မတ် ၁၇

The Kaladan Post

အိန္ဒိယနိုင်ငံက ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနာ (၁၁) ဦး သေဆုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က နိုင်ငံအရှေ့ပိုင်း ဩရိသ (Odisha) ပြည်နယ်၊ ကတ်တက် (Cuttack) မြို့မှာရှိတဲ့ SCB ဆေးကောလိပ်ဆေးရုံမှာ မတ်လ (၁၆) ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။

ဩရိသပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာ ချာရန် မက်ဂျ်ဟီး က “အသက်အန္တရာယ် စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရ လူနာတွေကို ကုသပေးနေတဲ့ ဒီအထူးကြပ်မတ်ဆောင်မှာ ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ယူဆရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သေဆုံးသွားသူတွေ အားလုံးက လူနာတွေချည်းပဲဖြစ်ပြီး၊ သူတို့ကို ကူညီရွှေ့ပြောင်းပေးဖို့ ကြိုးစားခဲ့ကြတဲ့ အစိုးရဆေးရုံဝန်ထမ်းတချို့လည်း မီးလောင်ဒဏ်ရာတွေ ရသွားခဲ့ကြပါတယ်။ ကံကောင်းတာက လူနာတချို့ကိုတော့ တခြားအဆောင်တွေဆီ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ လောင်နေတဲ့မီးကို နာရီအနည်းငယ်အကြာမှာ ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ မှတ်သားစရာတစ်ခုကတော့ ဒီ SCB ဆေးရုံဟာ ဩရိသပြည်နယ်ရဲ့ အကြီးဆုံး အစိုးရဆေးရုံကြီးတစ်ခု ဖြစ်နေတာပါပဲ။

အိန္ဒိယနိုင်ငံမှာ ဝါယာရှော့ကြောင့် ဆေးရုံမီးလောင်တဲ့ သတင်းတွေကို မကြာခဏဆိုသလို ကြားနေရတတ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ရာဂျက်စသန်ပြည်နယ်က ဆေးရုံတစ်ရုံရဲ့ ICU ဆောင် မီးလောင်လို့ လူနာ (၆) ဦး သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် အစောပိုင်းတုန်းကလည်း ဂျာဟန်ဆီမြို့က ဆေးရုံတစ်ခုမှာ မွေးကင်းစကလေး ICU ဆောင် မီးလောင်ခဲ့လို့ ကလေးငယ် (၁၀) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါ ပြင်းထန်နေတဲ့ ၂၀၂၁ ခုနှစ်တုန်းကဆိုရင်လည်း ဗီရာမြို့ဆေးရုံမှာ မီးလောင်လို့ ကိုဗစ်လူနာ (၁၃) ဦး သေဆုံးခဲ့သလို၊ အဲဒီနှစ်မှာပဲ ဘန်ဒါရာမြို့က ဆေးရုံမှာ မွေးကင်းစကလေး (၁၀) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီမီးလောင်မှု ဖြစ်စဉ်တွေအားလုံးနီးပါးဟာ ဝါယာရှော့ဖြစ်ရာကနေ အစပြုခဲ့ကြတာပါ။

ဆေးရုံတွေရဲ့ ICU လို အထူးကြပ်မတ်ကုသဆောင်တွေမှာက အောက်ဆီဂျင် ပိုက်လိုင်းတွေနဲ့ လျှပ်စစ်စက်ပစ္စည်း အမြောက်အမြားကို တပ်ဆင်အသုံးပြုရတာဖြစ်လို့ မီးစလောင်တာနဲ့ တစ်ပြိုင်နက် လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့လေ့ရှိပါတယ်။ ဒါ့အပြင် အဲဒီအဆောင်က လူနာတွေဟာ ကိုယ့်ကိုယ်ကိုယ် အကူအညီပေးနိုင်စွမ်း၊ ပြေးလွှားနိုင်စွမ်းမရှိတဲ့ အခြေအနေမှာ ရှိနေကြတဲ့အတွက် အခုလိုမျိုး မီးလောင်မှုဖြစ်တိုင်း အသေအပျောက် ပိုများရတာဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား – BBC

ဓာတ်ပုံ – ANI, Reuters