ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်တပ်တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၄ ဦးသေဆုံး

မတ် ၆
The Kaladan Post
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသော စစ်တပ်ကို မတ်လ ၄ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကာ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၁ နှင့် တပ်ရင်း ၃ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ရဲဘော် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း တာဝန်ရှိသူက ပြောဆို သည်။ စစ်တပ်ဘက်တွင် အင်အား ၆၀ ခန့်ရှိပြီး မျက်မြင်အချက်အလက်အရ သေဆုံးမှု အတည်ပြုနိုင် ကြောင်း ဆိုသည်။ မတ်လ ၅ ရက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် စစ်တပ်ဘက်က ဒရုန်း ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။


ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်း မိုင်း ၄ လုံးဖြင့် ဖောက်ခွဲခံရ ၁စီး ပျက်စီး

မတ် ၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ကောင်စီ သံပြားကာ ယာဉ်တန်း (စုစုပေါင်း အစီးရေ ၅၈ စီး ခန့်) ကို မတ်လ ၅ ရက်၊ ၂၀၂၆ ည ၇ နာရီခန့်က တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Area71LPDF Monywa တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ပြောဆိုသည်။ ယင်းယာဉ်တန်း တွင် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီသို့ ပို့ဆောင်မည့် အက်ဆစ်တင် တွဲကားများနှင့် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) သို့ ခဲယမ်းရိက္ခာ သယ်ဆောင်လာသော ၁၂ ဘီးကားများ ပါဝင်ခဲ့ပြီး လုံခြုံရေး သံပြားကာ ကားများ လိုက်ပါလာသည့် ကားများဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း ယာဉ်တန်း၏ စတုတ္ထ ကားတစ်စီး ထိမှန်ခဲ့ပြီး ခေတ္တရပ်တန့်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် လမ်းပိုင်း လုံခြုံရေး ကင်းများမှ Point 5 လက်နက်ကြီး (၄၀ မီလီမီတာ) နှင့် လက်နက်ငယ်များဖြင့် တလစပ် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို Area71LPDF Monywa (မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းတပ်ဖွဲ့)၊ တောကျွဲကြီး ပြောက်ကြားတပ်ဖွဲ့ နှင့် Golden Peacock Attack Force အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှု အတိအကျကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

 


MNDAA စစ်သင်တန်းဖွင့်ပွဲတွင် စစ်ရေးပြင်ဆင်မှုများ အလွန်ကြီးမားဟု ဗိုလ်မှူးကြီး လုဇူမောက် ပြော

မတ် ၆
The Kaladan Post
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ(၃၁၁) လက်အောက်ခံ တပ်ရင်းတစ်ခုအတွက် စစ်သင်တန်း ဖွင့်ပွဲကို မတ်လ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း MNDAA ထုတ်ပြန်သည်။ ၎င်း သင်တန်းဖွင့်ပွဲတွင် တပ်မဟာ(၃၁၁) တပ်မဟာမှူး ဗိုလ်မှူးကြီး လုဇူမောက်က လက်ရှိ အခြေအနေများသည် စိန်ခေါ်မှုများနှင့် စွန့်စားရမှုများ ရောယှက်နေပြီး စစ်ရေးလေ့ကျင့်မှုနှင့် ပြင်ဆင်မှု တာဝန်များ အလွန်ကြီးမားကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ဤသင်တန်းကို တပ်ဖွဲ့ဝင်များ၏ လက်တွေ့စစ်မြေပြင် စွမ်းဆောင်ရည်နှင့် စစ်သည်တော်အရည် အသွေးများ စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး ဗဟိုမှ အလှည့်ကျ သင်တန်း ပို့ချမှုတစ်ခုအဖြစ် ဆောင်ရွက်ထားကြောင်း သိရသည်။ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တောင်းကျန်းချီ ကလည်း ရှုပ်ထွေးပြင်းထန်သော လက်ရှိအခြေအနေအောက်တွင် စစ်သည်တော်အရည်အသွေး မြှင့်တင်ရေး အရေးကြီးကြောင်း၊ နိုင်ငံရေးအမြင် မြင့်မားရေး၊ သစ္စာရှိမှု ခိုင်မာရေးနှင့် ပါတီ၏ အကြွင်းမဲ့ ဦးဆောင်မှုကို ကိုင်စွဲကာ သစ္စာရှိ၊ စင်ကြယ်ပြီး ယုံကြည်စိတ်ချရသူများ ဖြစ်လာရေး အလေးပေး ပြောကြားခဲ့သည်။ ဤသင်တန်းသည် တပ်ဖွဲ့၏ မစ်ရှင်အမျိုးမျိုး ဆောင်ရွက်နိုင်စွမ်း ဘက်စုံ ပျိုးထောင်ရန်နှင့် အရေးပေါ်အခြေအနေများအတွက် ခိုင်မာသော အခြေခံ ချမှတ်ပေးရန် မဟာဗျူဟာမြောက် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း တပ်မဟာမှူးက ရှင်းလင်းခဲ့သည်။ လက်ရှိတွင် MNDAA သည် စစ်ကောင်စီနှင့် အပစ်ရပ်စဲထားသော်လည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် မဟာမိတ် TNLA နှင့် အုပ်ချုပ်ရေး ဆိုင်ရာ အကြောင်းပြချက်များဖြင့် တင်းမာမှုများ ရှိနေဆဲ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကာ နှစ်ဖက်အကြား ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရသေးဘဲ စစ်ဆင်ရေး ပြင်ဆင်မှုများ၊ အပြန်အလှန် ဖမ်းဆီးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဖလမ်းမြို့နယ် တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့ဘက်မှ CDF ဇိုဖေ ရဲဘော်တစ်ဦး ကျဆုံး

မတ် ၆
The Kaladan Post
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (CDF ဇိုဖေ) တပ်ရင်း(၁) မှ ခုခံတိုက်ခိုက်ရာ မတ်လ ၅ ရက်နေ့ တိုက်ပွဲ အတွင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်သည်။ ကျဆုံးသူမှာ အသက် ၂၁ နှစ် အရွယ် ရဲဘော် ဆလိုင်းခွာလျန်မာန် ဖြစ်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ရ ခြင်း ဖြစ်ကြောင်း သိရသည်။ ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် ပေးဆပ်မှုများအပေါ် အထူး လေးစားဂုဏ်ပြုကြောင်း၊ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်း CDF ဇိုဖေက မှတ်တမ်းတင် အသိပေးထားသည်။ ဖလမ်းမြို့ အပါအဝင် ချင်းပြည်နယ်မြောက်ပိုင်း ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး စစ်ကောင်စီသည် ၂၀၂၅ နှစ်ကုန်ပိုင်းမှ စတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ရာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်များ စုပေါင်း ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။

နိုင်ငံတကာ နှင့် UN က မွတ်ဆလင် အရေးကိုသာ အာရုံစိုက်ပြီး ဌာနေတိုင်းရင်းသားများကို လျစ်လျူရှုဟု HDCO ပြော

မတ် ၆
The Kaladan Post
ကုလသမဂ္ဂ (UN) နှင့် နိုင်ငံ တကာ ဆွေးနွေးပွဲများတွင် ရခိုင်ပြည်ရှိ မွတ်ဆလင်မဟုတ်သော ဌာနေ တိုင်းရင်းသားများ၏ ဒုက္ခများကို လျစ်လျူရှုနေကြသည်ဟု အာရက္ခတပ်တော် AA ၏ လူသားချင်း စာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ရုံး (HDCO) က မတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မွတ်ဆလင် (ရိုဟင်ဂျာ) အရေးကိုသာ အဓိက အာရုံစိုက်ပြီး ရခိုင်၊ မြို၊ သက်၊ ခူမီး၊ ဒိုင်းနက်၊ ဟိန္ဒူ နှင့် မရမာကြီး စသည့် မွတ်ဆလင်မဟုတ် သော ဌာနေတိုင်း ရင်းသားများကို နေရပ်စွန့်ခွာ၊ ခြိမ်းခြောက်ခံရ၊ မလုံခြုံမှု နှင့် စီးပွားရေး ပျက်စီးမှုများ ခံစားနေရသည်ကို လုံးဝ လျစ်လျူရှုနေကြောင်း HDCO က ပြောဆိုသည်။ ARSA၊ RSO၊ ARA အကြမ်းဖက်အဖွဲ့များကြောင့် ၂၀၂၃ နိုဝင်ဘာမှ ၂၀၂၆ ဇန်နဝါရီအထိ ရခိုင်မြောက်ပိုင်းတွင် အရပ်သား ၁၆၂ ဦး သေဆုံး၊ ၂၂ ဦး ဒဏ်ရာ ရရှိ၊ ၃၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများအနက် ၁၅ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်သူများမှာ အသက်အန္တရာယ် စိုးရိမ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်း ထုတ်ပြန်ချက်တွင် ၂၀၂၅ မတ်လက ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံရသော ARSA ခေါင်းဆောင်ဟောင်း Ata Ullah က ရခိုင်လူမျိုးများကို ဖယ်ရှားရန် နှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လှုံ့ဆော်ခဲ့သည့် အချက်ကိုလည်း ဖော်ပြထား သည်။ ဤအဖွဲ့များသည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် ဒေသများတွင် နေ့စဉ် ဖမ်းဆီး၊ ငွေညှစ် ခိုက်တိုက်နေပြီး AA တပ်စခန်းများကိုလည်း ဘင်္ဂလားဒေ့ရှ်မှ တိုက်ခိုက်နေကြောင်း ဖော်ပြ သည်။ တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၃ နိုဝင်ဘာမှ ၂၀၂၅ စက်တင်ဘာအထိ အရပ်သား ၁၉၅ ဦး သတ်ဖြတ်ခဲ့ပြီး ၂၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။ ရှုပ်ထွေးသော အကြမ်းဖက်မှုပုံစံများကို မျှတစွာ သုံးသပ်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကို အရေးတကြီးအာရုံ စိုက်၍ တာဝန်ခံမှု မြှင့်တင်ရန်နှင့် ထိခိုက်ခံရသူ အားလုံးအတွက် ကာကွယ်မှု သေချာစေရန် HDCO က တောင်းဆိုထားသည်။

ဗန်းမော်တွင် KIA ပစ်ခတ်မှုကြောင့် စစ်တပ် ရဟတ်ယာဉ် ဆီကန်ပေါက်ပြီး အရေးပေါ် ဆင်းသက်

မတ် ၆
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တိုက်ပွဲအတွင်း ဒရုန်းထိမှန်ဒဏ်ရာရရှိထားသော စစ်တပ် ဗိုလ်မှူး ၁ ဦးကို လာရောက်သယ်ဆောင်လာသော Mi-17 ရဟတ်ယာဉ် ၁ စီးကို KIA ပူးပေါင်းတပ်များ က မတ်လ ၆ ရက် နေ့လည်ပိုင်း (မွန်းလွဲ ၁:၃၀ ဝန်းကျင်) တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆီကန်ထိမှန်ပြီး မီးခိုးထွက်ကာ ရွှေကူမြို့ပြင်တွင် အရေးပေါ် ဆင်းသက်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ရဟတ်ယာဉ်သည် ရွှေကူမြို့ ခလရ (၅၆) တပ်ရင်းထဲ ဆင်းရန် ကြိုးပမ်းခဲ့သော်လည်း မရောက်မီ မြို့ အပြင်ဘက်တွင် ဒယိမ်းဒယိုင် ဆင်းသက်ခဲ့ရပြီး လက်ရှိ ရွှေကူတွင် Y-12 လေယာဉ်ဖြင့် ကာကွယ်နေ ကြောင်း သိရသည်။ KIA သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေလ ဗန်းမော်တိုက်ပွဲတွင် ရဟတ်ယာဉ် ၃ စီးအနက် ၂ စီး ထိမှန်ခဲ့ကာ ၁ စီး ပျက်ကျ၊ အခြား ၁ စီး အရေးပေါ်ဆင်းသက်ပြီး နောက်ထပ် ဖျက်ဆီးခဲ့သည့် အပြင် ၂၀၂၄ ဇန်နဝါရီတွင် ဝိုင်းမော်မြို့နယ်နှင့် ရှမ်းမြောက် နမ့်ဖတ်ကာ တိုက်ပွဲများတွင်လည်း ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များ ပစ်ချနိုင်ခဲ့ကြောင်း ယခင်သတင်းများအရ သိရသည်။

မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရမှုအပေါ် မွတ်ဆလင်အတိုင်ပင်ခံကော်မတီ ပြင်းထန်ရှုတ်ချ

မတ် ၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်း (၂၀) တွင် မွတ်ဆလင်ဘာသာဝင် အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံခဲ့ရကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီက ထုတ်ပြန်သည်။ ထိုလုပ်ရပ်သည် စည်းကမ်းချိုး ဖောက်မှုဖြစ်သည့်အတွက် တပ်ဖွဲ့စည်းမျဉ်း ဥပဒေအရ ပြစ်ဒဏ်ချမှတ်ရန် လိုအပ်ပြီး ခွင့်လွှတ်၍ မရနိုင်သော ကိစ္စဟု ကော်မတီက ပြောဆိုသည်။ တပ်ဖွဲ့အတွင်း လူမျိုးရေး ခွဲခြားမှုများသည် ဖက်ဆစ်လုပ်ရပ်ဖြစ်ကာ လုံးဝ ခွင့်မလွှတ်နိုင်ကြောင်း ကျူးလွန်သူများအား တာဝန်မှ ရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေး၍ အရေးယူရန် ကော်မတီက တောင်းဆိုထားသည်။ ထိုအပြင် ကျူးလွန်ခံရသူ၊ ကလေးငယ်များနှင့် မိသားစုဝင်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံမှု အာမခံချက်ရှိစေပြီး ရန်သူနှင့် တူညီသော စရိုက်လက္ခဏာများကို ရှောင်ရှားနိုင်‌ရေး ဥပဒေ ပြဋ္ဌာန်းရန် တောင်းဆိုထားသည်။ ယခုလို ရာဇဝတ်မှုများကို စံနမူနာတကျ ပြင်းထန်စွာ အရေးယူရန်၊ လူ့အခွင့်အရေး နှင့် အမျိုးသမီးအရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ဆန့်ကျင်ပေးရန်လည်း တိုက်တွန်းထားသည်။ တော်လှန်ရေး လမ်းခရီးတွင် အတူ ရုန်းကန်နေရသူချင်း အချင်းချင်း လေးစားမှု ရှိရန်နှင့် ကော်မတီအနေဖြင့်လည်း တော်လှန်ရေး တာဝန်များကို နောက်ကျောလုံလုံ၊ ရဲဘော်ရဲဘက်ပီသစွာ ထမ်းဆောင်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 


သပိတ်ကျင်းမြို့နယ် မင်းကုန်းအနီး စစ်ရှောင်ပြည်သူ ၂ ဦး စစ်တပ်ဒရုန်း ဗုံးကြဲမှုကြောင့် သေဆုံး

မတ် ၆
The Kaladan Post
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် မင်းကုန်းရွာအနီး စစ်ဘေးရှောင်နေသော ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။မတ်လ ၅ ရက် မနေ့က ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုတွင် ရွာပြင်ဘက် လယ်ကွင်း၊ တောင်ကုန်းများဘက်သို့ ရှောင်တိမ်းနေကြရသည့် စစ်ရှောင်ပြည်သူများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံး သူနှစ်ဦးမှာ မင်းကုန်းရွာမှ ပြည်သူများဖြစ်ကြသည်။ စစ်တပ်သည် တကောင်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ရန် လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလျက်ရှိပြီး လက်ရှိ လက်ပန်ကုန်းရွာများကို ကျော်လွန်၍ တကောင်းလမ်းစုံနှင့် (၉) မိုင်အကွာအထိ ရောက်ရှိနေပြီဟု သတင်းရင်းမြစ်က ပြောဆိုသည်။ တကောင်းမြို့ကို ၂၀၂၄ ဩဂုတ်လက တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်တပ်တပ်မ ၅၅ က ထိုးစစ်ဆင်နေပြီး မန္တလေးတိုင်းကွပ်ကဲရေးမှ ကွပ်ကဲထားသော ခရိုင်တပ်ရင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့ကို ကာကွယ်ထားရာ နှစ်ဖက် အထိအခိုက်များပြား နေကြောင်း သိရသည်။

လယ်ဒိုနှင့် မူးမြို့နယ်များတွင် စစ်တပ် လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲမှုကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရ

မတ် ၆
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ များကို ပစ်မှတ်ထား၍ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ နောက်ထပ် ၁ ဦး ထိခိုက်ကာ စုစုပေါင်း အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြေင်း ကေအဲန်ယူက ထုတ်ပြန်သည်။ မူးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က နတ်လောင်းလေး ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဦးစိုးသိန်း (၅၃ နှစ်) နှင့် မဖြူ (၄၅ နှစ်) တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ ဦးငြိမ်းချမ်းဦး (၃၃ နှစ်) လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လယ်ဒိုမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အင်းပရိ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုက်ထိုက် အောင် (၃၃ နှစ်) နှင့် ခက်ခက်နိုင် (၄၆ နှစ်) တို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူက ပြောဆိုသည်။ ယခုလို စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်မှုများနှင့် မိုင်းထောင်မှုများကြောင့် ကရင် ဒေသအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိနေဆဲ ဖြစ်ပြီး စစ်ပွဲအခြေအနေ ဆက်လက် တင်းမာနေကြောင်း ဒေသခံရင်းမြစ်များက ဆိုသည်။

တမူးခရိုင် အမှတ် (၂) တပ်ရင်း ထောက်ပို့ကားတစ်စီး လက်ခံရရှိ

မတ် ၆
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲရေးအဖွဲ့က ခရိုင်အမှတ် (၂) တပ်ရင်းအတွက် ထောက်ပို့ယာဉ်အဖြစ် အသုံးပြုနိုင်ရန် ကားတစ်စီး ထောက်ပံ့ကူညီပေးခဲ့ကြောင်း တမူးခရိုင် အမှတ် (၂) တပ်ရင်းက မတ်လ ၅ ရက်နေ့ ထုတ်ပြန်သည်။ တပ်ရင်းရဲဘော်များ လိုအပ်ချက် များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းနိုင်ရန် ထောက်ပို့ကားတစ်စီး ကူညီပေးခဲ့သည့်အတွက် တမူးခရိုင် ကွပ်ကဲရေးအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။ ထို့အပြင် တပ်ရင်းအနေဖြင့် ပြည်သူလူထု ယုံကြည်အားကိုးထိုက်သော ပြည်သူ့စစ်သားများ ဖြစ်လာရေး ကြိုးပမ်းသွားမည်ဟု သစ္စာပြုထားပြီး တိုက်ခိုက်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များ မြှင့်တင်ကာ တော်လှန်ရေးပန်းတိုင် မရောက်မချင်း စည်းစည်းညီညီ ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။