ဩဂုတ် ၁၈၊ ၂၀၂၆
The Kaladan Post
အနောက်ဘက်ကမ်းရှိ မိသားစုပိုင် အိမ်အား အစ္စရေး အခြေစိုက်သူများက တစ်ပတ်နီးပါး ဝိုင်းရံ ပိတ်ဆို့ထားသဖြင့် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်တွင် နေထိုင်သည့် ပါလက်စတိုင်းနွယ်ဖွား လူဝီ ရီဒီ (Loui Ridi) သည် တနင်္လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် အဆိုပါ နေအိမ်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ် ရီဒီသည် ဒီထရိုက်မြို့မှတစ်ဆင့် တဲလ်အဗစ်သို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး လေဆိပ်သို့ ရောက်ရှိစဉ် “ကျွန်တော် စောင့်ကြည့်နေတုန်း အိမ်အသိမ်းခံရတာမျိုး မဖြစ်စေချင်ပါဘူး” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ၎င်းသည် စစ်တပ်၏ လိုက်ပါစောင့်ရှောက်မှုဖြင့် ခူဆရာ (Qusra) ကျေးရွာရှိ နေအိမ်သို့ ဝင်ရောက်ကာ ခေါင်မိုးပေါ်တွင် အမေရိကန် အလံကို လွှင့်ထူခဲ့ပါတယ်။
အခြေစိုက်သူများက ရေနှင့် လျှပ်စစ်မီး ဖြတ်တောက်ထားသဖြင့် ရီဒီ၏ ညီဖြစ်သူ ကူဆေး (Qusay) နှင့် တူဖြစ်သူတို့မှာ ရေနှင့် မီးမရှိဘဲ နေအိမ်ကို စောင့်ရှောက်နေခဲ့ကြရတာ ဖြစ်ပါတယ်။ ခူဆရာကျေးရွာတွင် ရီဒီ၏ နေအိမ်အပါအဝင် ပါလက်စတိုင်း ၁၅ ဦးခန့်မှာ အခြေစိုက်သူများ၏ ပိတ်ဆို့မှုကြောင့် ရေနှင့် မီးမရှိဘဲ နေအိမ်များအတွင်း ပိတ်မိနေကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ၏ လက်ယာဝါဒီ အစိုးရအောက်တွင် အနောက်ဘက်ကမ်းရှိ ဂျူး အခြေစိုက်သူများ၏ အကြမ်းဖက်မှုများ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနှင့် နိုင်ငံအများစုက ယင်းသို့ နယ်မြေ တိုးချဲ့ အခြေစိုက်မှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားမဝင်ဟု သတ်မှတ်ထားသော်လည်း အစ္စရေးက ငြင်းဆန်ထားပါတယ်။
Source – Reuters