ဩဂုတ် ၁၈၊ ၂၀၂၆

The Kaladan Post

ဦးမင်းအောင်လှိုင်သည် ဧပြီလတွင် ရွေးတုသမ္မတရာထူး ရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ရောက်ရှိခဲ့ရာ မော်စကို လေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြပါတယ်။

ယခု ခရီးစဉ်သည် အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အပြီး ရွေးတုသမ္မတအဖြစ် သွားရောက်သည့် ပဉ္စမမြောက် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်သည် ယခင်က ရုရှားသို့ စစ်ကောင်စီခေါင်းဆောင်အဖြစ် လေးကြိမ် သွားရောက်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ် မတ်လ ခရီးစဉ်အတွင်း သမ္မတ ဗလာဒီမီယာ ပူတင် နှင့် မော်စကို၌ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ယခု ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ရွေးတုဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ အာကာသအေဂျင်စီ အကြီးအကဲတို့လည်း ပါဝင်သွားခဲ့ကြပါတယ်။ ရုရှားသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးသွားမည် ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနှင့် ရုရှားကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိပြီး ရုရှားက စစ်ရေးလေ့ကျင့်မှုများနှင့် ပညာသင်ဆုများ ပေးအပ်နေသလို မြန်မာနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ဖြစ်လာမည့်သူကို လေ့ကျင့်ပေးရန် ကူညီသွားမည်ဟုလည်း ထုတ်ပြန်ထားပါတယ်။

Source – Reuters