ဇွန် ၂၀၊ ၂၀၂၆

The Kaladan Post

 

အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးဘက်က လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး သက်စွန့်ဆံဖျား ဖြစ်ခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး “အစ္စရေးရဲ့ စစ်လေယာဉ်တွေနဲ့ ဒရုန်းတွေဟာ သောကြာနေ့ ညပိုင်းကနေ စနေနေ့မနက်ပိုင်းအထိ နာဘာတီယက် (Nabatieh) ဒေသတဝိုက်ကို ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအဆောက်အအုံတွေနဲ့ နေအိမ်တွေ ပျက်စီးသွားခဲ့ရသလို၊ မိုးမလင်းခင် အချိန်မှာလည်း အစ္စရေးအမြောက်တပ်တွေက နာဘာတီယက်မြို့နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” လို့ [လက်ဘနွန် နိုင်ငံပိုင်သတင်းအေဂျင်စီ NNA] က ထုတ်ပြန်ထားပါတယ်။

တကယ်တော့ လက်ဘနွန်နိုင်ငံတွင်းမှာ နှစ်ဖက်ပဋိပက္ခတွေ အရှိန်အဟုန် မြင့်မားလာပြီးတဲ့နောက် သောကြာနေ့မှာပဲ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတာပါ။

အခုလို အပစ်အခတ်ရပ်စဲခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ “သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၃၀၀) အချိန်ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ဝင်ခဲ့တာ ဖြစ်ပါတယ်” လို့ အမေရိကန် အရာရှိတစ်ဦးက အတည်ပြု ပြောကြားထားပါတယ်။

အလားတူပဲ “ဒီအပစ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တယ်ဆိုတာကို အစ္စရေး ထိပ်တန်းအရာရှိတစ်ဦးနဲ့ ဟစ်ဇ်ဘိုလာ သတင်းရင်းမြစ် နှစ်ခုကလည်း ရိုက်တာ (Reuters) သတင်းဌာနကို အတည်ပြု ပြောကြားထားပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ပြီး မကြာခင်မှာပဲ အစ္စရေးဘက်က အခုလို အပြင်းအထန် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ငြိမ်းချမ်းရေး အလားအလာဟာ ဆက်လက် မရေမရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။