ဩဂုတ် ၁၉၊ ၂၀၂၆

The Kaladan Post

သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးလေ့ကျင့်မှုများတွင် အမေရိကန်၏ ပါဝင်မှုကို သိသိသာသာ လျှော့ချရန် ညွှန်ကြားခဲ့ပြီးနောက် နှစ်စဉ် ပြုလုပ်မြဲ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကာလကို ၁၁ ရက်မှ ၅ ရက်သို့ လျှော့ချသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန် မဟာမိတ်နှစ်နိုင်ငံက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့က စတင်ခဲ့သည့် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို မူလသတ်မှတ်ထားသည့် ဩဂုတ်လ ၂၇ ရက်နေ့အစား ဩဂုတ်လ ၂၁ ရက်နေ့တွင် အဆုံးသတ်မည် ဖြစ်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂျူဘတ် (Ahn Gyu-back) က စစ်ရေးလေ့ကျင့်မှု၏ ဒုတိယအဆင့် တုံ့ပြန်တိုက်ခိုက်မှု စစ်ဆင်ရေးများကို ပယ်ဖျက်ရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိက ကိုရီးယား စီးပွားရေး အင်စတီကျူးမှ အကြီးတန်း သုတေသီ အယ်လန် ကင် (Ellen Kim) က “ထရမ့်ဟာ ဒီနေရာမှာ ခဲတစ်ပစ် ငှက်သုံးကောင် ရအောင် ဖမ်းဖို့ ကြိုးစားနေတာပါ” ဟု သုံးသပ်ထားပါတယ်။ သမ္မတ ထရမ့်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ယခု ဆောင်းဦးကာလတွင် လူကိုယ်တိုင် တွေ့ဆုံရန် ပြင်ဆင်နေကြောင်းလည်း သတင်းများတွင် ဖော်ပြကြပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန KCNA ကမူ အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို “စစ်မီးမွှေးသူများ” (warmongers) ဟု စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှု လျှော့ချသည့် အချိန်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) သည် ဒေသတွင်း လုံခြုံရေး ဆွေးနွေးရန် တောင်ကိုရီးယားသို့ ရောက်ရှိနေကြောင်း သိရပါတယ်။

Source – Reuters