ဩဂုတ် ၂၀၊ ၂၀၂၆
The Kaladan Post
အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်း အစိုးရ ကြွေးမြီ ပမာဏသည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၄၀ တရီလီယံ ကျော်လွန်သွားခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ အချက်အလက်များအရ စုစုပေါင်း ကြွေးမြီပမာဏမှာ ဒေါ်လာ ၄၀.၀၄၇ တရီလီယံ ရှိခဲ့ပါတယ်။ ယခု ကြွေးမြီပမာဏသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ဒေါ်နယ်ထရမ့် စတင် တာဝန်ယူချိန်က ၁၉.၉၅ တရီလီယံ ရှိခဲ့ရာမှ ၁၀ နှစ်မပြည့်မီ ကာလအတွင်း နှစ်ဆကျော် တိုးတက်လာခြင်း ဖြစ်ပါတယ်။
တာဝန်သိ ဘဏ္ဍာရေး ကော်မတီဥက္ကဋ္ဌ မာယာ မက်ဂီးနီးစ် (Maya MacGuineas) က “ကြွေးမြီ ဒေါ်လာ ၄၀ တရီလီယံဆိုတာ အစိုးရ စာရင်းဇယားတွေမှာတင် ရှိနေတာ မဟုတ်ပါဘူး၊ စီးပွားရေးစနစ်တစ်ခုလုံးနဲ့ ပြည်သူတွေရဲ့ အိတ်ကပ်အထိ နည်းလမ်းပေါင်းစုံနဲ့ ရိုက်ခတ်နေတာပါ” ဟု ပြောကြားခဲ့ပါတယ်။ ၎င်းက ချေးငွေ ပိုမို ရယူခြင်းသည် ငွေကြေးဖောင်းပွမှုကို ပိုမို ဆိုးရွားစေသည်ဟု ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
သမ္မတ ထရမ့်၏ သက်တမ်းနှစ်ခုအတွင်း ကြွေးမြီ ဒေါ်လာ ၁၁.၆ တရီလီယံ တိုးတက်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင် သက်တမ်းတွင် ၈.၄ တရီလီယံ တိုးတက်ခဲ့ပါတယ်။ သမ္မတ ထရမ့်ကမူ စတော့စျေးကွက် မတည်ငြိမ်မှုအပေါ် စိုးရိမ်မှုမရှိကြောင်း ပြောဆိုခဲ့ပြီး “ကျွန်တော်တို့မှာ အလွန် အင်အားတောင့်တင်းတဲ့ နိုင်ငံရှိပါတယ်… ကျွန်တော်တို့ နိုင်ငံ တောင့်တင်းနေချိန်မှာ အတိုးနှုန်းတွေ လျော့ကျသွားသင့်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
Source – Reuters