မတ် ၅
The Kaladan Post
အမေရိကန် အထက်လွှတ်တော်အတွင်း ကျင်းပနေသည့် အီရန်စစ်ပွဲနှင့် ပတ်သက်သော ကြားနာမှုတစ်ခုတွင် စစ်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့သည့် အမျိုးသားတစ်ဦးကို လွှတ်တော်ရဲတပ်ဖွဲ့က အင်အားသုံး ဆွဲထုတ်ဖယ်ရှားခဲ့ကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် အသက် ၄၄ နှစ်အရွယ် ဘရိုင်ယန် မက်ဂင်းနစ်က ကြားနာပွဲအတွင်း ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဖယ်ရှားရာတွင် အထက်လွှတ်တော်အမတ် တင်မ်ရှီဟီကလည်း ရဲတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းကူညီခဲ့သည်။ အဆိုပါ အမျိုးသားသည် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ရန်မူရန် ကြိုးပမ်းခဲ့သဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် မိမိက ဝင်ရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း အမတ်ဖြစ်သူ ရှီဟီက လူမှုကွန်ရက် X တွင် ရေးသားထားပါသည်။
ဖမ်းဆီးခံရသူ ဘရိုင်ယန် မက်ဂင်းနစ်သည် ဂရင်းပါတီ (Green Party) ကိုယ်စားပြု အမတ်လောင်းတစ်ဦးဖြစ်သလို မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း လွှတ်တော်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ၎င်းသည် ရဲအရာရှိများကို ရန်မူမှု၊ ဖမ်းဆီးမှုကို ခုခံမှုနှင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုတို့ဖြင့် တရားစွဲဆိုခံရမည်ဖြစ်ပြီး အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ရဲအရာရှိ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မက်ဂင်းနစ်သည် ကြားနာပွဲမတိုင်မီ ၎င်း၏ လူမှုကွန်ရက်တွင် ဗီဒီယိုတစ်ခု တင်ခဲ့ပြီး နိုင်ငံရေးသမားများအနေဖြင့် ကမ္ဘာစစ်ဖြစ်လာနိုင်မည့် အခြေအနေများသို့ စစ်မှုထမ်းများကို အဘယ်ကြောင့် တွန်းပို့နေသနည်းဆိုသည်ကို လွှတ်တော်တွင် မေးခွန်းထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည့် ဗီဒီယိုမှတ်တမ်းများအရ မက်ဂင်းနစ်ကို ရဲများက ဖယ်ရှားရန် ကြိုးပမ်းစဉ် ၎င်းက ခန်းမတံခါးကို အတင်းကုတ်တွယ်ထားရင်း “အစ္စရေးအတွက် ဘယ်သူမှ တိုက်မပေးချင်ဘူး” ဟု အော်ဟစ်နေခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ရုန်းကန်နေစဉ်အတွင်း မက်ဂင်းနစ်၏ လက်မှာ တံခါးကြားတွင် ညပ်နေခဲ့ပြီး ကြားနာပွဲ တက်ရောက်လာသူအချို့ကလည်း အထက်လွှတ်တော်အမတ် ရှီဟီသည် မရိန်းစစ်သားဟောင်း၏ လက်ကို ချိုးလိုက်ပြီဟု စွပ်စွဲအော်ဟစ်မှုများလည်း ရှိခဲ့သည်။
လွှတ်တော်ရဲတပ်ဖွဲ့ကမူ ကြားနာပွဲအတွင်း ကျင့်ဝတ်ဖောက်ဖျက်ပြီး ဥပဒေမဲ့ ဆန္ဒပြမှုများသည် အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် လွှတ်တော်ခန်းမအတွင်း ဆန္ဒပြမှုကို ခွင့်မပြုဘဲ သတ်မှတ်ထားသည့် အပြင်ဘက်နေရာများတွင်သာ ဆောင်ရွက်ရန် ထုတ်ပြန်ထားပါသည်။
ကိုးကား: NBC
ဓာတ်ပုံ – Getty Images