ဩဂုတ် ၂၀၊ ၂၀၂၆

The Kaladan Post

ယူကရိန်းတွင် အရပ်သားများနှင့် ကူညီကယ်ဆယ်ရေး ဝန်ထမ်းများအပေါ် ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်မှု မြင့်တက်လာခြင်းသည် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စိုးရိမ်ဖွယ်ရာ အတားအဆီး ဖြစ်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ တွမ် ဖလက်ချာ (Tom Fletcher) က ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၉ ရက်) တွင် သတိပေးလိုက်ပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်သည့် ခါဆွန် (Kherson) မြို့သို့ သွားရောက်ခဲ့အပြီး ၎င်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်ကို “တော်တော်လေး ထိတ်လန့်စရာကောင်းတယ်” (quite chilling) ဟု တင်စားခဲ့ပါတယ်။ ဖလက်ချာ က “ဒရုန်းတွေဟာ အရပ်သားတွေအတွက် တင်မကဘဲ သူတို့ကို ကာကွယ်ပေးဖို့ ရောက်နေတဲ့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေအတွက်ပါ တကယ့် အန္တရာယ်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအနေဖြင့် ယခုနှစ်အတွင်း ယူကရိန်း အရေးပေါ် ကူညီရေးအတွက် ဒေါ်လာ ၂ ဘီလီယံကျော် လိုအပ်နေပြီး ဆောင်းရာသီ နီးကပ်လာချိန်တွင် လျှပ်စစ်နှင့် ရေပေးဝေရေး အခြေခံအဆောက်အအုံများ ပျက်စီးနေမှုကို စိုးရိမ်နေပါတယ်။ ကမ္ဘာတစ်ဝန်း လူသားချင်း စာနာမှု လိုအပ်ချက်များအတွက် ဒေါ်လာ ၂၃ ဘီလီယံ လိုအပ်သော်လည်း ၁၁ ဘီလီယံခန့်သာ ရရှိသေးကြောင်း သိရပါတယ်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ကူညီကယ်ဆယ်ရေး ဝန်ထမ်း ၁,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၉၀၇ ဦး တိုက်ခိုက်ခံခဲ့ရကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဖလက်ချာက “လက်နက်ပစ်ခတ်ခဲ့သူ ဒါမှမဟုတ် ဒရုန်းကို မောင်းနှင်ခဲ့သူတွေကို စုံစမ်းစစ်ဆေးတာမျိုး တွေ့ချင်ပါတယ်” ဟု တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Source – AP