တမုတ်ချုံရွာတွင် စစ်တပ် တပ်စွဲရာနေရာ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံး
မတ် ၅
The Kaladan Post
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာတွင် စစ်တပ် တပ်စွဲ့သည့် နေရာကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၈ ရက်အထိ ၈ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲများ အတွင်း PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်တွင်လည်း ထပ်မံ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် စစ်ကောင်စီ ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ တာဝန်ရှိသူက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)၊ ကော့သောင်းခရိုင် တပ်ရင်း (၁)၊ Dragon Squad ဒရုန်းတပ်ဖွဲ့၊ ADF ဒရုန်းတပ်ဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖနှင့် ကျွန်းစုမြို့နယ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာပြည်သူများအတွက် လူသားချင်းစာနာအကူအညီ တိုးမြှင့်ရန် CHRO တောင်းဆို
မတ် ၅
The Kaladan Post
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling သည် မတ်လ ၃ ရက် နေ့က ဩစတြေးလျ အထက်လွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီ၏ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ကြားနာပွဲတွင် သက်သေထွက်ဆိုခဲ့သည်။ Salai Za Uk Ling က စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာကြောင်း ထောက်ပြပြီး၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်တစ်ခုတည်းတွင်ပင် လေကြောင်းတိုက်ခိုက်မှု ၄၀ ကျော်ရှိခဲ့ကာ ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ထို့ပြင် စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းလမ်းမကျ၊ ယုံကြည်စိတ်ချရမှု ကင်းမဲ့နေကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မြို့နယ် ၉ ခုအနက် ၈ ခုတွင် မဲပေးနိုင်ခဲ့ သော်လည်း ၂၀၂၅ တွင် မြို့နယ် ၂ ခုတွင်သာ မဲပေးနိုင်ခဲ့ပြီး ဟားခါးမြို့တွင် မဲပေးသူ ဦးရေ ၇၂ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိခဲ့ကာ ကြိုတင်မဲများကိုလည်း ခြိမ်းခြောက်ပေးခိုင်းခဲ့ကြောင်း ဆလိုင်း ဇအုပ်လင်းက သက်သေထွက်ဆိုခဲ့သည်။ ချင်းပြည်နယ်လူဦးရေ၏ ထက်ဝက်နီးပါး စစ်ဘေးရှောင် နေရကာ ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်ရာ ပြည်နယ်အတွင်း ဘုရားကျောင်း ၁၄၀ ကျော် ဖျက်ဆီးခံရခြင်းမှာ လူမျိုးစုတစ်ခုလုံးအပေါ် အစုအဖွဲ့လိုက် အပြစ်ပေးသည့် လုပ်ရပ်ဖြစ်ကြောင်း CHRO က ထောက်ပြခဲ့သည်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စတင် မဟုတ်ဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဟာ ဒီဒေသမှာ သာမန်ကိစ္စတစ်ခုလို ဖြစ်မ သွားစေဖို့ ပိုအရေးကြီးကြောင်း ဟု ဆလိုင်းဇအုပ်လင်းက ပြောဆိုသည်။ CHRO အနေဖြင့် ဩစတြေးလျအစိုးရကို စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲ ရလဒ်များကို ရှင်းလင်းစွာ ငြင်းပယ်ရန်၊ အရပ်သားများကို တိုက်ခိုက်ရာတွင် အသုံးပြုသော လေယာဉ်ဆီ တင်သွင်းမှုကို ကန့်သတ်ရန်၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ပေးရန်၊ စစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ ပေးပို့ရန်နှင့် တရားဥပဒေအရ အရေးယူနိုင်ရေး ထောက်ခံပေးရန် တောင်းဆိုခဲ့သည်။

KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ KNLA တပ်ရင်း (၁၂) ရဲဘော် ၅ ဦး ဒဏ်ရာရဟု KNU ပြော
မတ် ၅
The Kaladan Post
တနင်္သာရီတိုင်း၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ သမီးပေါ်သောကျေးရွာနှင့် ကနဲဃောကျေးရွာကြား တွင် မတ်လ ၄ ရက် ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) တပ်ရင်း(၁၂) ရဲဘော်များကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော ကော်သူးလေးတပ် မတော် (KTLA) အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုသည် KNLA ရဲ ဘော်များက စစ်ကောင်စီတပ်နှင့် စစ်ရေးဖော်ဆောင်နေစဉ် စစ်အင်အားဖြည့်တင်းရန် သွားလာနေချိန် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU ခရိုင်က ရှင်းလင်းထားသည်။ လက်ရှိတွင် KNLA ပူးပေါင်းတပ် များသည် သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေး ဖေဖော်ဝါရီလ က တည်းက ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်းသိရသည်။ KTLA အဖွဲ့သည် ယခင်ကလည်း KNU မြိတ်ထားဝယ်ခရိုင်၊ KNLA တပ်မဟာ(၄) ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး အရာရှိအပါအဝင် ရဲဘော်များ ကျဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း တပ်မဟာ(၄) သတင်းရင်းမြစ်က ဆိုသည်။ ၂၀၂၆ ဇန်နဝါရီ ၅ ရက်တွင် KTLA က ကော်သူးလေအစိုးရ (Government of Kawthoolei) ဖွဲ့စည်းကာ ကော်သူးလေလွတ်လပ်ရေးနေ့ ကြေညာခဲ့သော်လည်း KNU က ယင်းလုပ်ရပ်သည် မိမိတို့နှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့သည်။

စစ်တပ်က CEIR စနစ်ဖြင့် မိုဘိုင်းအသုံးပြုသူများကို စောင့်ကြည့်မည့်ဟု ကြေညာ
မတ် ၅
The Kaladan Post
စစ်တပ်က ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register – CEIR) ကို အသုံးပြုမည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုသူ များကို စောင့်ကြည့်ရန်နှင့် ဖုန်းဟန်းဆက်များအပေါ် အခွန်ကောက်ခံမည်ဟု ထုတ်ပြန်ခဲ့သည်။ CEIR စနစ်သည် ဖုန်းတစ်လုံးချင်း၏ IMEI နံပါတ်များကို ဗဟိုမှ ထိန်းချုပ်မှတ်ပုံတင်ပေးသည့် စနစ်ဖြစ်ပြီး ဖုန်းပျောက်ဆုံး သို့မဟုတ် ခိုးယူခံရပါက လှမ်းပိတ်နိုင်သည့် အကျိုးရှိသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် စစ်ကောင်စီက IMEI နှင့် ကိုယ်ရေးအချက်အလက်များကို ချိတ်ဆက်ကာ ပိုမိုစောင့်ကြည့်နိုင်မည်ဟု နည်းပညာကျွမ်းကျင်သူများက သတိပေးထားသည်။ ဆင်းကတ်သာမက ဖုန်းဟန်းဆက်ကိုပါ မှတ်တမ်းတင်မည်ဖြစ်ရာ အသုံးပြုသူများကို ပိုမိုတိကျစွာ ခြေရာခံနိုင်မည်ဟု ဆိုသည်။ လက်ရှိ အသုံးပြုနေသော ဖုန်းများကို ၂၀၂၆ မတ်လ ၃၁ ရက်နောက်ဆုံးထား၍ CEIR စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ဆင်းကတ်ထည့်အသုံးပြုထားပါက အလိုအလျောက် စာရင်း ထည့်သွင်းပေးမည်ဖြစ်ကာ အခွန်မလိုအပ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ သို့သော် မတ်လ ၃၁ ရက်နောက်ပိုင်း ဆင်းကတ်မထည့်ပါက သို့မဟုတ် မှတ်ပုံတင်မထားပါက ဧပြီ ၁ ရက်မှစ၍ MPT၊ ATOM၊ Ooredoo၊ Mytel ကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်တော့မည် မဟုတ်ဟု စစ်တပ် က ပြောဆိုသည်။ မတ်လ ၃၁ ရက်နောက်ပိုင်း ပြည်တွင်းရောက်လာသော ဖုန်းဟန်းဆက်များအတွက် အခွန်ကောက်ခံမည်ဖြစ်ပြီး အသစ်ဝယ်ယူသည့်၊ ပြည်ပမှ တင်သွင်းသည့်နှင့် နိုင်ငံခြားမှ ပါရှိလာသော ဖုန်းများအတွက် တန်ဖိုးအလိုက် အကောက်ခွန် (CD) ၅%၊ ကုန်သွယ်လုပ်ငန်းခွန် (CT) ၅.၂၅%၊ ရွေးယူခ ဒဏ်ကြေး (RF) ၂၅% စုစုပေါင်း ၃၅.၂၅% ပေးဆောင်ရမည်ဖြစ်သည်။ ဖုန်း IMEI နံပါတ်ကို CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးလိုပါက https://www.ceir.gov.mm ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်သိရှိလိုပါက CEIR Call Center ဖုန်း ၁၈၇၇ နှင့် ၁၈၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပြီး အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် EU တောင်းဆို
မတ် ၅
The Kaladan Post
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုလျှော့ချ ရေး၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရေးတို့ကို ဆက်လက် ထောက်ခံ အားပေး လျက်ရှိကြောင်း ယနေ့ မတ်လ ၅ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ ထုတ်ပြန်သည်။ စစ်ကောင်စီက မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူ ၇,၃၃၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အဆိုပါပုဒ်မများဖြင့် တရားစွဲဆို ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၁၂,၄၈၇ ဦး၏ အမှုများကိုလည်း ပိတ်သိမ်းခဲ့ကြောင်း ကြေညာခဲ့သည်။ ဤလွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုပိတ်သိမ်းမှုများကို ကြိုဆိုကြောင်း ဖော်ပြသော် လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပါအဝင် အဓိက နိုင်ငံရေးခေါင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားသည်ဟု EU က ထောက်ပြခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးသမားများကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထား ခဲ့တာ ဖြစ်ပြီး မကြာမီ သူတို့ကို လွှတ်လာမည်ဟု သုံးသပ်မှုများသည်။ EU က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျှော့ချရေး၊ နိုင်ငံရေးအကျဉ်းသားများ အပြည့်အဝ လွှတ်ပေးရေးနှင့် ပါတီအားလုံး ပါဝင်နိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်ရန်ကို ဆက်လက် တောင်းဆိုလျက်ရှိကြောင်း အလေးပေး ထုတ်ပြန်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် စစ်သုံ့ပန်းအကျဉ်းစခန်း စစ်တပ် လေကြောင်းတိုက်ခိုက်ရာ ၅ ဦး သေဆုံး
မတ် ၅
The Kaladan Post
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တောင်ပိုင်း BP 13 ကုန်သွယ်ရေးဇုန်အနီး စစ်သုံ့ပန်းအကျဉ်းစခန်းကို ယနေ့ မတ်လ ၅ ရက် နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့က Y12 ကင်းထောက်လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲပြီးနောက် ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ စစ်သုံ့ပန်းအကျဉ်းစခန်းသည် ဖားဆောင်းမြို့ တိုက်ပွဲအတွင်း ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထိန်းသိမ်းထားသည့် နေရာဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင်လည်း နမ့်ဆန်လေတပ်စခန်းမှ ဂျက်ဖိုက်တာများနှင့် Y12 ကင်းထောက်လေယာဉ်များ ဆက်လက် ပျံဝဲနေဆဲ ဖြစ်ကြောင်း ကရင်နီ ပြည်ကြားကာအုပ်ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ထပ်မံ အသိပေးထားသည်။

မိုးကုတ်-မိုးမိတ်ဒေသများတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်
မတ် ၅
The Kaladan Post
မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်များတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များနှင့် အတူတိုက်ပွဲဝင်နေကြောင်း Sagaing PDF က အသိပေးထားသည်။ မိုးကုတ်နှင့် မိုးမိတ်မြို့များကို TNLA က စစ်ကောင်စီထံ ပြန်အပ်ပြီးနောက်ပိုင်း MOD အမိန့်ဖြင့် လက်အောက်ခံ အထူးလှုပ်ရှားတပ်များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်း PDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ ထို့အပြင် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင်ဖြစ်သော စစ်ကိုင်း PDF အပြင် မုံရွာဒေသအခြေစိုက် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BNDF) တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီတပ်သား (၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းများကို ဆေးဝါးကုသမှုပေးကာ စနစ်တကျ ထိန်းသိမ်းထားကြောင်း MOD က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မိုးကုတ်မြို့နယ် တောင်ဘက် သပိတ်ကျင်းမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်မ (၅၅) က တိုက်ပွဲဝင်နေကြောင်း သိရှိရသည်။ တော်လှန်ရေးတပ်များက ဒေသတွင်း စစ်ကောင်စီ၏ ထောက်ပံ့ရေးနှင့် ကွပ်ကဲမှုစနစ်များကို အဆက်မပြတ် တိုက်ခိုက်လျက်ရှိသည်။

မင်းအောင်လှိုင်၏ စက်သုံးဆီ ချွေတာရေး အစီအမံကြောင့် ပြည်သူများ အခက်အခဲ ကြုံနေ
မတ် ၅
The Kaladan Post
ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်ရန် မရှိဘဲ အရန်ဆီ ရက် ၄၀ စာ ရှိနေကြောင်း၊ တစ်ရက်လျှင် သုံးစွဲမှု ၃.၂ သန်း ဂါလန်ခန့်အတွက် ဓာတ်ဆီ သန်း ၆၀ နှင့် ဒီဇယ်ဆီ သန်း ၇၀ စုပုံထားရှိ ပြီး ဆိပ်ကမ်းတွင် သင်္ဘော ၂ စီး ဆိုက်ကပ်ထားပြီးဖြစ်ကာ သင်္ဘော ၁၄ စီး ရောက်ရှိလာမည်ဟု မတ်လ ၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။ သို့သော်လည်း ပြည်သူများက မည်သို့ပင်ဆိုစေ ယုံကြည်မှု မရှိဘဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီဆိုင်များတွင် မနက်စောစော မှ တန်းစီ ဝယ်ယူနေကြပြီး လိုသလောက် မရရှိကြောင်း သိရသည်။ အချို့ဆိုင်များတွင် ဒီဇယ်မရသည့် အပြင် ငွေ ၃ သောင်း သို့မဟုတ် ၅ သောင်းဖိုးသာ ရောင်းချပေးကာ မနက်ပိုင်းတွင် ဆီကုန်ပြီဟု ပြန်လှည့်ခိုင်းနေရကြောင်း သိရသည်။ စစ်တပ်က မတ်လ ၇ ရက်မှ စတင်ကာ ပုဂ္ဂလိကယာဉ်များကို နံပါတ်ပြားအလိုက် စုံရက်နှင့် မရက် ခွဲခြားမောင်းနှင်ရန် ထုတ်ပြန်ထားပြီး စုံဂဏန်း ပါသော ယာဉ်များ ကို စုံရက်တွင်သာ၊ မဂဏန်း ပါသော ယာဉ်များကို မရက်တွင်သာ ခွင့်ပြုမည်ဖြစ်သည်။ အလုပ်သွား အပြန်၊ ကျောင်းကြို/ပို့၊ ကုန်စည်ဖြန့်ဖြူး၊ လူနာတင်ယာဉ် စသည့် လိုအပ်သော ယာဉ်များအတွက် ထောက်ခံစာဖြင့် နေ့စဉ် သွားလာခွင့်ပြုမည်ဟု နောက်ဆက်တွဲ ထုတ်ပြန်ခဲ့သော်လည်း ထောက်ခံစာ အမျိုးအစားနှင့် လုပ်ထုံးလုပ်နည်း မရှင်းလင်းမှုများကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှု မြင့်တက် နေသည်။ ထို့ပြင် ကရင်ပြည်နယ် ဘားအံ-မြဝတီ လမ်းကြောင်းတွင် စစ်ကောင်စီ တပ်များက မှောင်ခို လမ်းကြောင်းမှ တင်သွင်းလာသော စက်သုံးဆီကားများကို လိုက်လံ ဖမ်းဆီးသိမ်းဆည်းနေကြောင်း ကရင်သတင်းရင်းမြစ်များက ဆိုသည်။ ထိုင်းနိုင်ငံမှ တရားဝင် တင်ပို့မှု ရပ်ဆိုင်းပြီးနောက် မှောင်ခိုလမ်း ကြောင်းများမှ တင်သွင်းနေသော်လည်း စစ်တပ်က ဟန့်တားနေပြီး BGF နှင့် အချို့ ကရင်အဖွဲ့များက သာ ငွေကြေးပေးကာ ခွင့်ပြုချက်ရယူ သယ်ယူနေကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် စက်သုံးဆီ ရရှိရေး အခက်အခဲ၊ တန်းစီ ဝယ်ယူရမှု၊ ပြင်ပပေါက်ဈေး မြင့်တက်မှုနှင့် ချွေတာရေး စည်းကမ်းများကြောင့် ပြည်သူများ နေ့စဉ်ဘဝ ထိခိုက်နေပြီး စစ်ကောင်စီ၏ ရှင်းပြချက်များကို ယုံကြည်မှု နည်းပါးနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပုလဲမြို့နယ်တွင် စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံး
မတ် ၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀ လုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ပိတောက်ကုန်းကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် အဖိုးအိုတစ်ဦးနှင့် အဖွားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အိမ်ခြေ ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ အလားတူ ယင်းနေ့ ညနေ ၉ နာရီခန့်တွင် မရိုးတုံးကျေးရွာကို ပါရာမော်တာ စက်တပ်လေထီး (paramotor) နှစ်စီးဖြင့် ဗုံးပတ်ကြဲချ တိုက်ခိုက်ခဲ့ ရာ ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်။ ပုလဲမြို့နယ်အတွင်း ကျေးရွာ ၂၀ ကျော်မှ ဒေသခံသောင်းချီ စစ်ရှောင်နေကြသည့် အပြင် လေယာဉ်များ ဆက်လက်ပျံသန်းနေဆဲဖြစ်ကာ ဒေသခံများမှာ လုံခြုံရေး စိုးရိမ်မှုများဖြင့် နေ့စဉ်ရင်ဆိုင်နေရကြောင်း သိရသည်။
