ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်တွင် နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့် စည်ပင်တို့က အင်အားသုံး ဖျက်ဆီး

မတ် ၂၁
The Kaladan Post
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက် (သဇင်ရုံလမ်း အပါအဝင်) ရှိ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့် စည်ပင်သာယာရေးဌာနတို့က ယနေ့ (မတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အင်အားအလုံးအရင်းဖြင့် အတင်းအဓမ္မ ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကား၊ ဘက်ဖိုး (backhoe) မြေတူးစက်များ၊ ဖောကားများဖြင့် အင်အား ၁၀၀ ဝန်းကျင်နှင့် ဝင်ရောက်ဖျက်ဆီးနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လိုက်ပါ ပါဝင်နေကာ သစ်တောဌာနနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများလည်း ပါဝင်နေကြောင်းသိရသည်။ တရားဝင် အမိန့်စာ သို့မဟုတ် ဖျက်သိမ်းခွင့်ပြုချက် စာရွက်စာတမ်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်မိန့်ဖြင့်သာ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မတ်လ ၁၉ ရက်နေ့က ကြိုတင် နှုတ်မိန့်ဖြင့် သတိပေးခဲ့သော်လည်း ယနေ့ ရုတ်တရက် အကြမ်းဖက်ဆန်စွာ ဖျက်သိမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။ ဘက်ဖိုး ယာဉ် ၂ စီး၊ ဖောကား ၂ စီး၊ စစ်ကား ၂ စီးခန့်ဖြင့် ဖျက်ဆီးနေမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်မှ မိသားစုများ အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး သင့်လျော်သော နေရာချထားမှု သို့မဟုတ် လျော်ကြေး မရရှိကြောင်း ဒေသခံများက ဆိုသည်။


မြောင်မြို့နယ် နဘတ်ကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ

မတ် ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘတ်ကျေးရွာကို မတ်လ ၂၀ ရက် မနက် ၁၁ နာရီခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာအလယ်ပိုင်း နေအိမ်များနှင့် လမ်းပေါ်တွင် ပေါက်ကွဲခဲ့ကြောင်း နဘတ်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ ရွာအနီး တိုက်ပွဲ နှစ်နှစ်ကျော်ကြာ မဖြစ်ပွားတော့သလို မည်သည့်အဖွဲ့အစည်းမှ ရွာထဲ မနေထိုင် ကြောင်း၊ ဗုံးကျရောက်ခဲ့သော နေအိမ်များတွင် ရှေးဟောင်းတိုက်ကြီးတစ်ခုပါဝင်ပြီး အသုံးမပြု နိုင်တော့ကြောင်း ရှင်းပြထားသည်။ သေဆုံးသူများမှာ အသက် ၆ ရက်သာ ရှိသေးသော ယောက်ျားလေးတစ်ဦး၊ အသက် ၇၇ နှစ်အရွယ် အဖွားအိုတစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြသည်။ ထို့ပြင် အသက် ၁၀ နှစ်အောက် ကလေးငယ် သုံးဦး အပါအဝင် စုစုပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူများတွင် သေဆုံးကလေးငယ်၏ မိခင်နှင့် သေဆုံးအမျိုးသမီး၏ ခင်ပွန်းလည်း ပါဝင်ကြောင်း သိရသည်။ ဗုံးကြဲမှုကြောင့် နေအိမ် ၉ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၄၀၀ ကျော်ရှိသော နဘတ်ကျေးရွာ လယ်ပိုင်းမှ ပြည်သူ ၅၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း နေထိုင်နေရကြောင်း သိရသည်။ ထို့အပြင် မတ်လ ၁၈ ရက်က မင်းကင်းမြို့နယ်၊ ရွာဘရွာ နှင့် မြောက်ချွန်းကျေးရွာ အကြားရှိ ရွှေမျောရောင်းဝယ်ရာ နေရာကို ဗုံးကြဲခံရမှုကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိခဲ့သေးကြောင်း သိရှိရသည်

 


ညောင်ဦးမြို့နယ်တွင် Local PDF ၄ ဖွဲ့ ပူးပေါင်း၍ “ပုဂံညောင်ဦး Local တပ်ပေါင်းစု” ဖွဲ့စည်း

မတ် ၂၁
The Kaladan Post
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေသော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Local PDF) ၄ ဖွဲ့ ပူးပေါင်း၍ “ပုဂံညောင်ဦး Local တပ်ပေါင်းစု” အဖြစ် မတ်လ ၁၉ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ပူးပေါင်းဖွဲ့စည်းခဲ့သော အဖွဲ့များမှာ 21 Bagan People Defense Force၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့ (DYT)၊ Garuda Secret Force (ပုဂံ/ဂဠုန်တပ်) နှင့် Tiger Warrior Force တို့ ဖြစ်သည်။ ဤတပ်ပေါင်းစုသည် မကွေးတိုင်းနှင့် မန္တလေးတိုင်းအတွင်း စစ်ရေး လှုပ်ရှားမှုများကို ပိုမိုစုစည်းအားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း 21 BAGAN – People Defense Force မှ တာဝန်ရှိသူက ပြောဆိုထားသည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပုဂံ-ညောင်ဦးဒေသတွင် နယ်မြေအချို့ လက်လွှတ်ထားရပြီး စစ်ကြောင်းထိုး၊ လုယက်၊ မီးရှို့၊ သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း ရှင်းပြရာ ယခင်ကထက် ပိုမိုပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု များဖြင့် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများကို ပြန်လည်ရယူ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့များ စုစည်းပြီး စစ်ကောင်စီကို တွန်းလှန်နေကြောင်း၊ လက်နက်ချ အလင်းဝင်သည်ဆိုသော ဝါဒဖြန့်ချိမှုများကို ပြည်သူများ မယုံကြည်ဘဲ စိတ်ဓာတ်မကျရန် လိုအပ်ကြောင်းဟု အဆိုပါ တာဝန်ရှိသူက အလေးပေး ပြောဆိုခဲ့သည်။ ထို့ပြင် မည်သည့်တော်လှန်ရေး အဖွဲ့နှင့်မဆို လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကအားဖြင့် ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများကို ပြည်သူများ မယုံကြည်ရန် တိုက်တွန်းထားသည်။

ယင်းမာပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၈၀ ဦးခန့် သေဆုံး

မတ် ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ပိုင်း ကျေးရွာပေါင်း ၃၀ ခန့်ကို တစ်လကျော်ကြာ စစ်ကြောင်းထိုး၊ မီးရှို့၊ လုယက်နေသော အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပခုက္ကူမြို့နယ် People Defense Force Column 1 က ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ဆန်းပိုင်းမှ စတင်ကာ လေကြောင်းပစ်ကူများဖြင့် ကျေးရွာများကို ဝင်ရောက် မီးရှို့၊ ပြည်သူပိုင်ပစ္စည်းများ လုယက်ခဲ့သော စစ်ကြောင်းကို ခရီးဝေး စစ်ကူပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီ ဘက်မှ အထိနာခဲ့ပြီး အင်အား အများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ရှင်းပြထားသည်။ ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော စစ်ကြောင်း အင်အား ၂၀၀ ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မီတာ ၃၀ အကွာ အနီးကပ် ပစ်ခတ်ခဲ့သဖြင့် မျက်မြင်တွေ့ရှိခဲ့ကြောင်း၊ အင်အား ၁၀၀ နီးပါး သေဆုံး၊ ၇၀ ခန့် ဒဏ်ရာရရှိ၊ ၃၀ ခန့်သာ ကောင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သေဆုံး၊ ဒဏ်ရာရသူများကို ပစ္စည်းကားများ ဖြင့် အကြိမ်ကြိမ် သယ်ယူ ပို့ဆောင်ခဲ့ရကြောင်း ပခုက္ကူ PDF တပ်ခွဲ (၃) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၁၇ နှင့် ၁၈ ရက်နေ့များတွင် ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ အသေခံဒရုန်း အကြိမ် ၃၀ ခန့်ဖြင့် နေ့ညမပြတ် ဗုံးကြဲ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ၆ နာရီနီးပါး ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁၉ ရက်တွင် စစ်တပ်စွဲထားရာ နေရာကို ထပ်မံ ဝင်ရောက်တိုက်ခိုက်ရာ ခဲယမ်းမီးကျောက်၊ စစ်အသုံးအဆောင်များနှင့် ချပ်ဝတ်တန်ဆာများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲကို ပခုက္ကူ PDF တပ်ခွဲ (၃) Column 1၊ ယင်းမာပင် အမှတ် (၁) စစ်ကြောင်း၊ ကနီ တပ်ရင်း (၂၀)၊ အာရက္ခတပ်တော် (AA)၊ ပခုက္ကူခရိုင် အမှတ် (၁၅) တပ်ရင်း၊ မြောက်ပိုင်းကျား ၅ ကောင် PDF နှင့် ဒေသခံ တပ်ရင်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၅ ဦး အသက်ပေးလှူခဲ့ရပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။ ပခုက္ကူ PDF မှ တာဝန်ရှိသူက ယင်းမာပင်မြို့ပေါ်တွင် စစ်ကောင်စီ တပ်များ ခြေရှုပ်နေဆဲ ဖြစ်သဖြင့် တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်း၊ ပြည်သူများ လုံခြုံရေး အသိ၊ သတိ အမြဲရှိကြရန်နှင့် သတိလက်လွတ် မနေကြရန် တိုက်တွန်းလိုကြောင်း ပြောဆိုထားသည်။

ရေဖြူမြို့နယ် ရားဖူးကျေးရွာတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မတ် ၂၁
The Kaladan Post
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေ လယ်ဒိုစိုးမြို့နယ် ဒဝယ်ခီးကျေးရွာအုပ်စု ရားဖူးကျေးရွာ (ရားဖူးရွာဟောင်း) တွင် စစ်ကောင်စီ တပ်စွဲထားရာ ပူးပေါင်းစစ်ကြောင်းက မတ်လ ၂၀ ရက်နေ့တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ ရွာအတွင်း တိုက်ပွဲ မဖြစ်ပွားခဲ့ဘဲ အရပ်သားနေထိုင်ရာ နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုလ မတ်လအတွင်း KNU တပ်မဟာ (၄) နယ်မြေတွင် စစ်ကောင်စီ တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် မတ်လ ၁၁ ရက်က သိမ်းပိုက်ခံရသော ဝင်း၀ စစ်ကောင်စီ တပ်စခန်း တိုက်ပွဲကာလအတွင်း သရက်ချောင်းမြို့နယ်အပါအဝင် နယ်မြေအတွင်း အရပ်သားနေထိုင်ရာ နေရာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင် အရပ်သား သေဆုံး၊ ထိခိုက်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်း KNU က ဓာတ်ပုံမှတ်တမ်း များနှင့်အတူ အသိပေး ထုတ်ပြန်ထားသည်။ စခန်းသိမ်းပိုက်ခံရပြီးနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ် လေကြောင်းဗုံးကြဲမှုအတွင်း သေဆုံးသူ ၅၀ ကျော် ရုပ်အလောင်းများ မထုတ်နိုင်၍ နေရာတွင်ပင် သဂြုဟ်မည်ဟုဆို

မတ် ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကသာမြို့ ရပ်ကွက် (၃) အတွင်း စစ်ဘေးရှောင်များ ခိုလှုံသည့် မဟာလေးထပ်ဘုန်းကြီး ကျောင်းကို မတ်လ ၂၀ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ သံဃာတော်များ၊ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။ ဗုံးကြဲချိန်တွင် သံဃာတော်များ ဆွမ်းဘုဉ်းပေးနေဆဲ ဖြစ်ပြီး ကျောင်းတွင် စစ်ရှောင်ပြည်သူ ၁၀၀ ကျော် ရှိနေခဲ့ ကြောင်း သိရသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို အဆောက်အအုံ ပြိုကျဖိပိတ်ထားမှု၊ မီးလောင်ကျွမ်းမှုနှင့် မိုးရွာသွန်းမှုကြောင့် မထုတ်ယူနိုင်သေးဘဲ ကျောင်းနေရာတွင်ပင် မီးသဂြုဟ်ရန် စီစဉ်နေကြောင်း ကသာမြို့တွင်းရှိသူများက ပြောဆိုထားကြသည်။ ဒဏ်ရာရရှိသူအချို့ကို စစ်တပ်က ကသာမြို့ အမှတ် (၂) ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကသာမြို့ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့တွင်း စစ်ရှောင်ရန် တိုက်တွန်းခဲ့သော်လည်း စစ်ကောင်စီက ပြည်သူများ ထွက်ခွာခွင့် တားဆီးခဲ့သည်။ ၂၀၂၆ နှစ် ဆန်းပိုင်း တွင် တော်လှန်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရာ စစ်ကောင်စီက မြို့အများစုကို ပြန်လည် ထိန်းချုပ်ထား ပြီး စစ်ထောက်ခံသူများက ပြည်သူများ ပြန်လာရန် လူမှုကွန်ရက်မှ တဆင့် ခေါ်ဆိုခဲ့ကြသည်။ သို့သော် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီက ပြည်သူများကို လူသားတံတိုင်း အသုံးချရန် ရည်ရွယ်နိုင် ကြောင်း သတိပေးခဲ့သည်။ စစ်ကောင်စီ လက်အောက်ခံ လူမှုကွန်ရက်အကောင့်များက ဗုံးကြဲမှုကို တော်လှန်ရေးအဖွဲ့များ ရှိနေခြင်းကြောင့်ဟု ဝါဒဖြန့်ချိနေသော်လည်း သေဆုံး၊ ဒဏ်ရာရသူအများစုမှာ သံဃာ၊ ကလေးငယ်နှင့် အရပ်သားများ ဖြစ်ကြောင်း တွေ့ရှိရသည်။