ဩဂုတ် ၁၈၊ ၂၀၂၆

The Kaladan Post

တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ညွှန်ကြားခဲ့ပြီးနောက် အမေရိကန်၏ သံတမန်ရေးအရ ချဉ်းကပ်မှုအပေါ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ထံမှ တုံ့ပြန်မှု ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော် ရုံးခန်းအတွင်း သတင်းထောက်တစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ တုံ့ပြန်မှု အဘယ်ကြောင့် မရရှိသေးသနည်းဟု မေးမြန်းခဲ့ရာ သမ္မတ ထရမ့်က “သူ တုံ့ပြန်ခဲ့ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

သမ္မတ ထရမ့်က “ကင်ဂျုံအွန်ဟာ ကျွန်တော့်ကို အမြဲတမ်း အလေးအနက် ရိုသေလေးစားမှုနဲ့ ဆက်ဆံခဲ့ပါတယ်” ဟု ပြောဆိုခဲ့ပြီး “ကျွန်တော် သူ့ကို နားလည်ပါတယ်၊ သူကလည်း ကျွန်တော့်ကို နားလည်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် ခေါင်းဆောင်နှစ်ဦး ထိပ်သီးအစည်းအဝေးများ ကျင်းပခဲ့ဖူးသော်လည်း နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲများမှာ လမ်းစပျောက်ခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်ရှိ စတီမဆင်ဗဟိုဌာနနှင့် CSIS မှ ကျွမ်းကျင်သူ ဗိတ္တာ ခြာ (Victor Cha) ကမူ မြောက်ကိုရီးယားဘက်မှ ချက်ချင်း တုံ့ပြန်မည် မဟုတ်ဘဲ “သူတို့ စောင့်ဆိုင်းကြည့်ရှုဦးမယ်လို့ ထင်ပါတယ်” ဟု သုံးသပ်ထားပါတယ်။ ဘရုကင်းစ် အင်စတီကျူးရှင်းမှ အန်ဒရူး ယို (Andrew Yeo) ကလည်း ခေါင်းဆောင် ကင်ဂျုံအွန်အနေဖြင့် အချိန်အခါကောင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု ဆိုပါတယ်။

Source – Reuters