ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ Terminal ဆီဆိုင်ကြီး မီးလောင်ပျက်စီး၊ ကားများပါ မီးထဲပါဝင်ခဲ့

မတ် ၂၂
The Kaladan Post
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံအနီး ပြည်ထောင်စုလမ်းမပေါ်ရှိ Terminal စက်သုံးဆီအရောင်းဆိုင်တွင် မတ်လ ၂၁ ရက် ည ၉ နာရီ ၃၉ မိနစ်အချိန် ဆီဖြည့်နေသော ပရိုဘောက်စ် (Probax) ကားမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးကူးစက်ပြီး ဆီဆိုင်တစ်ခုလုံး လျှပ်တစ်ပြက်အတွင်း မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။ ဆီဆိုင်တွင် တစ်နေ့လျှင် ယာဉ်စီးရေ ၉၀၀ ကျော်အထိ ဆီဖြည့်နေရသည့် အချိန်တွင် ဆီတန်းစီနေသော ကားအချို့ပါ မီးလောင်ပျက်စီးခဲ့ပြီး ပတ်ဝန်းကျင်ရှိ G&G စတိုးဆိုင်နှင့် လမ်းဆုံမီးပွိုင့်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ပေါက်ကွဲသံများနှင့်အတူ မီးလောင်မှု မိနစ် ၁၀ မှ ၁၅ မိနစ်အတွင်း ပြင်းထန်ခဲ့ကာ ည ၁၀ နာရီဝန်းကျင် တွင် မီးအပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်သည်။မီးလောင်မှုအတွင်း ဒဏ်ရာရရှိသူအချို့ ရှိခဲ့ပြီး လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီရှားပါးမှုကြောင့် ဆီဆိုင်များတွင် ယာဉ်များ တန်းစီညအိပ်နေရသည့် အခြေအနေအောက်တွင် ဤကဲ့သို့ ဆီဆိုင်မီးလောင်မှု ဖြစ်ပွားလာခြင်းသည် ပြည်သူများအတွက် စိုးရိမ်စရာ ပိုမိုဖြစ်လာစေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကျောက်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေ

မတ် ၂၂
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် မတ်လ ၁၇ ရက်နေ့မှ စစ်တပ်က စတင် စစ်ကြောင်းထိုးဝင်ရောက် လာခဲ့ရာ ရွာပေါင်း ၁၀ ကျော်မှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ထားသည်။ စစ်ကြောင်းထိုးနေသော စစ်တပ်က လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် သဲဖြူရွာဟောင်း၊ သဲဖြူရွာသစ်၊ ရွှေတဲဆုရွာ၊ ပေါက်ကုန်းရွာ၊ ဇရပ်ခင်ရွာ၊ နံဇလေးရွာ၊ ရွာသာယာရွာ၊ သစ်တဲရွာ၊ နံဇရွာ နှင့် တလဲခင်ရွာ စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရကြောင်း ပြောဆို ထားသည်။ ထို့အပြင် ကျောက်ကြီးမြို့နယ်တွင် မတ်လ ၅ ရက်နေ့ကလည်း ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ ပူးပေါင်း စစ်ကြောင်းက ရေးတွင်းကုန်းကျေးရွာအုပ်စုအတွင်း အရပ်သား ပြည်သူ ၁၆၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူ ၃၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ တစ်ချိန်တည်းတွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း ထီးလူထာကျေးရွာကို စစ်တပ်က မတ်လ ၁၉ ရက်နေ့ ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် ဝဲချစ်၊ အသက် ၃၈ နှစ်အရွယ် ဇင်မင်းလတ် နှင့် အသက် ၄၅ နှစ်အရွယ် ဦးအေးလွင် တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်က ထုတ်ပြန်ထားသည်။ မတ်လ ၂၀ ရက်နေ့တွင်လည်း ထိုရွာကို ထပ်မံ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ ထိခိုက်မှု မရှိခဲ့ပေ၊ ဘက်ဖိုး ၂ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။


အားနည်းချက်များကို အားသာချက်အဖြစ်ပြောင်းလဲကာ ဆက်လက်တိုက်ပွဲဝင်မည်ဟု ဆလိုင်းထန်းချွန်းဖေ ပြောဆို

မတ် ၂၂
The Kaladan Post
ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေ က လက်ရှိ တော်လှန်ရေး အခြေအနေကို စိတ်ဓာတ်ကျစရာ မရှိဘဲ အောင်မြင်ရေးအတွက် အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲကာ ဆက်လက်ကြိုးစားကြရန် ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ချင်းညီနောင် ရန်ပုံငွေရှာဖွယ်ပွဲ့တွင် တိုက်တွန်း ထားသည်။ ဒီတော်လှန်ရေးခရီးသည် အရှိန်နှေးသွားသော်လည်း နောက်ဆုတ်ခြင်း မဟုတ်ကြောင်း၊ လုံးဝ အကျဘက်သို့ မသွားကြောင်း အလေးပေး ပြောကြားခဲ့သည်။ ဤအခြေအနေမျိုးကို လုံးဝ အပေါင်းလက္ခဏာ ဆောင်သည်ဟု ဆိုကာ ၂၀၂၁ ခုနှစ်က နယ်မြေ စိုးမိုးမှု မရှိခဲ့သော်လည်း ယခုအခါ မြို့များ သိမ်းပိုက်နိုင်ခြင်း၊ နယ်မြေ ထိန်းချုပ်နိုင်ခြင်းများကြောင့် လူထု ပူးပေါင်းပါဝင်မှု ပိုမို ခိုင်မာလာ ကြောင်း အသိပေးခဲ့သည်။ ချင်းညီနောင်အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်သော စစ်ဆင်ရေးများ ရပ်တန့်မည် မဟုတ်ကြောင်း၊ နောက်ထပ် စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး တိုက်ပွဲ ရပ်မည် မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။ စစ်ပွဲ၏ သဘောတရားအရ ကိုယ့်ဘက်တွင်သာ အမြဲနိုင် နေမည် မဟုတ်သောကြောင့် အားနည်းချက်များကို ရှာဖွေ၍ အားသာချက်အဖြစ် ပြောင်းလဲကာ ဆက်လက် တိုက်ပွဲဝင်ကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ချင်းညီနောင်အပါအဝင် တော်လှန်ရေး တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်သော နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) သည် စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်ရာတွင် ပိုမို အားကောင်းလာစေရန် ရည်ရွယ်ထားကြောင်း ဆလိုင်းထန်းချွန်းဖေ က အလေးပေး ပြောကြားခဲ့သည်။

TNLA နှင့် MNDAA တို့ အပစ်ရပ်သဘောတူညီချက်အား ဆက်ထိန်းသိမ်းရန် NUCC တိုက်တွန်း

မတ် ၂၂
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့သော ညီနောင်မဟာမိတ် အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကြား လောက်ကိုင်မြို့တွင် မတ်လ ၁၇ ရက်မှ ၂၀ ရက်အထိ ဆွေးနွေးညှိနှိုင်းပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်း သိရှိရသည်။ ဆွေးနွေးပွဲမှ ရရှိသော အဓိက သဘောတူညီချက် ၅ ချက်မှာ နှစ်ဖက်တပ်များ အပစ်ရပ်ရေး၊ ကွတ်ခိုင်မြို့ကို MNDAA တစ်ဖွဲ့သာ ဆက်လက်အုပ်ချုပ်ရေး၊ ဖမ်းဆီးခံရသော TNLA တပ်ဖွဲ့ဝင်များ လွှတ်ပေးရေး၊ မဟာမိတ်အဖြစ် ဆက်လက်သတ်မှတ်ရေး နှင့် တပ်နေရာချထားရေး တို့ ဖြစ်ကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက မတ်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဤ အပစ်ရပ်ရေး သဘောတူညီမှုကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ဤ ပြေလည်မှုသည် အစဉ်အလာ ကောင်းတစ်ခု ဖြစ်ကြောင်း၊ တော်လှန်ရေး အကျိုးစီးပွားကို ရှေးရှု၍ ဆက်လက် ထိန်းသိမ်းကြရန် မျှော်လင့်ကြောင်း တော်လှန်ရေး အချိန်အခါတွင် မဟာမိတ်များကြား နားလည်မှု၊ ကတိကဝတ်များ လေးစားလိုက်နာရန်နှင့် သစ္စာခိုင်မြဲရန် အရေးကြီးကြောင်း အလေးပေး ပြောဆိုခဲ့သည်။

ပုလောမြို့နယ်တွင် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးမိန်းမများထံမှ WY ဆေးပြား ၈၃၀၀ လုံး မီးရှို့ဖျက်ဆီး

မတ် ၂၂
The Kaladan Post
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီ၏ ပျူစောထီးအဖွဲ့ဝင်များနှင့် ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများ၏ ဇနီးများထံမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများကို ဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါ ဒေသတွင် ပျူစောထီးများနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ ဇနီးများထံမှ WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၃၀၀ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိ ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသော သက်သေခံ မူးယစ်ဆေးဝါးများကို မတ်လ ၂၁ ရက်နေ့တွင် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း ဌာနချုပ်တွင် အများရှေ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အဆိုပါတပ်ရင်း က ပြောဆို သည်။ မြိတ်ခရိုင်တပ်ရင်းအနေဖြင့် မူးယစ်ဆေးဝါးသည် ပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုရေး နှင့် လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေသောကြောင့် စစ်အာဏာရှင်စနစ်နှင့်အတူ မူးယစ်ဆေးဝါး ကြီးထွားမှုကိုပါ ပြတ်သားစွာ နှိမ်နင်းသွားမည်ဟု ဆိုသည်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ပျူစောထီးတွေ၊ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူး မိန်းမတွေဆီကနေ ဖမ်းဆီးထားကြောင်းနှင့် ရောင်းဝယ် ဖောက်ကားသူ အားလုံးကို ဖမ်းဆီးအရေးယူထားပြီး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ တရားစီရင်မှုဖြင့် ထောင်ချ အရေးယူထားသည်ဟု တပ်ရင်းက ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းအနေဖြင့် စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းရေးနှင့်အတူ ပြည်သူလူထု ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုပါ တစ်ပြိုင်နက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်၊ ရောင်းဝယ်၊ သုံးစွဲမှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များရရှိပါက လုံခြုံရေး သတိဖြင့် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းထံ ဆက်သွယ် သတင်းပေးပို့၍ ပူးပေါင်း ကူညီကြရန် မေတ္တာရပ်ခံ ထားကြောင်း သိရှိရသည်။

KNU တပ်မဟာ (၅) နယ်မြေတွင် စစ်တပ်စခန်း ၂ ခု သိမ်းပိုက်ခဲ့ပြီး စစ်သား ၄၉ ဦး သေဆုံး

မတ် ၂၂
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင် (မူတြော်) အတွင်း စစ်တပ်၏ ကော်သွေးကျိုး စခန်းနှင့် ကဘောတူ စခန်းတို့ကို မတ်လလယ်ပိုင်းမှ စတင်ကာ KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကော်သွေးကျိုး စခန်းကို မတ်လ ၁၇ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မူတြော်ခရိုင်က ပြောဆိုသည်။တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး အဆင့်အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄၉ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။ စစ်တပ်က လေကြောင်းပစ်ကူ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။ လက်ရှိ နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းရန် ကြောင့် ဒေသခံ ထောင်ပေါင်းများစွာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

ကရင်ပြည်နယ်၊ KNLA တပ်မဟာ (၆) နယ်မြေတွင် အခြေခံစစ်သင်တန်း ဆင်းပွဲ အောင်မြင်စွာ ကျင်းပ

မတ် ၂၂
The Kaladan Post
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) နယ်မြေအတွင်း အခြေစိုက်သည့် အထူးဗျူဟာအမှတ် (၂) ၏ အခြေခံစစ်သင်တန်း ဆင်းပွဲကို မတ်လ ၂၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဆင်းပွဲကို KNLA တပ်မဟာ (၆) ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောရန်နိုင် (ခ) စောနယ်ဒါးထူး ကိုယ်တိုင် ဦးဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သင်တန်း တွင် တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၀)၊ တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) တို့မှ ရဲဘော် စုစုပေါင်း ၄၅၃ ဦး တက်ရောက်ခဲ့ပြီး အခြေခံစစ်ပညာရပ်များကို စနစ်တကျ သင်ယူ မြောက်မြား နိုင်ခဲ့ကြသည်။ အခမ်းအနားတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး စောရန်နိုင်က သင်တန်းဆင်း ရဲဘော်များ အနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်၊ အမျိုးသားရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပြည်သူကို ဗုံးကြဲရန် စစ်တပ်က သုံးလအတွင်း လေယာဉ်ဆီ ဒေါ်လာ ၄.၁၆ သန်း အသုံးပြု

မတ် ၂၂
The Kaladan Post
စစ်ကောင်စီ၏ တိုက်လေယာဉ်အုပ်စု တစ်ခုတည်းအတွက် ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ သုံးလတာကာလအတွင်း လေယာဉ်ဆီ အင်ပီယီရယ်ဂါလံ (IG) ၁.၉၄ သန်းကျော် သုံးစွဲခဲ့ပြီး ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄.၁၆ သန်းကျော် ($4,160,435) ရှိခဲ့ကြောင်း သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign – BMC) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ လေယာဉ်ဆီ သုံးစွဲမှုများသည် အရပ်သားများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း BMC က ဆိုသည်။ ပျံသန်းမှု မှတ်တမ်းများအပေါ် အခြေခံတွက်ချက်ထားပြီး လေယာဉ် တင်ဆောင်အလေးချိန်ပေါ်မူတည်၍ ဆီ ပိုမိုသုံးစွဲနိုင်ကြောင်း ရှင်းလင်းထားသည်။ တိုက်လေယာဉ်များ အနက် ဆီအသုံးအများဆုံးမှာ ရုရှားထုတ် Su-30SME ဖြစ်ပြီး တစ်နာရီလျှင် ၁,၅၀၀ IG သုံးစွဲရကာ MiG-29 (၉၀၀ IG)၊ JF-17 နှင့် F-7M (၆၀၀ IG)၊ A-5 (၅၅၀ IG)၊ Yak-130 (၄၀၀ IG)၊ FTC-2000G (၃၅၀ IG)၊ K-8 (၃၀၀ IG) နှင့် G-4 (၂၀၀ IG) တို့ ဖြစ်ကြောင်း သိရသည်။ လေယာဉ်ဆီ ၁ IG ကို အရှေ့ အလယ်ပိုင်း စစ်ပွဲမဖြစ်မီ ကမ္ဘာ့ပျမ်းမျှ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂.၁၅ ဝန်းကျင်ဖြင့် တွက်ချက်ထား ပြီး တစ်နာရီ ပျံသန်းရန် ဒေါ်လာ ၅၀၀ မှ ၃,၅၀၀ အထိ ကုန်ကျနိုင်ကြောင်း ဖော်ပြထားသည်။ ဤ ကုန်ကျစရိတ်သည် လေယာဉ်ဆီသာ ပါဝင်ပြီး ဗုံး၊ လက်နက်၊ ပြုပြင်ထိန်းသိမ်းမှု စသည့် အခြားကုန်ကျ စရိတ်များ မပါဝင်သေးကြောင်း BMC က အသိပေးထားသည်။ဤ လေယာဉ်ဆီ သုံးစွဲမှုများသည် အရပ်သားများအပေါ် ဆက်လက်ကျူးလွန်နေသော ရက်စက်မှုများကို ထောက်ပံ့နေသည့် “သွေးစွန်းငွေ” ဖြစ်ကြောင်း BMC က ဝေဖန်ထားသည်။