ဩဂုတ် ၂၀၊ ၂၀၂၆

The Kaladan Post

မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယား ထိပ်ဖူး ပမာဏ ၈၀ မှ ၁၂၀ အထိ ပိုင်ဆိုင်ထားကြောင်း တောင်ကိုရီးယားက ခန့်မှန်းထားပြီး ယင်းပမာဏမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားထားသည့် ၅၇ ခု ထက် ပိုမို များပြားနေကြောင်း ကြာသပတေးနေ့ (ဩဂုတ်လ ၂၀ ရက်) တွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂျူဘတ် (Ahn Gyu-back) က “ကျွန်တော်တို့ကတော့ အများအားဖြင့် ၈၀ ကနေ ၁၂၀ ဝန်းကျင်လို့ မြင်ပါတယ်၊ ဒါပေမဲ့ အတိအကျ အရေအတွက်ကို ပြောဖို့ကတော့ အတော်လေး အကန့်အသတ် ရှိပါတယ်” ဟု လွှတ်တော် ကော်မတီသို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ထရမ့်က မြောက်ကိုရီးယားတွင် နျူကလီးယား ထိပ်ဖူး ၅၇ ခု ရှိသည်ဟု ပြောကြားချက်နှင့် ပတ်သက်၍လည်း “ကိန်းဂဏန်းတွေ ပုံစံ ကွဲပြားနေပါတယ်” ဟု ဝန်ကြီးက ဆိုပါတယ်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယားအား နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် တရားဝင် အသိအမှတ်မပြုဘဲ “ဒါကို တရားဝင် အသိအမှတ် မပြုနိုင်ပါဘူး” ဟု ဝန်ကြီးက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် တောင်ကိုရီးယားအနေဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ်မည် မဟုတ်သလို အမေရိကန်၏ နျူကလီးယား ထီးရိပ်အောက်တွင်သာ ဆက်လက် မူတည်သွားမည် ဖြစ်ပါတယ်။

သမ္မတ ထရမ့်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နှင့် ပြန်လည် တွေ့ဆုံရန် ကြိုးပမ်းနေပြီး စစ်ရေးလေ့ကျင့်မှုများကို လျှော့ချပေးခဲ့ပါတယ်။ သို့သော် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျွန် (Kim Yo Jong) က စစ်ရေးလေ့ကျင့်မှု လျှော့ချခြင်းသည် ရန်စမှုသာ ဖြစ်သည်ဟု ပယ်ချခဲ့သော်လည်း ခေါင်းဆောင်နှစ်ဦးကြား ပုဂ္ဂိုလ်ရေး ဆက်ဆံရေးမှာ “အလွန်ကောင်းမွန်သည်” (excellent) ဟု ဆိုပါတယ်။

Source – Reuters