ဩဂုတ် ၁၈၊ ၂၀၂၆

The Kaladan Post

မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံခဲ့ရသလို ဂျိုဟိုးပြည်နယ်တွင်လည်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ဦး ရန်ကုန်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရကြောင်း ဩဂုတ်လ ၁၇ ရက်နေ့တွင် သတင်းရရှိပါတယ်။

မလေးရှား ရေကြောင်းထိန်းသိမ်းရေးအဖွဲ့သည် ဩဂုတ်လ ၁၂ ရက်နှင့် ၁၄ ရက်နေ့များတွင် ကလန်တန်မြစ်အတွင်း မီးမှိတ်မောင်းနှင်လာသည့် အမြန်ရေယာဉ်များကို တားဆီး စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား ၈ ဦး အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

အလားတူ ဂျိုဟိုးပြည်နယ် ပီကန်းနားနပ်စ် (Pekan Nenas) ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် တရားမဝင် နိုင်ငံခြားသား ၁၁၃ ဦးကို နေရပ်ပြန်ပို့ခဲ့ရာ၌ မြန်မာနိုင်ငံသား ၁၀၀ ဦး ပါဝင်ခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသားများကို နာမည်ပျက်စာရင်း သွင်းထားပြီး မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အာဏာပိုင်များက ဆိုပါတယ်။