ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် အခမ်းအနားများ ကျင်းပခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထာားသည်။ ပထမနေ့တွင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Kelley Anne Eckels-Currie၊ အီတလီ-မြန်မာ ချစ်ကြည်ရေး အသင်းမှ Albertina Soliani၊ နော်ဝေနိုင်ငံရေးခေါင်းဆောင် Dag-Inge Ulstein နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့၏ ဗီဒီယိုသဝဏ်လွှာများကို ပြသခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာ ပြည်ဖွားများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေ၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများအကြောင်း ဆွေးနွေးခဲ့သည်ဟု လည်း ဆိုသည်။ အစီအစဉ်အပြီးတွင် တက်ရောက်သူများက မီးတုတ်များနှင့် အလံများ ကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးပန်းခြံသို့ လမ်းလျှောက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။
ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့သီချင်းသီဆိုခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆုတောင်းခြင်း၊ ၈၁ စက္ကန့် ငြိမ်သက်အလေးပြုခြင်းနှင့် ရန်ပုံငွေရှာဖွေရေးအစီအစဉ် များကို ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု အသိပေးထားသည်။
#AungSanSuuKyi#FreePoliticalPrisoners#NorwayMyanmarCommunity

PLA မိုင်းထောင်ထားမှုကြောင့် ကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးဟု NUG ပြောဆို
ဇွန် ၂၃
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA) မှ စစ်ရေးတာဝန်ခံ သောင်းထောက် (ခ) ဗီယက်နမ် (ခ) ဦးစိုး ဦးဆောင်သည့်အဖွဲ့သည် မေလ ၂၆ ရက် နေ့တွင် ဝဲလောင်ကျေးရွာမှ အရပ်သားတစ်ဦးဖြစ်သူ ဦးသန်းဌေးအောင်အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ငွေကျပ်သိန်း ၂၀၀၀ ဖြင့် ပြန်လည်ရွေးယူရန် ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်လာသည်။ ဖမ်းဆီးစဉ်အတွင်း မော်တော်ယာဉ်များ၊ ငွေသားနှင့် အရေးကြီးစာရွက်စာတမ်းများကိုပါ ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းခြံခရိုင် ပကဖနှင့် စစ်ဒေသတာဝန်ရှိသူများက PLA ဘက်နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးခံထားရသူအား ပြန်လွှတ်ပေးရန်နှင့် သိမ်းဆည်းထားသည့်ပစ္စည်းများ ပြန်လည်အပ်နှံရန် တောင်းဆိုခဲ့သော်လည်း PLA ဘက်က ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု NUG ပြောဆိုထားသည်။ ဇွန်လ ၂၂ ရက်တွင် ဦးသန်းဌေးအောင်အား ပြန်လွှတ်ပေးခဲ့သော်လည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သတိလစ်နေသည့်အခြေအနေတွင် တွေ့ရှိခဲ့ရပြီး ပြည်သူပိုင်ပစ္စည်းများကို ယနေ့အထိ ပြန်လည်အပ်နှံခြင်း မရှိသေးကြောင်းလည်း ဖော်ပြထားသည်။
ထို့နောက် PLA တပ်ဖွဲ့များ ဆုတ်ခွာသွားသည့် စခန်းများကို နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စစ်ဆေးရာတွင် ရဲဘော်များ အိပ်စက်သည့်နေရာများ၌ ရည်ရွယ်ချက်ရှိရှိ မိုင်းများ ထောင်ထားခဲ့သည်ဟုဆိုကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးကာ အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
PLA ဘက်ကမူ ယခင်က ရန်သူသတင်းပေးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ၂၂ ကြိမ်အထိ လွှဲပြောင်း ပေးခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ခြိမ်းခြောက်ဖိအားပေးမှုများကြောင့် ထပ်မံ လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေရကြောင်း ယမန်နေ့က အသိပေးပြောဆိုထားသည်။
ထို့အပြင် NUG ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေသော်လည်း တပ်စခန်းများကို အင်အား သုံးဝင်ရောက်စီးနင်းခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒေသအတွင်းမှ ထွက်ခွာစေခြင်းမှာ လက်ခံ နိုင်ဖွယ်မရှိကြောင်း PLA တောင်သာမြို့နယ်တပ်ဖွဲ့က ပြောဆိုသည်။ တော်လှန်ရေးအင်အားစု အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းလိုကြောင်းနှင့် PLA ဘက်မှ ပစ်ခတ်မှုစတင်မည်မဟုတ် ကြောင်း အသိပေးထားသည်။
#PLA#တောင်သာမြို့နယ်#NUG#ပြည်သူ့ကာကွယ်ရေးအဖွဲ့#မြင်းခြံခရိုင်#SpringRevolution

နယ်စပ်ဒေသစီမံခန့်ခွဲရေးသည် အစိုးရနှင့်သာ သက်ဆိုင်ဟု မင်းအောင်လှိုင် ပြောဆို
ဇွန် ၂၃
The Kaladan Post
တရုတ်နိုင်ငံ ခရီးစဉ်အတွင်း Phoenix Media နှင့် ပြုလုပ်ခဲ့တဲ့ အင်တာဗျူး၌ မင်းအောင်လှိုင်က တရုတ်-မြန်မာနယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများသည် အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများဖြစ်ပြီး အခြားမည်သည့်အဖွဲ့အစည်းကမျှ ဝင်ရောက်ဆောင်ရွက်ခွင့် မရှိကြောင်း ပြောဆိုထားပါတယ်။ လက်ရှိအချိန်တွင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အားနည်းနေသည်မှာ မှန်ကန်ကြောင်း ဝန်ခံထားပြီး ယင်းပြဿနာများကို နှစ်နိုင်ငံအစိုးရများ ပူးပေါင်း ညှိနှိုင်းဖြေရှင်းရမည်ဟု ဆိုထားပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသများရှိ တရုတ်စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍ ယခင်က အခက်အခဲများရှိခဲ့သော်လည်း လက်ရှိတွင် အခြေအနေများ တိုးတက်ကောင်းမွန်လာပြီဖြစ်ကာ လုံခြုံရေးအကာအကွယ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ပေးနေသလို နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာဆိုင်ရာ ပြဿနာများကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
လက်ရှိအချိန်တွင် တရုတ်-မြန်မာနယ်စပ်ဒေသ အများစုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့် MNDAA၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလား NDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး နယ်စပ်ဂိတ်များနှင့် လုံခြုံရေးစစ်ဆေးရေး ဂိတ်များကိုလည်း ယင်းတပ်ဖွဲ့များက ကြီးစိုးထားသည့် အခြေအနေများကြားတွင် မင်းအောင်လှိုင်က ယခုကဲ့သို့ ပြောကြားလာတာ ဖြစ်ပါတယ်။
#MyanmarChinaBorder#MinAungHlaing#ChinaMyanmarRelations#BorderTrade
#MyanmarPolitics#EthnicArmedOrganizations#MyanmarNews

မြိုင်မြို့နယ်တွင် စစ်တပ်၏ Mi-17 ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး မီးလောင်ပျက်စီး
ဇွန် ၂၃
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်းတွင် ပြည်သူများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျမီးလောင်နေကြောင်း Magway People’s Defence Force – MGY PDF က အသိပေးထားပါတယ်။
ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် မြိုင်မြို့နယ်ရှိ တစ်နေရာအား လေကြောင်းတိုက်ခိုက်ရန် ရောက်ရှိလာ သည့် Mi-17 ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်မှာ မီးလောင်ပျက်စီးသွားကြောင်း MGY PDF မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုထားပါတယ်။
အဆိုပါ ရဟတ်ယာဉ်ဟာ မြိုင်မြို့နယ်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် စစ်တပ်စစ်ကြောင်းများအား လေကြောင်းပစ်ကူပေးရန် ရောက်ရှိလာတာဖြစ်ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဟု MGY PDF ဘက်က ပြောဆိုထား ပါတယ်။ ယင်းတိုက်ခိုက်မှုကို MGY PDF၊ မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်နှင့် မြိုင်မြို့နယ် အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ယာဉ်နှစ်စီး ပျက်စီးသွားခဲ့ပြီး ဗိုလ်နှစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ထုတ်ပြန် ပြောဆိုထားပါတယ်။
ယခင်နှစ်အတွင်းကလည်း ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အစပ်ဒေသတွင် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ပါရာမော်တာ စက်တပ်လေထီးတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။
#မြိုင်မြို့နယ်#Mi17ရဟတ်ယာဉ်ပစ်ချခံရ#MGYPDF#OperationSu#မကွေးတိုင်းသတင်း

အငြင်းပွားမှုများကို အပြန်အလှန်နားလည်မှု ယုံကြည်မှုဖြင့် ဆောင်ရွက်သင့်ဟု PDA တိုက်တွန်း
ဇွန် ၂၃
The Kaladan Post
တောင်သာမြို့နယ်အတွင်း အခြေချလှုပ်ရှားနေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် NUG လက်အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့အကြား ဖြစ်ပွားနေသည့် အငြင်းပွားမှုများကို အင်အားသုံးဖြေရှင်းခြင်းမဟုတ်ဘဲ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် ညှိနှိုင်းပူးပေါင်းမှုဖြင့်သာ ဆောင်ရွက်သင့်သည်ဟု PDO/PDA တိုက်တွန်းထားပါတယ်။
ဖြစ်စဥ်ဟာ တောင်သာမြို့နယ်မှာ အခြေချသည့် PLA အထိုင်ချစခန်းတစ်ခုကို NUG လက်အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ကာ အင်အားသုံးစီးနင်းပိတ်ဆို့မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါဖြစ်စဉ်အတွင်း PLA စခန်းအနီး ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် PDF ရဲဘော်အချို့ မလိုအပ်ဘဲ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရတယ်။
ယင်းသို့ မိတ်ဘက်တော်လှန်ရေးအဖွဲ့အစည်းများအကြား ဖြစ်ပွားသည့် ပြဿနာများကို အင်အားသုံး ဖြေရှင်းသည့် လမ်းစဉ်အား ဆန့်ကျင်ရှုတ်ချကြောင်းနှင့် မိုင်းထိမှန်မှုကြောင့် PDF ရဲဘော်များ ထိခိုက်မှု များရှိလာသည့်အပြင် PLA ရဲဘော်များ၏ မိသားစုဝင်အချို့ လက်နက်ဖြင့် ခြိမ်းခြောက်ဖမ်းဆီးခံရမှု များ ဖြစ်ပေါ်ခဲ့လည်း PDO/PDA ထောက်ပြထားပါတယ်။
ထို့ပြင် အမှုနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်ဖွဲ့ဝင်မိသားစုများနှင့် အရပ်သားများအား ခြိမ်းခြောက် ဖမ်းဆီးမှုများကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသူများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် အရင်းခံပြဿနာများကို နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကာ အဖြေရှာသင့်ကြောင်းလည်း PDO/PDA က တိုက်တွန်းထားဖြစ်ပါတယ်။
#တောင်သာမြို့နယ်#PLA#မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့#တော်လှန်ရေးအဖွဲ့များ#မန္တလေးတိုင်းသတင်း

နွားထိုးကြီးမြို့နယ်တွင် တိုက်ပွဲများအတွင်း စစ်တပ်၏ ဒရုန်းနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ
ဇွန် ၂၃
The Kaladan Post
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အသုံးပြုသည့် ဒရုန်းတစ်စီးနှင့် လက်နက်ခဲယမ်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄) နှင့် အမှတ် (၁၀) တပ်ရင်းတို့က ထုတ်ပြန်ပြောဆိုထား ပါတယ်။
ဇွန်လ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့ရှိ ရှင်ပင်သာဒွန်းဦးဘုရားတွင် အခြေ စိုက်တပ်စွဲထားသည့် စစ်တပ်အား မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းနှင့် အမှတ် (၁၀) တပ်ရင်းတို့က ပြောက်ကျားစစ်ဆင်ရေးတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ဒရုန်းတစ်စီး ပျက်ကျခဲ့ရာ တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
ထို့နောက် ညနေ ၆ နာရီဝန်းကျင်တွင် ဖက်ခူးကျေးရွာဘက်မှ အင်အား ၈၀ ခန့်ဖြင့် ထွက်လာသည့် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တစ်နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူက ပြောဆိုထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းလည်း တပ်ဖွဲ့က ပြောဆိုထားပါတယ်။
အလားတူ ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ဝန်းကျင်တွင်လည်း နွားထိုးကြီးမြို့တောင်ဘက် အထွက်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်အား မြင်းခြံခရိုင်အမှတ် (၄) နှင့် အမှတ် (၁၀) တပ်ရင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း သိရပါတယ်။
#နွားထိုးကြီးမြို့နယ်#မြင်းခြံခရိုင်အမှတ်၄တပ်ရင်း#မြင်းခြံခရိုင်အမှတ်၁၀တပ်ရင်း
#ဒရုန်းသိမ်းဆည်းရမိ#မန္တလေးတိုင်းသတင်း

ချောက်မြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံး
ဇွန် ၂၃
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အသိပေးလာပါတယ်။
ဇွန်လ ၂၀ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့ဘက်မှ ထွက်ခွာလာသည့် Double Cab ယာဉ်တစ်စီးနှင့် စစ်ကားခြောက်စီးပါဝင်သော စစ်ယာဉ်တန်းကို ချောက်မြို့နယ် အမှတ် (၃) ပြည်ထောင်စုလမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုအတွင်း Double Cab ယာဉ်တစ်စီး မိုင်းထိမှန်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်းနှင့် အခြားတပ်ဖွဲ့ဝင် ၁၀ ဦးခန့်လည်း ပြင်းထန်ဒဏ်ရာ များရရှိခဲ့ကြောင်း ချောက်မြို့နယ် ပကဖ တာဝန်ရှိသူက ပြောဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ် ပကဖ၊ မကွေးခရိုင် ပကဖ (သခင်ဖိုးလှကြီးစစ်ကြောင်း)၊ ညောင်ဦးခရိုင် တပ်ရင်း (၄) နှင့် ဧရာဒေါင်း (မကွေးဖက်ဒရယ်ယူနစ်) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောဆိုထားပါတယ်။
ထို့ပြင် ချောက်မြို့နယ်အတွင်း ပြည်သူများအား အန္တရာယ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကြောင်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Chauk Guerrilla Force အဖွဲ့က အသိပေးပြောဆိုထားပါတယ်။
#ချောက်မြို့နယ်#မကွေးတိုင်း#ချောက်ပကဖ#တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့#စစ်ယာဉ်တန်းတိုက်ခိုက်မှု
