မတ် ၁၇
The Kaladan Post
ဟောမုဇ်ရေလက်ကြားအနီးမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ထိုင်းကုန်တင်သင်္ဘော Mayuree Naree ပေါ်က သင်္ဘောသား (၂၀) ဟာ မတ်လ (၁၆) ရက်နေ့က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို လေကြောင်းခရီးစဉ်နဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီကုန်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ မတ်လ (၁၁) ရက်နေ့က ပင်လယ်ကွေ့ဒေသတွင်း ရေပြင်မှာ ခုတ်မောင်းနေတုန်း အီရန်က ပစ်ခတ်လိုက်တဲ့ ဒရုန်း (ဒါမှမဟုတ်) ဒုံးကျည် နှစ်ချက်ထိမှန်ပြီး မီးလောင်ခဲ့တာပါ။ သင်္ဘောပေါ်မှာ အမှုထမ်း စုစုပေါင်း (၂၃) ဦး လိုက်ပါသွားခဲ့ပြီး အဲဒီအထဲက (၂၀) ဟာ အသက်ကယ်လှေတွေနဲ့ အသက်လု ထွက်ပြေးလွတ်မြောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျန်တဲ့ (၃) ဦးကတော့ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ပေါက်ကွဲမှုတွေ ဖြစ်တဲ့အချိန် အင်ဂျင်ခန်းထဲမှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က “Mayuree Naree သင်္ဘောအပြင် လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ နောက်ထပ် သင်္ဘောတစ်စီးကိုပါ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မျက်ကွယ်ပြုခဲ့တဲ့အတွက် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဘန်ကောက်ကို ပြန်ရောက်လာတဲ့ သင်္ဘောသား (၂၀) ကို လေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအရာရှိတွေက ခြံရံခေါ်ဆောင်သွားခဲ့ပြီး မီဒီယာတွေနဲ့ စကားပြောခွင့် မပေးခဲ့ပါဘူး။ သင်္ဘောပိုင်ရှင် Precious ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကတော့ “ပြန်ရောက်လာတဲ့ သင်္ဘောသားတွေကို ကျန်းမာရေး စစ်ဆေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးတာတွေကို အကောင်းဆုံး ကူညီထောက်ပံ့သွားပါမယ်” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရာတီ အန်ဒါမို က “သင်္ဘောပေါ်မှာ ပျောက်ဆုံးနေတဲ့သူ (၃) ဦးက တခြားနိုင်ငံ (၂) ခုက နိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့ကို ရှာတွေ့နိုင်ဖို့အတွက် အကူအညီတွေရရှိအောင် ထိုင်းအစိုးရအနေနဲ့ ကြိုးပမ်းနေပါတယ်” လို့ သုဝဏ္ဏဘူမိလေဆိပ်မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။
မီးလောင်နေတဲ့ သင်္ဘောကို စွန့်ခွာပြီး လွတ်မြောက်လာတဲ့ ထိုင်းသင်္ဘောသားတွေကို အိုမန်ရေတပ်က ကယ်ဆယ်ပေးခဲ့တာဖြစ်ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ စတင်ကတည်းက အီရန်ဟာ နိုင်ငံတောင်ပိုင်းက ဟောမုဇ်ရေလက်ကြားကို ပိတ်ချလိုက်ကြောင်း ကြေညာခဲ့ပြီး ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
ဒီ ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာတစ်ဝန်းကို တင်ပို့နေတဲ့ ရေနံစုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ အလွန်အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ အခုလို အီရန်က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့စွမ်းအင် ကုန်သွယ်ရေးဈေးကွက်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပြီး ကမ္ဘာတစ်လွှား လောင်စာဆီ ပြတ်တောက်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အများအပြား မြင့်တက်နေပါတယ်။
ကိုးကား/ဓာတ်ပုံ – AFP, AP